သတင်း

တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေမှု ဗိုလ်ချုပ်မှူးကြီး ကာကွယ်ပြောဆို

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံသည် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းသို့ ကူးပြောင်းချိန်တွင် တပ်မတော်က လွှတ်တော်တွင် ၂၅ ရခိုင်နှုန်း ပါဝင်လာရပြီး လက်ရှိ တိုင်းပြည်၏ နိုင်ငံရေး အခြေအနေ၊ လုံခြုံရေး အခြေအနေတို့မှာ တည်ငြိမ် အေးချမ်းဖို့ စိတ်မချရသေးဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်နိုင်ငံ၊ The Asahi Shimbun သတင်းဌာနနှင့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က တွေ့ ဆုံပြီး ယင်းသတင်းဌာန၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားစဉ် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး က “အခုထိကို ကျနော်တို့ အခက်အခဲတွေ အများကြီး ဖြတ်သန်းနေရတာတွေ ရှိတယ်။ ဒါကြောင့် ကျနော်တို့ သွားနေတဲ့ ပါတီစုံ ဒီမို ကရေစီ လမ်းကြောင်း တည်တည်ငြိမ်ငြိမ် ဖြစ်ဖို့ လိုပါတယ်” ဟု ပြောသည်။

ယခု လွှတ်တော်တွင် ပြောဆိုလုပ်ကိုင် ဆွေးနွေးနေသည့် အကြောင်းအရာများ၊ အုပ်ချုပ်ရေး လမ်းကြောင်းဘက်မှ ဆောင်ရွက်နေသည့် ကိစ္စများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ၏ လုပ်ဆောင်ချက်များကို ကြည့်မည် ဆိုပါက တိုင်းပြည်သည် နိုင်ငံရေး အရ ဖြစ်စေ၊ လုံခြုံရေးအရ ဖြစ်စေ တည်ငြိမ်ရန် လိုအပ်နေသေးကြောင်း ဖော်ပြနေသည်ဟုလည်း ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က “ဒါကြောင့် နိုင်ငံတော်အတွက် တပ်မတော်ကလည်း ဒါကို ယူပြီး ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ဒါတွေ အကုန်လုံး လုံခြုံ စိတ်ချသွားမယ်ဆိုရင်တော့ အခြေအနေက ပြောင်းလဲသွားမှာပါ” ဟု ပြောသည်။

လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ရန် ကန့်သတ်ထားသည်ဟု ဆိုသော ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉ (စ) နှင့် ပတ်သက်၍လည်း လူပုဂ္ဂိုလ် တဦးတယောက်ကို ရည်ရွယ်၍ ရေးဆွဲထားခြင်း မဟုတ်ကြောင်း၊ သို့သော် နိုင်ငံ၏ အခြေအနေအရ လက်ရှိ ပြဌာန်းထားသည့် အတိုင်းသား အကောင်းဆုံးဖြစ်၍ မူဝါဒ တရပ်အနေဖြင့် ဆုပ်ကိုင်ထား မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်၍ မရသော်လည်း NLD အစိုးရသည် ၎င်းအာဏာရလာသည့်အခါ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဆို သည့် ရာထူးကို ဖန်တီးကာ ဒေါ်အောင်ဆန်းစုကြည် က တိုင်းပြည်တွင် နံပါတ် ၂ ခေါင်းဆောင် ဖြစ်လာချိန် တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ နံပါတ် ၈ နေရာတွင်သာ ရှိနေသည်။

ထို့ပြင် ၂၀၀၈ ဖွဲ့ စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်၍လည်း တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်း လွှတ်တော်များက ရွေးချယ်နိုင်သည့် ပုဒ်မ ၂၆၁ ကိုသာ ပြင်ဆင်လိုသည့် သဘော ထပ်မံ ထုတ်ဖော်ပြောဆိုပြီး တပ်မတော်သည် တိုင်းနှင့် ပြည်နယ် လွှတ်တော်များတွင်ပါ ၂၅ ရာခိုင်နှုန်း ရယူထားသဖြင့် ယင်းအချက်ကို ပြင်ဆင်နိုင်ပါက တပ်မတော်၏ သြဇာပို ရှိလာမည်ဟု သုံးသပ်မှုများ ရှိသည်။

ပြည်တွင်းစစ်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ ရှိနေသရွေ့ တပ်မတော်က နိုင်ငံရေးတွင် ပါဝင်မည်ဟု ပြောဆို ထားရာ ယင်းအခြေခံအရ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များ ရှိနေသရွေ့ ပါနေဦးမည် သဘောဖြစ်ကြောင်း နိုင်ငံရေး လေ့လာ သူ ဦးမောင်မောင်စိုးက ပြောသည်။

