သတင်း

အိန္ဒိယ ကက်ရှ်မီးယားဒေသ အသေခံဗုံးခွဲမှု မြန်မာအစိုးရ ရှုတ်ချ

Want create site? Find Free WordPress Themes and plugins.

အိန္ဒိယနိုင်ငံ၊ ဂျမူးနှင့် ကက်ရှ်မီးယားဒေသ၊ Pulwama ခရိုင်၌ လူအများအပြား အသက်ဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပေါ်စေခဲ့သည့် အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်စဉ်အပေါ် မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာ ရှုတ်ချကြောင်း ယနေ့ ရက်စွဲဖြင့် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန် လိုက်သည်။

ကက်ရှ်မီးယားဒေသတွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဗဟိုထိန်းသိမ်းရေး ရဲတပ်ဖွဲ့(CRPF) များ လိုက်ပါလာသည့် ယာဉ်တန်းကို ဖောက်ခွဲရေး ပစ္စည်းများ တင်ဆောင်လာသည့် ယာဉ်တစီးဖြင့် အကြမ်းဖက် အဖွဲ့က အသေခံ ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ယာဉ်တန်းပေါ်တွင် ပါလာသည့် လုံခြုံရေး အဖွဲ့ဝင် ၄၀ သေဆုံးခဲ့ရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး အိမ်နီးချင်း မြန်မာနိုင်ငံအနေဖြင့် ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက် တိုက်ခိုက်မှု အဖြစ် သတ်မှတ်ပြီး ပြင်းထန်စွာရှုတ်ချကြောင်း သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် “မြန်မာနိုင်ငံသည် အကြမ်းဖက်မှု မှန်သမျှကို မည်သည့်ပုံစံမျိုးဖြင့် ကျူးလွန်သည်ဖြစ်စေ အစဉ်တစိုက် ရှုတ်ချလျက်ရှိပြီး ယင်းကမ္ဘာလုံးဆိုင်ရာ အန္တရာယ်အား တိုက်ဖျက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံတကာ အသိုက်အဝန်းနှင့် အတူတကွ ရပ်တည်လျက်ရှိပါသည်” ဟု လည်းဖော်ပြထားသည်။

အလားတူ အကြမ်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြရသူများ၏ ကျန်ရစ်သူမိသားစုဝင်များ အားလည်း ကောင်း၊ အိန္ဒိယအစိုးရနှင့် ပြည်သူလူထုအား လည်းကောင်း ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ မြန်မာ အစိုးရ အနေဖြင့် လွန်စွာ ဝမ်းနည်း ကြေကွဲကြောင်းလည်း ဖော်ပြထားသည်။

ကြာသာပတေးနေ့က တိုက်ခိုက်မှုဖြစ်စဉ်တွင် လုံခြုံရေး ဝန်ထမ်း ၂၅၀၀ လိုက်ပါလာသည့် မော်တော် ယာဉ် ၇၈ စီး ယာဉ်တန်းသည် ဆရင်နာဂါ-ဂျမူး အဝေးပြေးလမ်းမပေါ် ဖြတ်သန်းမောင်းနှင်နေစဉ် ဗုံးများ တင်ဆောင်လာသည့် ကားတစီးနှင့် အကြမ်းဖမ်းသမားများက အသေခံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အိန္ဒိယ အစိုးရက ပါကစ္စတန် အခြေစိုက် Islamist Jaish-e-Mohammad အဖွဲ့၏ တိုက်ခိုက်မှု ဖြစ်ကြောင်း ပြောဆိုလိုက်ပြီး ယင်းကဲ့သို့သော အကြမ်းဖက်အဖွဲ့ အစည်းမျိုးကို လက်ခံထားသလို ပံ့ပိုးမှုများလည်း ပြုလုပ်နေသည်ဟုဆိုကာ ပါကစ္စတန်အစိုးရအား အိန္ဒိယ က ပြစ်တင်လိုက်သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ အမေရိကန် အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အတွင်းဝန် ဆာရတ်ဟက်ကာဘီ ဆန်ဒရာက ပါကစ္စတန်အစိုးရ တွင် တာဝန်ရှိကြောင်း ပြစ်တင်ဝေဖန်လိုက်ပြီး “ပါကစ္စတန် အခြေစိုက် အကြမ်း ဖက်အုပ်စုသည် အကြီးမားဆုံး အကြမ်းဖက်မှုကို ကျူးလွန်လိုက် သဖြင့် အမေရိကန်အနေဖြင့် ရှုတ်ချပါကြောင်း” ပြောဆိုထားသည်။

ဆက်လက်၍ ဆန်ဒရာက “အကြမ်းဖက်အုပ်စု အားလုံးကို အကာအကွယ် ပေးပြီး ပံ့ပိုးနေတဲ့ ပါကစ္စတန်အစိုးရရဲ့လုပ်ရပ်ကို ရပ်တန်းကရပ်ဖို့ အမေရိကန်အနေနဲ့ တောင်းဆိုလိုက်ပါတယ်။ ဒီအကြမ်းဖက်အုပ်စုတွေဟာ ဒေသတွင်းမှာ ဖရိုဖရဲဖြစ်စေဖို့၊ အကြမ်းဖက်ဖို့ ရည်ရွယ် ချက်နဲ့ လှုပ်ရှားနေကြတာဖြစ်ပါတယ်” ဟု ပြောသည်။

ဆက်စပ် ဖတ်ရှုရန်ကက်ရှ်မီးယား လုံခြုံရေး ယာဉ်တန်း ဗုံးခွဲခံရမှု အိန္ဒိယက ပါကစ္စတန်ကို ပြစ်တင် 

Did you find apk for android? You can find new Free Android Games and apps.
Loading