တပ်မတော် အသုံးပြုသည့် အရပ်သား ကားကို တိုက်ခိုက်ခဲ့ကြောင်း AA ပြော
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် သဲတောရွာနှင့် ယိုးတရုတ်ရွာကြား ရန်ကုန်-စစ်တွေ ကားလမ်းမ ပေါ်တွင် သွားလာ နေသည့် အရပ်သားကား ၂စီးတွင် တပ်မတော်သားများ လိုက်ပါလာသဖြင့် ကားများကို တိုက်ခိုက်ခဲ့သည်ဟု ရက္ခိုင့် တပ်မတော် (AA) ကပြောသည်။
AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက”အရပ်သား ကားတွေကိုအသုံးပြုပြီး သွားနေတဲ့ စစ်တပ်ယာဉ်တန်း ကို ကျနော်တို့က ကြားဖြတ် တိုက်ခိုက်ခဲ့တာ ရှိတယ်။ ကား ၂စီးနဲ့ ဗမာစစ်တပ်က အပြည့်လာတာ”ဟု ပြောပြသည်။
ဦးခိုင်သုခ ပြောဆိုသည့် နေရာတွင် ဖေဖော်ဝါရီလ ၁၇ ရက် နံနက် ၁၀ နာရီခွဲခန့်က ဗုံး ၂လုံး ပေါက်ကွဲခဲ့သည်။
ဗုံးပေါက်ကွဲခဲ့သော်လည်း ကားနှင့် လူများ ထိခိုက်မှုမရှိကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက ဧရာဝတီ ကို ပြောဆိုထားသည်။
AA ဘက်မှ ရရှိထားသည့် သတင်းများအရ နယ်စပ်ဒေသတွင် တပ်အင်အားများ ဖြည့်ရန် အရပ်သား ကားများကို အသုံးပြု ပြီး ရန်ကုန်-စစ်တွေ ကားလမ်းမအတိုင်း တပ်မတော်စစ်ကြောင်းက သွားလာခြင်း ဖြစ်သဖြင့် လမ်းခုလတ်တွင် တိုက်ခိုက် ခြင်း ဖြစ်သည်ဟု ဦးခိုင်သုခက ဆိုသည်။
ဦးခိုင်သုခက”အရပ်သားတွေကို အကာအကွယ် ယူပြီးလာတဲ့ ဥစ္စာ ဒါပြောမယ်ဆိုရင် စစ်တပ်က စစ်တပ်ကားနဲ့ပဲ သွားရ မယ်။ အခု သူတို့က အရပ်သားကားတွေကို သုံးတယ်။ ဆိုလိုတာက အပြစ်မဲ့ ပြည်သူတွေကို လူသားဒိုင်းကာ အနေနဲ့ သုံး တဲ့ပုံစံ ဖြစ်တယ်”ဟုလည်း စွပ်စွဲပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၇ ရက်တွင် ရသေ့တောင်မြို့နယ် ခရုချောင်းနှင့် သက်ပြေကျ ရွာကြားတွင် တကြိမ်၊ နွားတင်ကုတ်ရွာ အနီး တွင် တကြိမ် တပ်မတော်နှင့် AA တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟုလည်း သိရသည်။
ရခိုင်ပြည်နယ်တွင်း AA နှင့် တိုက်ပွဲဖြစ်ပွားမှုများကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်း ထုတ်ပြန်ခြင်း မရှိ သေးပါ။
တပ်မတော် သတင်းမှန်ပြန်ကြားရေးမှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက AA ဘက်မှ ပြောဆိုသလို ဖေဖော်ဝါရီလ ၁၇ ရက်တွင် ပုဏ္ဏားကျွန်း မြို့နယ်၌ တပ်မတော်သားများ တိုက်ခိုက်ခံရခြင်း မရှိပါဟု ငြင်းဆိုသည်။
“ရသေ့တောင်ဘက်မှာတော့ ထိတွေ့မှုရှိပါတယ်။ သိပ်ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး။ မြောက်ဦးဘက် မှာတော့ ယာဉ်တန်းကို မိုင်းဆွဲ (ရီမုမိုင်း) တိုက်တာရှိတယ်။ အဲ့ဒီမှာတော့ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။ ၁၇ ရက်နေ့ မနက်က ဖြစ်တာပါ”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
AA ဘက်မှ ပြောဆိုချက်နှင့် ပတ်သက်၍ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော် တပ်ဖွဲ့များအနေဖြင့် စစ်ဆင်ရေး သွား ရာတွင် စစ်သုံးယာဉ်များကိုသာ အများဆုံးသုံးပြီး တပ်မတော်သားများ တဦးတယောက်ချင်း ပုဂ္ဂိုလ်ရေးအရ ခရီးသွားလာမှ သာ သာမာန်ပြည်သူအနေဖြင့် အရပ်သားကားများကို စီးနင်းပါသည်ဟုလည်း ပြောဆိုသည်။
ဆက်လက်၍ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက”နောက်ဆုံးအခြေအနေကတော့ ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်ထိ အရပ် သား ကားတွေထိ တိုက်ခိုက်လာတာကတော့ အရပ်သားတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့ ပတ်သက်ပြီး ဒုက္ခရောက် တာပေါ့”ဟု ပြောသည်။
AA သတင်းနှင့် ပြန်ကြားရေး၏ သတင်းထုတ်ပြန်ချက်တွင် ၎င်းတို့ တိုက်ခိုက်လိုက်သည့် အရပ်သားကား ၂စီး အနက် တစီးမှာ စစ်တွေ ခုတင် တထောင် ဆေးရုံအတွင်း ဝင်ရောက်သွားသည်ဟုလည်း ရေးသား ထားသည်။
တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်တွင်း စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်ခဲယမ်း၊ ရိက္ခာနှင့် တပ်ဖွဲ့ဝင်များ အပြောင်းအရွှေ့လုပ်ရာတွင် စစ်ကားများကို မသုံးဘဲ အရပ်သားကားများ၊ အရပ်သားများ စီးနင်းသည့် ခရီးသည် ပို့ဆောင် ရေးယာဉ်များကို အသုံးပြုနေသည်ဟု AA က ဖေဖော်ဝါရီလ ၆ ရက်ကလည်း ထုတ်ပြန်ကြေညာထားသည်။
တပ်မတော်ဘက်မှ အရပ်သားကားများကို မသုံးကြောင်း ငြင်းဆိုထားသော်လည်း ဖေဖော်ဝါရီလ ၂ရက်က ရသေ့တောင် မြို့နယ် ကျောက်တန်းရွာနှင့် ရေဘုတ်ရွာကြားတွင် အရပ်သားကား၊ အပြာရောင် Town Ace ကားတစီးကို AA က ဖမ်းဆီး ခဲ့ ပြီး ကားပေါ်တွင် ခမရ (၅၆၆) အမှတ်တံဆိပ်ပါ တပ်မတော် ယူနီဖောင်းများ၊ ဆိုလာပြားများနှင့် စစ်သုံး လက်နက် ခဲယမ်းများ AA က ရရှိသွားကြောင်း သိရသည်။
ကားကိုလည်း AA က မီးရှို့လိုက်သည်ဟု ဆိုသည်။
AA သည် အစိုးရကို တော်လှန် တိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တဖွဲ့ဖြစ်ပြီး ရခိုင်ပြည်နယ် အတွင်း တပ်စခန်းများ ခြေကုပ်ရယူနိုင်ရန် ၂၀၁၅ ခုနှစ်မှစ၍ တိုက်ခိုက်နေခြင်း ဖြစ်သည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် AA က ဘူးသီးတောင် မြို့နယ်တွင်းရှိ နယ်ခြားစောင့် ရဲစခန်း ၄ခုကို ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် ရဲ ၁၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရကာ ကျည်မျိုးစုံ ၁၆၀၀၀ ကျော်ကိုလည်း ယူသွားသည်။
ပြည်ထဲရေး ဝန်ကြီးဌာနက AA ကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေအပါအဝင် လက်နက် ဥပဒေများဖြင့် အမှုဖွင့် ထားပြီး နိုင်ငံတော် သမ္မတရုံးကလည်း AA သောင်းကျန်းသူ စစ်ဆင်ရေး အတွက် ဟု ဆိုကာ တပ်အင်အား၊ လေကြောင်း အင်အား များ အသုံးပြု တိုက်ခိုက်ရန် တပ်မတော်နှင့် သဘောတူထားသည်။
တဖက်တွင်လည်း အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) က AA အပါအဝင် မြောက်ပိုင်း အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံကာ အပစ်ရပ်စာချုပ်များ ချုပ်ဆိုရေး ညှိနှိုင်းရန် ဆောင်ရွက် လျက် ရှိသည်။