ဦးမောင်မောင်စိုး က “ဒီပုဒ်မ ၂၆၁ တခုတည်း ပြင်လို့ တော့ မရဘူး။ တိုင်းရင်းသား ဒေသတွေအတွက် တခြား အခွင့်အလမ်းပေးတဲ့ ပုဒ်မတွေ၊ ဘာတွေ ဆက်ပြင်မလဲ ဆိုတာတော့ လိုအပ်မယ်လို့ ထင်ပါတယ်။ NLD ဘက်က ပြင်ချင်တာကတော့ ပြည်တွင်း ဒီမိုကရေစီရေးအတွက် ဖြစ် မယ်လို့ ထင်တယ်။ ဒါပေမယ့် တပ်မတော်က တော်တော်များများ ကိုတော့ လိုက်လျောနိုင်မှာ မဟုတ်သေးဘူး” ဟု ပြောသည်။

ပုဒ်မ ၂၆၁ တခုသာ ပြင်ရုံဖြင့် တိုင်းရင်းသား အခွင့်အရေးများ မရနိုင်သော်လည်း မပြင်နိုင်တာထက် စာပါက တခုပြင် လိုက်နိုင်လျှင်ပင် မဆိုးဟု ဆိုနိုင် ကြောင်း၊ သို့သော် ပြင်ဆင်ပုံ အဆင့်ဆင့် ရှိသေးပြီး ဝန်ကြီးချုပ်က သမ္မတကို တာဝန်ခံမည်လော၊ သက်ဆိုင်ရာ လွှတ်တော် ဥက္ကဋ္ဌ တာဝန် ခံရမည်လော ဆိုသည့်အချက်များလည်း ရှိသေးကြောင်း မိုင်းရယ်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြောသည်။

တပ်မတော်က လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်းပါဝင်မှုနှင့် ပတ်သက်၍လည်း ဦးစိုင်းကျော်သီဟ က “တိုင်းပြည် တည်ဆောက်တဲ့ နေရာမှာ ငါတို့မရှိရင် မဖြစ်ဘူး ဆိုတာမျိုးတော့ မဖြစ်စေချင်ဘူး။ ဒါကတော့ သူတို့ရဲ့ ထင်မြင်ယူဆချက် ဆိုတော့ မြင်မှာပေါ့” ဟု ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဆောလျင်စွာ ပြင်ဆင်နိုင်ရေး အတွက် ပူးပေါင်း ကော်မတီ တခု ဖွဲ့စည်းနိုင်ရေး ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်း အရေးကြီး အဆိုကို NLD ပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဖေဖော်ဝါရီလ ၈ ရက်က တင်သွင်းခဲ့ပြီး ကြံ့ခိုင်ရေး၊ တပ်မတော်တို့က လုပ်ထုံးလုပ်နည်း မညီ ဟုဆိုကာ ကန့်ကွက်သော်လည်း မဲခွဲ ဆုံးဖြတ်ပြီး အတည်ပြုခဲ့သည်။

လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသား ပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေး ပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း ရှိ သဖြင့် တပ်မတော်သည် ကိုယ်စားလှယ် အရေအတွက် ဒုတိယ အများဆုံး ရရှိထားသည့် အဖွဲ့အစည်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးက “အခြေခံ ဥပဒေမှာ တချို့ ဟာတွေ မပြင်လို့ မရဘူးဆိုတာ ကျနော်တို့ တွေ့တယ်။ ဒါကြောင့် ပြင်ဖု့ိအတွက်ကတော့ မူအားဖြင့် သဘောတူတယ်။ ဒါလည်း ပြီးခဲ့တဲ့ အစိုးရသက်တမ်းကလည်း ကျနော် ပြောခဲ့ပါတယ်။ ကျနော်တို့ မပြင်ဘူးဆိုတဲ့ စကား လုံးဝ မပြောဘူး။ ပြင်ဖို့ လိုအပ်တယ်”ဟု The Asahi Shimbun နှင့် အင်တာဗျူးတွင် ပြောသည်။

သို့သော် ပြင်သင့်ပြင်ထိုက်သည့်အချိန်တွင် ပြင်သင့်ပြင်ထိုက်သည့် အကြောင်းအရာများကို ပြင်ရန် အခြေခံ ဥပဒေ အခန်း ၁၂ တွင် ပြင်ဆင်ရေး Process များ ပေးထားပြီး ဖြစ်ကြောင်း၊ ယင်းပေးထားသည့်အဆိုင်း လုပ်ဆောင်မည် ဆိုပါက ပိုကောင်း၍ ပိုထိရောက် မည်ဖြစ်ကြောင်း တပ်ချုပ်က ပြောကြောင်း သိရသည်။

နိုင်ငံရေး လေ့လာသူ ဦးမောင်မောင်စိုးက “ဘာပြင်လို့ ရမလဲဆိုရင် ၂ ဖက် ညှိနှိုင်းလို့ ရတဲ့ဟာပဲ ပြင်ရဦးမှာပဲ။ မဟုတ်ရင်တော့ ပြင်ဖို့ ခက်လိမ့်မယ်။ ဘာလို့ ဆိုတော့ ၇၅ ရာ ခိုင်နှုန်း ကျော်မှ ပြင်လို့ ရမှာချည်းပဲကိုး” ဟု သုံးသပ်ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading