သတင်း

၁၃၀၀ ပြည့် အရေးတော်ပုံ အာဇာနည် ၁၇ ဦးကို အောက်မေ့ဖွယ် ကျင်းပမည်

Want create site? Find Free WordPress Themes and plugins.

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ သူကြွယ်ကုန်းရပ် (စစ်ကိုင်း-မန္တလေးလမ်းမပေါ်ရှိ) အာဇာနည်ဗိမာန် ၌ ၁၃၀၀ ပြည့် အရေးတော်ပုံတွင် ကျဆုံးခဲ့သည့် မန္တလေးအာဇာနည် ၁၇ ဦး၏ နှစ် ၈၀ ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ကျင်းပသွားမည်ဟု ပွဲဖြစ်မြောက်ရေးကော်မတီမှ သိရသည်။

မန္တလေးရှိ အာဇာနည် ၁၇ ဦး၏ ဗိမာန်သည် အင်္ဂလိပ်ကိုလိုနီ နယ်ချဲ့အစိုးရ အုပ်ချုပ်မှုအောက် ၁၃၀၀ ပြည့်နှစ်တွင် ဖြစ်ပွားခဲ့သည့် ကျောင်းသား၊ အလုပ်သမားများ၊ ပြည်သူများ ပါဝင်ခဲ့သည့် ၁၃၀၀ ပြည့် အရေးတော်ပုံကြီးတွင် အသက်ပေး ကျဆုံးခဲ့သည့် အာဇာနည်များကို ဂုဏ်ပြုသည့်အနေဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။

ပွဲဖြစ်မြောက်ရေး ကော်မတီမှ မင်းထက်ငြိမ်းချမ်း က “အာဇာနည် ဗိမာန်လို့ ပြောလိုက်တာနဲ့ အများက ဗိုလ်ချုပ်နဲ့အတူ ကျဆုံးခဲ့တဲ့ အာဇာနည် ၉ ဦးရဲ့ဗိမာန်လားလို့ ထင်နေကြတယ်၊ ဒါဟာသမိုင်းကို ဖျောက်ခံခဲ့ရတာကြောင့် ဖြစ်ပေါ်လာရတာတွေပါ၊ မန္တလေး အာဇာနည် ဗိမာန်က ၁၃၀၀ ပြည့်အရေး တော်ပုံမှာ ကျဆုံးခဲ့ရတဲ့သူတွေပါ၊ အာဇာနည်တွေကို အောက်မေ့ လွမ်းဆွတ် ဂုဏ်ပြုတဲ့အနေနဲ့ ပြုလုပ်တာပါ” ဟု ပြောသည်။

၇၉ နှစ်မြောက် ၁၃၀၀ ပြည့် အရေးတော်ပုံ အာဇာနည် ၁၇ ဦး အောက်မေ့ဖွယ် အခမ်းအနား (ဓာတ်ပုံ – ဒီလှိုင်းဝင်း၊ ဧရာဝတီ)

၁၉၃၈ ခုနှစ် မြန်မာပြည်သူများ သွေးဆူစေခဲ့သော အင်္ဂလိပ်အစိုးရ၏ မတရားသည့် အမိန့်များ၊ အဓမ္မ မှုများကို ရဟန်းရှင်လူ၊ ပြည်သူများနှင့် ကျောင်းသားများက အတွင်းဝန်ရုံးအား ဝိုင်း၍ ငြိမ်းငြိမ်းချမ်းချမ်း၊ ညီညီညွှတ်ညွှတ်ဖြင့် လက်နက်နှင့် အကြမ်းဖက်ခြင်းမရှိဘဲ ဆန္ဒပြရန် ချီတက်လာကြစဉ် ဖလေဇာ (ယခု-အနော်ရထာ) လမ်း အနောက်မှ အရှေ့သို့ ကျောင်းသား ငါးထောင်ကျော် ချီတက်လာရာ စပတ် (ယခု-ဗိုလ်အောင်ကျော်) လမ်းဆုံတွင် မြင်းစီးပုလိပ်များက နံပါတ် တုတ်များနှင့် ရိုက်နှက်ကြသောကြောင့် ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရသည်။

ထိုသို့ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရသည့်အတွက် လူထုမှ သွေးဆူသထက် ဆူလာပြီး မရှေး မနှောင်းအချိန်မှာပင် မန္တလေးမြို့တွင် သံဃာ၊ ကျောင်းသား၊ လယ်သမား၊ အလုပ်သမားများက ၁၃၀၀ ပြည့်နှစ် တပိုတွဲ လပြည့်ကျော် ၇ ရက်နေ့တွင် အစိုးရအား ကန့်ကွက်ရန် အိမ်တော်ရာ စေတီတော်ရင်ပြင်၌ အင်အား တသိန်းကျော် စုမိခဲ့ ကြသည်။

၇၉ နှစ်မြောက် ၁၃၀၀ ပြည့် အရေးတော်ပုံ အာဇာနည် ၁၇ ဦး အောက်မေ့ဖွယ် အခမ်းအနား (ဓာတ်ပုံ – ဒီလှိုင်းဝင်း၊ ဧရာဝတီ)

ရဟန်းသံဃာပါမကျန် ဆန္ဒပြကြသူများကို အရေးပိုင် (လက်) နှင့် ရာဇဝတ်ဝန်ကြီး (ရိန်း) တို့ခေါင်းဆောင်၍ သေနတ်နှင့် ပစ်ခတ်ကြပြန်ရာ အသက် ၁၂ နှစ်သား ကျောင်းသား မောင်တင်အောင် အပါအဝင် ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူ ၁၇ ဦး ကျဆုံးခဲ့ရသည်။

မန္တလေးမြို့ခံ စာရေးဆရာ ဆူးငှက် က “နိုင်ငံလွတ်လပ်ရေး သမိုင်းအတွက် အထင်ကရ ဖြစ်ခဲ့တဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံမှာ မန္တလေးရဲ့ ကဏ္ဍဟာ သမိုင်းမှတ်ကျောက် တင်ခံရ လောက်အောင် ထင်ရှားခဲ့တယ်၊ အုပ်ချုပ်သူအစိုးရရဲ့ မတရားတဲ့အမိန့်တွေ၊ အဓမ္မမှုတွေကို ငြိမ်းငြိမ်းချမ်း ချမ်း ညီညီညွှတ်ညွှတ်နဲ့ လက်နက်နဲ့ အကြမ်းဖက်ခြင်း မရှိဘဲ ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူသိန်းချီပြီး ဆန့်ကျင်ခဲ့ ကြတယ်၊ အုပ်စိုးသူ အစိုးရက လက်နက်နဲ့ ဖြေရှင်းခဲ့လို့ အဲဒီနေမှာပဲ ၁၆ ဦး ကျဆုံးခဲ့ရတယ်၊ ကျဆုံးသူတွေကို သဂြိုဟ်မဲ့နေ့မှာ နောက်ထပ်တဦး ထပ်မံကျဆုံးခဲ့တာကြောင့် အာဇာနည် ၁၇ ဦး ဖြစ်ခဲ့ရတာပါ” ဟု ပြောသည်။

၁၃၀၀ ပြည့် အရေးတော်ပုံ၌ ကျဆုံးခဲ့ကြသူများမှာ ဆရာတော်ဦးပဏ္ဍိတ၊ ဦးပညာဇောတ၊ ဦးဝေပုလ္လ၊ ဦးဇနိတ၊ ဦးအာလောက၊ ဦးကေလာသ၊ ဦးကေတု၊ မောင်ဘဌေး၊ မောင်လှမောင်၊ ကိုမူ၊ ကိုထွန်းအောင်၊ မောင်တင်အောင်၊ ကိုအောင်ထူး၊ ကိုခင်မောင်၊ ဦးထွန်းအိ၊ ကိုဘလွန်း၊ မောင်ရွှေရိုး (ခ) မောင်ခင်မောင် စသည့် အာဇာနည် ၁၇ ဦး ကျဆုံးခဲ့ရသည်။

၇၉ နှစ်မြောက် ၁၃၀၀ ပြည့် အရေးတော်ပုံ အာဇာနည် ၁၇ ဦး အောက်မေ့ဖွယ် အခမ်းအနား (ဓာတ်ပုံ – ဒီလှိုင်းဝင်း၊ ဧရာဝတီ)

ထိုအချိန်က နိုင်ငံအုပ်ချုပ်ရေးပိုင်း၌ ဒေါက်တာ ဘမော်က နန်းရင်းဝန်အဖြစ် တာဝန်ယူ အုပ်ချုပ်နေချိန်ဖြစ်ပြီး ၁၃၀၀ ပြည့် အရေးတော်ပုံ၌ ကျဆုံးခဲ့သည့် အာဇာနည်များ ကျဆုံးခဲ့သည့် တပို့တွဲလဆုတ် ၇ ရက်နေ့ကို နှစ်ပတ်လည် နေ့အဖြစ် ကျင်းပပြုလုပ်ခြင်းဟု သိရသည်။

ပွဲဖြစ်မြောက်ရေး ကော်မတီမှ မင်းထက်ငြိမ်းချမ်း က “နှစ်စဉ်နှစ်တိုင်း တပိုတွဲလပြည့်ကျော် ၇ ရက်နေ့ ရောက်ရင် ၁၃၀၀ ပြည့် အရေးတော်ပုံ အခမ်းအနားကို ကျင်းပတာဟာ နောက်မျိုးဆက်လူငယ်တွေကို တိုင်းပြည်ချစ်စိတ်၊ လွပ်လပ်ရေး ချစ်စိတ်တွေကို လက်ဆင့် ကမ်းနိုင်အောင် ဆိုတဲ့ ရည်ရွယ် ချက်နဲ့ ကျင်းပတာပါ၊ ဒီအခမ်းအနားတွေမှာ ကျဆုံးခဲ့ရတဲ့ အာဇာနည်တွေနဲ့ လွပ်လပ်ရေးအတွက် အသက်ပေးခဲ့ကြသူတွေ ကို အမျှအတန်း ပေးဝေတာတွေနဲ့ အတူ အလေးပြု ဂုဏ်ပြုတာတွေ ပြုလုပ်ကြတယ်” ဟု ပြောသည်။

မန္တလေး အာဇာနည် ၁၇ ဦးဗိမာန်ကို မြို့လူထု၏ စုပေါင်းအားဖြင့် မြေနေရာကို ဝယ်ယူကာ အဆောက်အဦများ ဆောက်လုပ် ဂုဏ်ပြုခဲ့ကြပြီး နှစ်စဉ် အောက်မေ့ဂုဏ်ပြုပွဲများ ပြုလုပ်ခဲ့ကြသည်။

၁၉၈၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ အကြောင်း အမျိုးမျိုးကြောင့် အာဇာနည် ၁၇ ဦးအား အောက်မေ့ဖွယ် ဂါရဝပြု အခမ်းအနားကို ကျင်းပခွင့် မရရှိခဲ့ဘဲ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှ မန္တလေးမြို့မိမြို့ဖများ၊ စာပေပညာရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများက ဗိမာန်ပြန်လည် ဖွင့်လှစ်ခွင့်နှင့် အခမ်းအနားများ ကျင်းပခွင့်ရရှိရေးကို ဝိုင်းဝန်းကြိုးပမ်းခဲ့ကြသဖြင့် ပြန်လည်ကျင်းပခွင့် ရရှိ ခဲ့ခြင်းဖြစ်သည်။

စာရေးဆရာ ဆူးငှက် က “မန္တလေးက အာဇာနည်တွေနဲ့ ပက်သက်ပြီး တနှစ်မှတကြိမ် ကျင်းပတာမျိုး မဟုတ်ဘဲ ဗိမာန်ကြီးထဲမှာ အာဇာနည် တွေနဲ့ပက်သက်တဲ့၊ လွပ်လပ်ရေးနဲ့ ပက်သက်တဲ့ စာအုပ်စာတမ်းတွေ၊ ဓာတ်ပုံ၊ ပန်းချီပြခန်းတွေစတဲ့ အမြဲတမ်းပြခန်းတွေကို ဖွင့်လှစ်ပေးထားနိုင်မယ်ဆိုရင် လူငယ်တွေ အတွက် အပန်းဖြေနေရာ တခုအဖြစ်သာမက အာဇာနည်တွေကို ဂါရဝပြုတဲ့နေ ရာ၊ လွပ်လပ်ရေးသမိုင်းအတွက် အာဇာနည်ကြီးတွေ ဘယ်လိုကြိုးပမ်းခဲ့ကြသလဲ ဆိုတာတွေကိုပါ မြင်တွေ့နိုင်တဲ့နေရာ အဖြစ် ရှိလာမှာဖြစ်တယ်၊ ဒီလိုဖြစ်လာအောင်လည်း ဆက်လက် ကြိုးစားကြဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။

ယခုနှစ် အခမ်းအနားတွင် အာဇာနည် ၁၇ ဦးအားရည်စူး၍ သံဃာတော် ၁၇ ပါးအား ဆွမ်းကပ် အမျှပေးဝေခြင်းနှင့်အတူ ပန်းခွေချ အလေးပြုခြင်း၊ ဆရာတော်သံဃာတော်များ၏ သြဝါဒခံယူခြင်းများ ပြုလုပ်သွားမည်ဟု သိရသည်။

ထို့အပြင် အာဇာနည် ၁၇ ဦး၏ နှစ် ၈၀ ပြည့် အောက်မေ့ဖွယ် အခမ်းအနားတွင် အာဇာနည် ၁၇ ဦး၏ ဆွေမျိုးများလည်း လာ ရောက် ဂါရဝပြုကြမည်ဖြစ်သလို ဒေသခံနိုင်ငံရေးပါတီများ၊ တက်ကြွလှုပ်ရှားသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အရပ် ဘက်လူမှုအဖွဲ့ အစည်း များလည်း ဂါရဝပြုနိုင်ရန် ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading