ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါ မြို့နယ် အတွင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS ) နှင့် ရှမ်းပြည် တိုး တက်ရေး ပါတီ (SSPP) တို့ကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် တိမ်းရှောင်ရသည့် ဒေသခံများ အတွက် စားနပ် ရိက္ခာ အဓိက လိုအပ်နေကြောင်း သတင်း ရရှိသည်။
RCSS နှင့် SSPP အဖွဲ့တို့ ဖေဖော်ဝါရီ ၉ ရက်မှ ၁၃ ရက်အထိ ဖြစ်ပွားသော တိုက်ပွဲများကြောင့် ဒေသခံများ တိမ်း ရှောင် လာကြရကာ သီပေါ မြို့နယ် အတွင်း တိုက်ပွဲရှောင် စခန်း ၄ ခုအထိ ရှိနေပြီး တိုက်ပွဲရှောင် ဦးရေ ၇၄၁ ဦးခန့် ရှိသည်ဟု သိရသည်။
တိုက်ပွဲ ရှောင်များအား ကူညီပေးနေသည့် နယ်စည်း မခြား အဖွဲ့ (သီပေါ)မှ ကိုမျိုးက“သူတို့ အဓိက လိုနေတာက စား သောက်စရာ ၊ ဟင်းသီး ဟင်းရွက်၊ ဆန်၊ ဆီ၊ ဆားပေါ့။ ပြန်လို့ မဖြစ်သေးလို့ မပြန်ကြသေးတာ”ဟု ပြောသည်။
ထို့ပြင် ဇန်နဝါရီလက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် တိုက်ပွဲ ရှောင်နေသူများသည် နားမခေါ် စခန်းတွင် ရှိနေသေး သည်ဟုလည်း သိရသည်။
သီပေါ ဒေသခံ နန်းမွေလျန်း က“လူ၂ ရာကျော် ရှိတဲ့ ဆွန်အွိုက် စခန်းကတော့ တနေ့ကို ဆန် သုံးတင်းလောက် ကုန် တယ်။ အရင်ရက်တွေက ပြည်နယ် ဝန်ကြီး လာတုန်းက လှူသွားတဲ့ ဆန်တွေကတော့ ၂ ရက်စာလောက်ပဲ ကျန်တယ် ပြော တယ်။ အဓိက ကတော့ ဒေသခံ အလှူရှင်တွေ သွားလှူကြတာပါ”ဟု ပြောပြသည်။
တိုက်ပွဲရှောင်များကို ဒေသခံ အလှူရှင်များနှင့် NGO အဖွဲ့အစည်း အသီးသီးမှ လှူဒါန်းလျက် ရှိကြောင်း ၎င်းက ပြောသည်။
သီပေါ မြို့နယ်ရှိ ကျင်သီ အုပ်စု တွန်ဆောက် ကျေးရွာရှိ ရွာသားများသည် ကျင်သီ ဘုန်းကြီးကျောင်း၌ ၁၀၂ ဦး၊ နားမခေါ် အုပ်စု နိုင်လုံး၊ တွန်ကြိုင်း၊ ဟိုနား၊ မန်တုံ၊ တာလုံ ကျေးရွာ၊ နမ့်ရမ်း အုပ်စု၊ ကျစ်ဖွန် ကျေးရွာမှ တိုက်ပွဲရှောင် များသည် နား မခေါ်ဘုန်းကြီးကျောင်းတွင် ၃၀၃ ဦး ရောက်ရှိနေသည်။
ထို့ပြင် နမ့်အွန် အုပ်စု၊ မန်မိုင်၊ ကုန်းညု၊ နားမွန်း ကျေးရွာမှ တိုက်ပွဲရှောင်များက ဆွန်အွိုက် ဘုန်းကြီးကျောင်းတွင် ၁၅၄ ဦး၊ ကုန်းဆော့ အုပ်စု လွယ်မောက်၊ ဆိုင်းခေါင်၊ နမ့်မော်ဆွေ ကျေးရွာမှ တိုက်ပွဲရှောင်များသည် လီဆူ ဘုရား ကျောင်းတွင် ၁၈၂ ဦး ရောက်ရှိနေကြောင်း သိရသည်။
ကုန်းညု ရွာက ရွာခံ လုံးထွန်းက“မနေ့ကတော့၂ ရက် ၃ ရက်နေရင် ပစ်တာတွေ ရပ်မယ် ပြောနေကြတာပဲ။ ဒါပေမယ့် ဒီမနက် တိုက်ပွဲ ထပ်ဖြစ်တယ် ပြောလို့ ရွာမှာ ကျန်ခဲ့တဲ့ ရွာစောင့်တောင် အခု ပြေးလာပြီ”ဟု ပြောဆိုသည်။
RCSS နှင့် SSPP တို့ ကျောက်မဲ မြို့နယ် အတွင်း ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ကျောက်မဲ မြို့ပေါ်သို့ တိမ်းရှောင်လာ သည့် တိုက်ပွဲရှောင် ၁ ထောင်ကျော်ကမူ ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်းမှ စတင်၍ နေရပ် ပြန်နေပြီဟု ကျောက်မဲမြို့ နယ် တိုက်ပွဲ ရှောင် ပြည်သူများ ကူညီ စောင့်ရှောက်ရေး ကြီးကြပ်မှု ကော်မတီက ပြောသည်။
ကျောက်မဲမြို့နယ် အတွင်း တိုက်ပွဲကြောင့် တိုက်ပွဲရှောင်ပြည်သူ ၁၁၀၀ ကျော်သည် မြို့ပေါ်ရှိ ဓမ္မမေဒနီ ရွှေကျင် ဘုန်းတော်ကြီး ကျောင်း၊ အောင်ဆုပန် ဘုန်းတော်ကြီးနှင့် နမ့်စစ်လင်း ကျောင်းတိုက်၌ ခိုလှုံနေကြကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲ ရှောင်များနေသည့် ပန်လော့၊ နမ့်ပျဉ်၊ နားပုံ၊ နားပြိန်းနှင့် လွယ်မွန်း ရွာများတွင် တကြိမ်တခါမှ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း မရှိသည့် အပြင် တိုက်ပွဲ ရှောင်လာကြသူများ၌ အစိုးရ စစ်စာမေးပွဲ ဖြေဆိုမည့် စတုတ္ထတန်း ကျောင်းသား များလည်း ပါဝင်သည်။
တိုက်ပွဲရှောင်များအား အကူအညီပေး နေသည့် ကျောက်မဲဒေသခံ ကိုသားဇော်က “ရွှေကျင်ကျောင်းမှာ ရှိတဲ့ တိုက်ပွဲ ရှောင်တွေက မနေ့က ညနေက ပြန်ကြပြီ။ အောင်ဆုပန်နဲ့ နမ့်စစ်လင်းက ဒီနေ့ပြန်ကြမှာ။ လေးတန်းကလေး တွေတော့ ကျန်ခဲ့မယ်”ဟု ပြောသည်။
လက်ရှိတွင် စတုတ္ထတန်း ဖြေဆိုမည့် ကျောင်းသားဦးရေ ၅၀ ခန့် ရှိပြီး ၎င်းတို့သည် ကျောက်မဲမြို့ပေါ်ရှိ နီးစပ်ရာ အထက် တန်းကျောင်းများတွင် ဖြေဆိုကြမည် ဖြစ်ကြောင်း သိရသည်။
နမ့်ပျဉ် ကျေးရွာမှ ကျောင်းအုပ် ဆရာမ ဒေါ်ခင်မာဆွေက“ပြန်ငြိမ်းချမ်းသွားပြီလို့ ပြောလို့ ပြန်ကြမှာ။ ကျမက လေးတန်း ကလေးတွေ စောင့်ပြီးမှ ပြန်မယ်”ဟု ဆိုသည်။
RCSS နှင့် SSPP သည် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ နောက်ပိုင်းက စ၍ ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါ၊ ကျောက်မဲ၊ နမ္မတူ စသည့် မြို့နယ် အတွင်း တိုက်ပွဲများ ဖြစ်ပွားကြခြင်း ဖြစ်သည်။
ကျောက်မဲမြို့တွင် ရောက်ရှိလာသည့် တိုက်ပွဲရှောင် တထောင်ကျော်ကို မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၊ NGO အဖွဲ့ အစည်းများက အကူအညီပေး သကဲ့သို့ ဒေသခံ လွှတ်တော် ကိုယ်စားလှယ်များလည်း လာရောက် ကြည့်ရှုခြင်းနှင့် လူမှု ဝန်ထမ်း ကယ်ဆယ်ရေး ဦးစီးဌာနကလည်း ပစ္စည်းများ ဝေငှပေးခဲ့ကြောင်း သိရသည်။