ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် လျှောက်လွှာ တင်ထားသူများမှ ၂၇၄ ဦး ကို ကိုယ်စားလှယ်လောင်း အဖြစ် စည်ပင် ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ ထုတ်ပြန် ကြေညာလိုက်သည်။
ဝင်ရောက် ယှဉ်ပြိုင်ရန် လျှောက်လွှာ တင်ထားသူ ၂၇၇ ဦးမှ ၂၇၄ ဦးကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင်က“၁ ယောက်ကတော့ သူ့ဘာသာသူ ထွက်သွားတာ။ ၂ ယောက်က တော့ စည်းကမ်းနဲ့ မညီလို့ ပယ်လိုက်တာ။ ၂၇၄ ယောက်ပဲ ကျန်တယ်။ မွေးဖွားစဉ်က သူတို့ရဲ့ မိဘ၂ ပါးက နိုင်ငံသား မဖြစ်လို့ ပယ်ရတာပါ”ဟု ဧရာဝတီသို့ ပြောသည်။
စည်ပင် ရွေးကောက်ပွဲ နည်းဥပဒေ၌ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ လိုအပ်သည့် စည်းကမ်း သတ် မှတ်ချက် ၇ ချက်ကို ပြဋ္ဌာန်းထားသည်။
ယင်း ၇ ချက်မှာ ကိုယ်စားလှယ်လောင်းများ အနေဖြင့် မိဘ ၂ ပါးလုံး နိုင်ငံသား ဖြစ်ရန်၊ အသက် ၂၅ နှစ်ပြည့်ပြီး မဲစာရင်း ပါသူ ဖြစ်ရန်၊ ယှဉ်ပြိုင်မည့် မြို့နယ်တွင် တဆက်တည်း ၃ နှစ် နေသူ ဖြစ်ရန်၊ စည်ပင်သာယာတွင် ကြွေးကျန် ကင်းသူ ဖြစ်ရန်၊ နိုင်ငံတော် အပေါ်တွင် သစ္စာရှိသူ ဖြစ်ရန်၊ နည်းဥပဒေ ၂၈ အရ ကန့်သတ်ထားသည်များနှင့် မငြိစွန်း ရန် လိုအပ်ကြောင်းတို့ ဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ရွေးကောက်ပွဲကို ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်တွင် မတ်လ ၃၁ ရက်၌ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
စည်ပင် ရွေးကောက်ပွဲတွင် ပါတီကြီး ၂ ခုဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်လောင်းများနှင့် တသီးပုဂ္ဂလ ကိုယ်စား လှယ် လောင်းများလည်း ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် ဖေဖော်ဝါရီလ ၂၈ ရက်မှ စတင်ကာ မဲဆွယ် စည်းရုံးမှုများ ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။
ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင်က“၂၈ ရက် ဆိုရင် မဲဆွယ် စည်းရုံးခွင့်စပြီ။ နောက်လ ၂၉ ရက်နေ့ အထိ ပေါ့။ ဒီရက်ကတော့ ဗီနိုင်းတို့ လက်ကမ်း ကြော်ငြာတို့ လုပ်ဖို့ အတွက် အချိန်ပေးထားတာပေါ့”ဟု ပြောသည်။
စည်ပင် ကိုယ်စားလှယ်လောင်း ဦးခင်လှိုင်က“လူတွေက ယုံကြည်ချက် ရှိလို့ပဲ ဝင်ပြိုင်ကြတာလေ။ ဒါပေမယ့် ကိုယ်ရ ထိုက်သလား မရထိုက်သလား ဆိုတဲ့ အပေါ်မှာ ပြည်သူရဲ့အသိအမှတ်ပြုဖို့က အရေးကြီးပါတယ်။ ကိုယ့်ဘက်က အစွမ်းကုန် ကြိုးစားရမယ်”ဟု ပြောဆိုသည်။
ဦးခင်လှိုင်သည် ဇောတိက သင်္ကန်းတိုက် လုပ်ငန်း ပိုင်ရှင် တဦးလည်း ဖြစ်သည်။
မတ်လ ၃၁ ရက်တွင် ကျင်းပမည့် စည်ပင် ရွေးကောက်ပွဲတွင် မြို့နယ် တမြို့နယ်၌ ကော်မတီဝင် ၃ ဦးဖြင့် မြို့နယ် ၃၃ မြို့ နယ် အတွက် ၉၉ ဦးနှင့် ဗဟိုကော်မတီဝင် ၆ ဦး စုစုပေါင်း ၁၀၅ ဦးကို ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြည်သူ ရွေးချယ် တင်မြှောက်လိုက်သည့် ဗဟို ကော်မတီဝင် ၆ ဦးမှ တဦးကို မဲစနစ်ဖြင့် ဒုမြို့တော်ဝန် အဖြစ် ရွေးချယ် တင်မြှောက်သွားမည် ဖြစ်သည်ဟု ဆိုသည်။
ယခု စည်ပင် ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီး သူတိုင်း မဲပေးပိုင်ခွင့် ရရှိမည် ဟုလည်း သိရသည်။