သတင်း

ပျောက်ဆုံးနေသည့် ဒိုင်းနက် ၃ ဦး အလောင်းသာပြန်တွေ့

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာမှ ပျောက်ဆုံးနေသည့် ဒိုင်းနက် တိုင်းရင်းသား ၃ ဦးကို ရုပ်အလောင်းသာ ပြန်တွေ့ခဲ့ရကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ဒိုင်းနက် ၃ ဦးမှာ ဂဏန်းရှာဟု ဆိုကာ ထွက်သွားရာမှ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် သတ်ဖြတ်ခံရပြီး မြေကျင်း တခုအတွင်း မြုှပ်နှံထားသော ရုပ်အလောင်းများကိုသာ ပြန်တွေ့ခဲ့ခြင်း ဖြစ်ကြောင်း သင်္ဘောလှ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်စိန်ထွန်း က ပြောသည်။

ဦးမောင်စိန်ထွန်း က “သူတို့က ဂဏန်းထောင်ဖို့ သွားတာကနေ အိမ်ပြန်ရောက်မလာဘူး။ မနေ့က ကျနော်တို့ ရွာသားတွေ  စုပေါင်းပြီး လိုက်ရှာကြတော့  ကွမ်းသီး ပင်ရွာနား က ချုံတောတခုထဲမှာ မြေစာပုံတခုတွေ့တယ်။  အဲဒီမြေစာပုံကို ဖော်ကြည့် တဲ့အခါ  အလောင်းတွေကို တွေ့တာ” ဟု ဧရာဝတီသို့ ပြောသည်။

ယင်းသို့ အလောင်းများတွေ့ရှိကြောင်းကို  ကျေးရွာသားများက သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းထံ သတင်းပို့ပြီး အလောင်းများကို မောင်တော မြို့နယ် တရားသူကြီးနှင့် မှုခင်းဆရာဝန်တို့ က လာရောက် စစ်ဆေးကာ ဖော်ယူခဲ့ ကြောင်းလည်း သိရသည်။

ရုပ်အလောင်းများ ဖော်ယူရာတွင် လုပ်ထုံး၊ လုပ်နည်းနှင့်အညီ သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပါဝင်ကြောင်း၊ ရုပ်အလောင်းများတွင်လည်း ဓားဒဏ်ရာများ တွေ့ရှိရကြောင်း မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ပြောသည်။

ဦးမြင့်ခိုင် က “အလောင်းကို ဖော်ယူတဲ့ အခါ လည်လှီး သတ်ဖြတ်တဲ့ ဒဏ်ရာတွေနဲ့  ဆိုတော့ ကျနော်တို့ မမြင်ပေမဲ့ ဖြစ်နိုင်ချေ များတာက  အာဆာ အကြမ်းဖက်အဖွဲ့ဖြစ်ဖို့ များ ပါတယ်။ ဒါမှမဟုတ်ရင်လည်း အဲဒီအနီးမှာ လှုပ်ရှားနေတဲ့ နွားခိုးတဲ့ ဘင်္ဂါလီအဖွဲ့က သတ်ဖြတ်တာ ဖြစ်နိုင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

သတ်ဖြတ်ခံရ၍ သေဆုံးသွားသူများမှာ  ဦးလှထွန်းမောင် (၄၀) နှစ် ၊ ဦးချစ်ထွန်း (၃၀) နှစ် ၊ ကိုမောင်ထွန်းစိန် (၂၉) နှစ်တို့ ဖြစ်ပြီး ယင်းတို့၏ ရုပ်အလောင်းများ ယမန့်နေ့ ညနေပိုင်းတွင် သင်္ဘောလှကျေးရွာ သုသန်၌ သဂြိုလ်လိုက်ကြောင်း သိရသည်။

ထိုသို့ မောင်တောမြို့နယ်အတွင်း တိုင်းရင်းသားများ မကြာခဏ သတ်ဖြတ်ခံနေရခြင်းသည်   တရားဥပဒေ စိုးမိုးမှုနှင့် လုံခြုံမှု မရှိသည်ကို မီးမောင်းထိုးပြနေပြီး  အစိုးရ အကြီးအကဲများ အနေဖြင့် ဌာနေတိုင်းရင်းသားများအတွက် မစဉ်းစားဘဲ ပစ်ပယ်ထား သလို ဖြစ်နေသည်ဟု သုံးသပ်မိကြောင်း ရခိုင်အမျိုးသား ပါတီမှ မောင်တောမြို့နယ် ဥက္ကဋ္ဌ ဦးခင်မောင်သန်း က ပြောသည်။

ဦးခင်မောင်သန်း က “လူကြီးတွေက မောင်တောမြို့နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေအရေးကို သိပ်ပြီးတော့ စိတ်ဝင်စားပုံ မပေါက်ဘူး။ တရားဥပဒေ စိုးမိုးမှုကလည်းမရှိဘူး။  ဖြစ်ချင်တာဖြစ် သေချင်တာသေ။  တကယ်ကျူးလွန်တဲ့ လူတွေကိုလည်း တခါမှ ဖမ်းမိတာမရှိဘူး။ ဒီအတိုင်း ပြစ်မယ်ထားတယ်လို့ပဲ မြင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့ ညနေပိုင်းကလည်း မောင်တောမြို့နယ် မြောက်ပိုင်း အောင်ဇံ ကျေးရွာနေတွင်နေထိုင်သည် အသက် ၁၄ နှစ်အရွယ်   မောင်ကာလာယာ (ခ) လှိုင်မင်းအောင်မှာ  ခမောင်း ဆိပ်ကျေးရွာမှနေ ၎င်းနေထိုင်သည့် အောင်ဇံရွာသို့ အပြန် တွင်  လမ်းတွင် သတ်ဖြတ်ခံရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading