သတင်း

တနင်္သာရီ ဂျာနယ်ကို ဒဏ်ငွေ ၅ သိန်း ပေးဆောင်ရန် အမိန့် ချမှတ်

Want create site? Find Free WordPress Themes and plugins.

တနင်္သာရီ အပတ်စဉ် ဂျာနယ်တွင် မဲဆွယ် အပြုံး အမည်ရ သရော်စာ ဖော်ပြခဲ့မှုနှင့် ပတ်သက်၍ အပြစ်ရှိသည်ဟု ဆိုကာ သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၂၅(ခ) အရ ဒဏ်ငွေ ကျပ် ၅ သိန်း ပေးဆောင်ရန် ထားဝယ်မြို့နယ် တရားရုံးက ယနေ့ အမိန့် ချလိုက်ကြောင်း သတင်းရရှိသည်။

တနင်္သာရီ အပတ်စဉ် တာဝန်ခံ အယ်ဒီတာ ဦးမျိုးအောင်က “ကျနော် မှတ်မိသလောက်တော့ ဒါက အစိုးရ အဖွဲ့နဲ့ ဝန်ကြီး ချုပ် မိသားစုကို ရည်ညွှန်းတယ် ဆိုတာ ပေါ်လွင်တယ်။ နောက်တခုက အခြေခံ ဥပဒေက ပေးထားတဲ့ လွတ်လပ်စွာ ပြော ဆိုခွင့်၊ မီဒီယာ ဥပဒေက ပေးထားတဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် အဲဒီဟာတွေရဲ့ဘောင်အပြင် ရောက်နေတယ်။ ကျော်လွန်နေတယ်ပေါ့။ ဒါကြောင့် အပြစ်ရှိတယ်လို့ အမိန့်ချလိုက်တယ်” ဟု ဧရာဝတီကို ပြောသည်။

အဆိုပါ ဒဏ်ငွေ ကျပ် ၅ သိန်း မပေးဆောင်ပါက ထောင်ဒဏ် ၆ လ ကျခံရမည် ဖြစ်သည်။

သတင်း မီဒီယာ ဥပဒေ ပုဒ်မ ၂၅(ခ) သည် သတင်း မီဒီယာ ဥပဒေ ပုဒ်မ (၉)ကို ရည်ညွှန်းသည်။

သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၉(ဆ)တွင် အများပြည်သူ၏ အကျိုးစီးပွားနှင့် ဆက်စပ်သည့် သတင်း ရေးသားခြင်းမျိုး မဟုတ်လျှင် ပုဂ္ဂိုလ် တဦး၊ အဖွဲ့အစည်း တခု၏ ဂုဏ်သိက္ခာကို တမင် ထိခိုက်စေသော အရေးအသားနှင့် လူ့အခွင့်အရေးကို ထိခိုက်စေသော အရေးအသားမျိုး ဖော်ပြခြင်းမှ ရှောင်ကြည်ခြင်း ဟု ပြဋ္ဌာန်းထားသည်။

အဆိုပါ သတင်း မီဒီယာ ဥပဒေ ပုဒ်မ ၉(ဆ)ကို ဖောက်ဖျက်ပါက ပုဒ်မ၂၅(ခ) အရ ဒဏ်ငွေ အနည်းဆုံး ကျပ် ၃ သိန်းမှ ကျပ် ၁၀ သိန်း အထိ ချမှတ်ခံရမည် ဖြစ်မည်။

ဦးမျိုးအောင်က “မီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ဒါက စိုးရိမ်စရာကောင်းတဲ့ အခြေအနေတခု ဖြစ်နေတယ် ဆိုတာကို ပြလိုက်တယ်။ ရုံးတော်တွေရဲ့ ဆုံးဖြတ်ချက်တွေ ထည့်သွင်း စဉ်းစားချက်တွေ က မေးခွန်း ထုတ်စရာ အနေအထားမျိုးတွေ့ ရတယ်။ ဒီသရော် စာဆိုတဲ့ အပေါ်မှာ စွဲတဲ့သူကလည်း စွဲတယ်။ အမိန့်ချတဲ့သူကလည်း ချတယ်။ ဒီမိုကရေစီစနစ် အရ မေးခွန်း ထုတ်စရာဖြစ်သလို မီဒီယာ လုပ်ငန်းတခု အတွက်လည်း နစ်နာတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ မြင်တယ်” ဟု ဆို သည်။

ဆက်လက်၍ ၎င်းက  ထားဝယ်မြို့နယ် တရားရုံက အမိန့်ချလိုက်ခြင်းနှင့် ပတ်သက်၍ အယူခံ တက်ဖြစ် မဖြစ်ကို မဆုံး ဖြတ်ရသေးကြောင်း၊ တနင်္သာရီ ဂျာနယ်ဘက်မှ လိုက်ပါ ဆောင်ရွက် ပေးနေသည့် တရား လွှတ်တော်ရှေ့များနှင့် တွေ့ဆုံ တိုင်ပင်ရဦးမည် ဖြစ်ကြောင်း ရှင်းပြသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဝင် ဦးမြင့်ကျော်က “ဒီလို ပြစ်ဒဏ်ချလိုက်တာဟာ ဝန်ကြီးချုပ် တို့ အာဏာရှိတဲ့ သူတွေကို မီဒီယာတွေက ဒီလို ဝေဖန်ရေးသားတာမျိုးကို မရေး သားအောင် ဆင်ဆာ လုပ်လိုက်သလို ကျနော်တော့ ခံစားရတယ်။ ဘယ်သူဘယ်ဝါ ဆိုတာထက်ကို အာဏာရှိတဲ့လူကြောင့် ဒီလို ပြစ်ဒဏ်ချမှတ်ခံရတယ်လို့ ကျနော် ထင်တယ်” ဟု မှတ်ချက် ပြုသည်။

ထို့အပြင်သရော်စာပါ အချက်အလက်များသည် လတ်တလော တနင်္သာရီတိုင်းသို့ သွားရောက်ခဲ့သည့် ဒေါ် အောင်ဆန်းစု ကြည်၏ ခရီးစဉ်တွင် လူထုက တင်ပြသည့် အကြောင်းအရာများနှင့် ထပ်တူဖြစ်နေ ကြောင်း၊ ဝန်ကြီးချုပ်ကို ပုဂ္ဂိုလ်ရေးအရ ထိပါးသည်၊ ဂုဏ်သရေ ထိခိုက်သည် ဟူသော သရော်စာသည် လူထု၏ တင်ပြချက်၊ ခံစားချက်များနှင့် နှိုင်းယှဉ်လိုက်လျှင် သရော်စာထက် ပိုမိုပြင်းထန်နေသေး ကြောင်း တွေ့ရှိရရာ ပြစ်ဒဏ် မကျသင့်ကြောင်း ပြောဆိုသည်။

၂၀၁၇  နိုဝင်ဘာ ၂၀ ရက်ထုတ် တနင်္သာရီ ဂျာနယ်တွင် ဖော်ပြခဲ့သော ကလောင်ရှင် မူးဆေးအိုး၏ ‘မဲဆွယ်အပြုံး’ ခေါင်း စဉ်ဖြင့် ရေးသားသည့် သရော်စာသည် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ဂုဏ်သိက္ခာ ကို ထိခိုက်သည်ဟုဆိုကာ အရေးယူပေးရန် နိုဝင်ဘာ ၂၃ ရက်တွင် တိုင်းအစိုးရအဖွဲ့ရုံး ဒု ညွှန်ကြား ရေးမှူးက ထားဝယ်မြို့နယ် တရားရုံးကို ဦးတိုက်လျှောက် ထားခဲ့ခြင်း ဖြစ်ပြီး ၂၀၁၇ ဒီဇင်ဘာလ အတွင်းတွင် သတင်း မီဒီယာ ဥပဒေပုဒ်မ ၂၅(ခ) ဖြင့် တရား စွဲဆိုထားခြင်း ဖြစ်သည်။

ယင်းသို့ တရားစွဲဆိုထားမှုကို ချေဖျက်ပေးရန် တနင်္သာရီ ဂျာနယ်ဘက်မှ တိုင်းဒေသကြီး တရားလွှတ် တော်နှင့် နေပြည် တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ လျှောက်ထားခဲ့သော်လည်း ပလပ်ခံခဲ့ရသည်။

ဆက်စပ်လင်ခ့် – တနင်္သာရီ ဂျာနယ်ကို မီဒီယာ ဥပဒေဖြင့် စွဲချက်တင်ရန် အမိန့်ချ

Did you find apk for android? You can find new Free Android Games and apps.
Loading