သတင်း

အလုပ်သမား အခွင့်အရေး ရရှိရန် အစိုးရကို မန္တလေးတွင် ဆန္ဒပြ

Want create site? Find Free WordPress Themes and plugins.

အလုပ်သမားနှင့် သက်ဆိုင်သည့် ဥပဒေများပြင်ဆင်သည့်အခါ အလုပ်သမားများ၏ ဆန္ဒသဘောထားများ ပါဝင်ရေးနှင့် အလုပ်သမား အခွင့် အရေးများ အပြည့်အ၀ ရရှိရေးအတွက် မန္တလေးမြို့ပေါ်တွင် အလုပ်သမားအရေး ဆောင်ရွက်သူများနှင့် အလုပ်သမားများ က ပူးပေါင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ် (MICS) နှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) ပူးပေါင်း၍ အလုပ်သမားအင်အား ၅၀၀ ကျော်ခန့်ဖြင့် ဖေဖော်ဝါရီ ၁၇ ရက်နေ့က လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒပြပွဲဦးဆောင်သူ ကိုနေလင်းအောင် က “အခုဆိုဆိုရင် လွှတ်တော်မှာ အလုပ်သမားအဖွဲ့အစည်း ဥပဒေပြင်ဆင်နေတာတွေ၊ နည်းဥပဒေ ထွက်လာတာတွေနဲ့ ပက်သက်ပြီးတော့ အလုပ်သမားတွေ အတွက် မမျှတတာတွေ ပါနေတယ်၊ ၂၀၁၈ ခုနှစ်အတွင်းမှာလည်း အလုပ်သမား ခေါင်းဆောင်တွေ၊ အလုပ်သမား သမဂ္ဂအဖွဲ့ဝင်တွေ အလုပ်ထုတ်ခံရတဲ့နှုန်းက အရမ်းမြင့်တက် လာတယ်၊ နောက်ပြီးတော့ လက်ရှိ အလုပ်သမား ဥပဒေပါ အခွင့်အရေးကို တောင်းဆိုရင်တောင် အလုပ်ထုတ်ခံရတာတွေ ရှိလာတယ်၊ ဒါတွေကြောင့် ဥပဒေရဲ့ အကာအကွယ် မရတာ တော်တော်လေးနှုန်းမြင့်လာတာတွေကြောင့် အခုလို ဆန္ဒဖော်ထုတ်ပွဲပြုလုပ်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဆန္ဒပြရာတွင် အလုပ်သမားတရားရုံးများ ပေါ်ပေါက်ရေး၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းရေး၊ နိုင်ငံ့ဝန်ထမ်းများအား အ လုပ်သမားအငြင်းပွာမှု ဥပဒေတွင် ထည့်သွင်းရေး၊ ဆောက်လုပ်ရေး အလုပ်သမားများအား ကန့်သတ်သည့် ညွှန်ကြား ချက်များ ဖျက်သိမ်းရေး၊ အထူးစီးပွားရေးဇုန် လုပ်သားများ ဥပဒေအကာအကွယ်ရရှိရေး၊ အလုပ်သမားဥပဒေများကို ILO စံနှုန်းနှင့်အညီ ပြင်ဆင်ရေး၊ ILO ပြဌာန်းချက် ၉၈ အား အစိုးရမှ လက်မှတ် ရေးထိုးပေးရေး၊ မန္တလေးတိုင်းအတွင်း အလုပ်သမားဝန်ကြီး ခန့်အပ်ပေးရေး၊ တရားဥပဒေစိုးမိုးရေး စသည့် ကြွေးကြော်သံများဖြင့် လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။

ယင်းသို့ဆန္ဒ ထုတ်ဖော်ရာတွင် ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုမြို့သစ်၊ အေးသုခလမ်းရှိ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ်ရုံးမှ မဟာအောင်မြေမြို့နယ် ၆၁ လမ်းနှင့် ၆၂ လမ်းကြား၊ ၄၂ လမ်းအထိ လမ်းလျှောက် ချီတက်ခဲ့ကြသည်။

MICS မှ ကိုသက်နှင်းအောင် က “အခုလက်ရှိ NLD အစိုးရလက်ထက်မှာ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေ အလုပ်ထုတ်ခံရတဲ့ နှုန်းက အင်မတန်မှ မြင့်တက်လာပါတယ်၊ ဒါတွေကိုလည်း ပြေလည်အောင် ဖြေရှင်းပေးနိုင်တာမျိုးမရှိပါဘူး၊ အဲဒါကြောင့် ဥပဒေတွေကို ပြင်ဆင်တဲ့ အခါမှာ ကျနော်တို့ရဲ့ အသံတွေကို နားထောင်ပေးဖို့နဲ့ အလုပ်သမားတွေ အကြောင်းပြချက်မဲ့ အလုပ်ထုတ်ခံနေရတာတွေကို အကာ အကွယ် ပေးဖို့အတွက် ဆန္ဒဖော်ထုတ်ပွဲကို လုပ်ရတာပါ” ဟု ပြောသည်။

နိုင်ငံအတွင်းဖြစ်ပေါ်နေသော အလုပ်သမားအရေး ကိစ္စရပ်များနှင့် ပက်သက်၍ လက်ရှိအစိုးရနှင့် လွှတ်တော်များက အရေးယူ ဆောင်ရွက်ပေးခြင်း အားနည်းမှုများနှင့် အတူ အလုပ်သမား ဥပဒေများကို ပြင်ဆင် ပြောင်းလဲခြင်းများတွင် အလုပ်သမားအဖွဲ့ချုပ်များ၏ အသံများကိုလည်း လျစ်လျူရှုမှု ခံနေရသည်ဟုဆိုသည်။

လက်ရှိဥပဒေအရ လွပ်လတ်စွာ သင်းပင်းဖွဲ့စည်းခွင့်တွင်လည်း ဥပဒေအရ တရားဝင်ခွင့်ပြုပေးနေသော်လည်း အဆိုပါအဖွဲ့ အစည်းများနှင့် အလုပ်သမားများကို အကာအကွယ်ပေးနိုင်ခြင်းမရှိဟု ဆိုသည်။

ကိုသက်နှင်းအောင် က “ပထမတချက်က ခွင့်ရက်နှင့် အလုပ်ပိတ်ရက်ဥပဒေပေါ့၊ အဲဒီဥပဒေပြဌာန်းတဲ့အခါမှာ ကျနော်တို့ အလုပ်သမား အဖွဲ့ချုပ်များ ရဲ့သဘောထား မပါဝင်ခဲ့ပါဘူး၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူလွှတ်တော်မှာ ဆွေးနွေးနေတဲ့ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေမှာလည်း ကျနော်တို့ အလုပ်သမားအဖွဲ့ချုပ်တွေက အကြံပြုချက်တွေ ပါရှိမလာတာကို တွေ့ရတယ်၊ နောက်တခုက အလုပ်သမား ဝန်ကြီးဌာနက ရေးဆွဲနေတဲ့ အလုပ်သမားအဖွဲ့ အစည်းဥပဒေမှာ ဆိုရင်လည်း ကျနော် တို့ အလုပ်သမား သမဂ္ဂတွေရဲ့ တည်ရှိမှုကိုပါ စိန်ခေါ်လာတဲ့ အချက်တွေ အများကြီး ပါလာသလို လွတ်လပ်စွာ သင်းပင်း ဖွဲ့စည်းခွင့်ကို ချိုးဖောက် လာတဲ့အချက်တွေ ပါနေတယ်” ဟု ထောက်ပြသည်။

ယခုအခါ အလုပ်သမားရေးရာ ဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ (မူကြမ်း)နှင့် အလုပ်သမားအဖွဲ့အ စည်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ (မူကြမ်း)များကို အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်များတွင် ဆွေးနွေးနေလျက်ရှိရာ အလုပ်သမားများ၏ အသံများပါဝင်စေရး၊ နိုင်ငံ့ဝန်ထမ်းများအား အလုပ်သမား အငြင်းပွာမှု ဥပဒေတွင် ထည့်သွင်းရေးနှင့် ထိရောက်သော ပြစ်ဒဏ်များ ထည့်သွင်းပေးရေးများကို အလုပ်သမားများက တောင်းဆိုထားကြောင်း သိရသည်။

ယခုဆန္ဒပြပွဲကို ၃ ပွင့်ဆိုင်ဆွေးနွေးမှုများအရ ၂ ကြိမ်တိုင်တိုင် ရပ်ဆိုင်းပေးထားပြီး အလုပ်ရှင်အလုပ်သမား အငြင်း ပွားမှုဖြစ်ပွားလာလျှင် သက်ဆိုင်ရာ တရားရုံးသို့ စေလွှတ်နေခြင်းများသည် အလုပ်သမားများ အနေဖြင့် အမှုရင်ဆိုင်နိုင်ရန် အခက်အခဲများစွာ ရှိနေခြင်းကြောင့် အလုပ်သမား တရားရုံးပေါ်ပေါက်ရန်လိုအပ်သည်ဟု ဆိုသည်။

MICS မှ မပိုပိုက “လက်ရှိမှာ အလုပ်သမားအရေးက ရန်ကုန်မှာ အဖြစ်အများဆုံးပဲ၊ အဓိက သမဂ္ဂခေါင်းဆောင်တွေကို အလုပ်ထုတ်နေတာ တော်တော်ဆိုးနေပါတယ်၊ ဥပဒေနဲ့ အလုပ်ထုတ်နေကြတယ်၊ သမဂ္ဂဖွဲ့စည်းပြီဆိုတာနဲ့ ပြစ်ချက် တစုံတရာမရှိဘဲနဲ့ လုပ်ငန်း ရှင်ဘက်ကနေ အမျိုးမျိုး အကြောင်းပြချက် ပေးပြီးတော့ကို ဥပဒေမဲ့ အလုပ်ထုတ်နေတာပါ၊ အခုလက်ရှိမှာ ကျမတို့စက်ရုံ ကနေ သမဂ္ဂခေါင်းဆောင်တွေကို ဥပဒေမဲ့ အလုပ်ထုတ်တာ ၁၂ ယောက်ရှိသွားပါပြီ၊ အဲဒါကို ညှိနှိုင်းဖျန်ဖြေရေးရုံးကို တက် တဲ့အခါမှာလည်း အလုပ်ရှင်ဘက်ကနေ ဘက်လိုက် ဖြေရှင်းမှုတွေကို လုပ်ပေးပြီး အချို့ကိစ္စရပ်တွေဆိုရင် တရားရုံးကိုပဲ တက်ခိုင်းတာမျိုးတွေ လုပ်တယ်၊ အလုပ်သမားတွေအနေနဲ့က အလုပ်ရှင်ကို ဘယ်လိုလုပ်ပြီး တရားစွဲဆိုနိုင်မလဲ” ဟု ပြောသည်။

ထိုသို့ ဆန္ဒပြရန်အတွက် အလုပ်သမားများအနေဖြင့် သက်ဆိုင်ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့ထံ ခွင့်ပြုမိန့် တောင်းခဲ့သော်လည်း သက်ဆိုင်ရာက ဒေသဆိုင်ရာ လိုအပ်ချက်အရ ခွင့်ပြုပေးခြင်း မရှိခဲ့ဟုသိရသည်။

ကိုနေလင်းအောင် က “ငြိမ်းစုစီဥပဒေအရ ကျနော်တို့သည် အကြောင်းကြားရန် တာဝန်ရှိတဲ့အတွက် မပျက်မကွက် တရားဝင် အကြောင်း ကြားခဲ့ပါတယ်၊ ဒါပေမယ့် ကျနော်တို့ အားလုံးသည် မြန်မာနိုင်ငံသားများ ဖြစ်နေပါလျက်နဲ့ ကိုယ်မွေးတဲ့နေရာမှာပဲ ဦးဆောင်ခွင့်ရှိ တယ်၊ ဆန္ဒဖော်ထုတ်ခွင့်ရှိတယ်၊ ဟောပြောခွင့်ရှိတယ်ဆိုတာတွေကိုတော့ ငြိမ်းချမ်းစွာ စီတန်းဖော်ထုတ်ခွင့် ဆိုတာကို မေးခွန်းထုတ်စရာ ဖြစ်လာတယ်” ဟု ပြောသည်။

အလုပ်သမားများ ဆန္ဒထုတ်ဖော်ရာ လမ်းလျှောက်တွင် သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေး အဖွဲ့များက တားဆီးခဲ့ သော်လည်း ရပ်တန့်ခြင်း မရှိဘဲ ဆက်လက် ချီတက်ခဲ့ကြပြီး မဟာအောင်မြေမြို့နယ် ၆၁ လမ်းနှင့် ၆၂ လမ်းကြားတွင် မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ်မှ ဟောပြောမှုများပြုလုပ်ခဲ့သည်။

ယင်းသို့ ခွင့်ပြုချက်မရရှိဘဲ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းနှင့်ပ က်သက်၍ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေဖြင့် အရေးယူသွားမည်ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှ ခရိုင်ရဲတပ်ဖွဲ့မှုး ဒုတိယရဲမှုးကြီး မျိုးအောင် က ပြောသည်။

ဒုတိယရဲမှုးကြီး မျိုးအောင် “သူတို့ကို ခွင့်မပြုဘူး ဆိုတဲ့အကြောင်း ကြိုတင်ပြီးတော့ အသိပေးအကြောင်းကြာစာ ပေးပို့ထားပြီး ဖြစ်တယ်၊ ဒါကို ခွင့်ပြုချက်မဲ့ ဆန္ဒဖော်ထုတ်ကြတာ ဖြစ်တဲ့အတွက် ဥပဒေအရတော့ တရားစွဲဆို သွားဖို့တော့ရှိတယ်၊ အခုထိတော့ ဘာမှ မလုပ်ရသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading