သတင်း

ဖြိုးကိုကိုတင့်ဆန်း အမှု စွဲချက် အမိန့် မကျေနပ်၍ တိုင်းတရားရုံးသို့ တက်မည် ဟုဆို

Want create site? Find Free WordPress Themes and plugins.

လက်နက်များနှင့် ဖမ်းဆီးရမိသဖြင့် အမှု ရင်ဆိုင်နေရသည့် ဟိုတယ် ACE ပိုင်ရှင် ဖြိုးကိုကိုတင့်ဆန်း ကို နေပြည်တော် ဒက္ခိဏ ခရိုင် တရားရုံးက ပုဒ်မ ၁၄ ခုဖြင့် စွဲချက်တင် အမိန့်ချလိုက်သည်ကို မကျေနပ်သည့် အတွက် မန္တလေးတိုင်း တရားရုံးကို တက်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ဖြိုးကိုကိုတင့်ဆန်း၏ ရှေ့နေဖြစ်သူ တရားလွှတ်တော် ရှေ့နေ ဦးမြင့်အောင် က“ကာယကံရှင် ဆန္ဒကြောင့် တင်မှာပါ။ ဘာကြောင့် တင်တာလဲ ဆိုရင် စွပ်စွဲခံရသူက ဥပဒေပါ အခွင့်အရေး ရှိပါတယ်။ ဖြိုးကိုကိုတင့်ဆန်း အပါ ၄၊ ၅ ၊၆ ယောက် လောက် ရှိပါတယ်”ဟု ယနေ့ ရုံးချိန်း၌ ပြောသည်။

တိုင်းတရားရုံးကို တင်ပြရာတွင် ဖြိုးကိုကိုတင့်ဆန်း၏ ရှေ့နေ ဦးမြင့်အောင် က ဦးဆောင်၍ တင်သွားမည်ဖြစ်ကြောင်း၊ စွပ်စွဲ ခံရသူမှာ ဥပဒေက ပေးထားသည့်
အခွင့်အရေး ရှိသဖြင့် လိုအပ်သည့် စာရွက်စာတမ်း ပြည့်စုံမှ တင်၍ရမည် ဖြစ်ကြောင်း၊ မည်သည့် အချိန်တွင် တင်သွားမည်ကိုမူ အတိအကျ ပြော၍ မရသေးကြောင်း ၎င်းက ဆိုသည်။

ဖေဖော်ဝါရီ ၄ ရက်က စစ်ဆေးသည့် ရုံးချိန်း၌ ဒက္ခိဏ ခရိုင် တရားသူကြီးက ဖြိုးကိုကိုတင့်ဆန်း အပါအဝင် ရန်ကုန်နှင့် နေပြည်တော် တွင် ဖမ်းဆီးရမိသည့် စွပ်စွဲခံရသူ ၁၂ ဦးလုံးကိုလည်း သက်ဆိုင်ရာ ပုဒ်မများနှင့် စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။

ဖြိုးကိုကိုတင့်ဆန်း အမှုကို စွဲချက်တင်သည့် ပုဒ်မ ၁၄ ခုတွင် မူးယစ် ဥပဒေ ပုဒ်မ၊ လက်နက် ဥပဒေ ပုဒ်မ၊ ၁၉၂၃ မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် ဥပဒေ၊ ပို့ကုန် သွင်းကုန် ဥပဒေ၊ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်၊ ဆက်သွယ်ရေး ပုဒ်မနှင့် တရားခံ ပြေး ပုဒ်မတို့ ပါဝင်ကြောင်း သိရသည်။

ယင်းသို့ စွဲချက်တင်ပြီး အမှုကို ပြန်လည် စစ်ဆေးရာ ဥပဒေ လမ်းကြောင်း အရ ပြန်ခေါ် သက်သေများ စတင် စစ်ဆေးမှုကို ယနေ့ ဒုတိယ အကြိမ် စစ်ဆေးခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၁၁ ရက်က ပထမအကြိမ် ပြန်ခေါ်သက်သေများ စစ်ရာတွင် ရဲမှူးတဦးနှင့် အုပ်ချူပ်ရေးမှူးတဦး စုစုပေါင်း ၂ ဦး စစ်ဆေးခဲ့ပြီး ယနေ့ ဒုတိယအကြိမ် စစ်ဆေးမှုတွင် ရဲအုပ် ၃ ဦးနှင့် အရပ်သား အမျိုးသမီးကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပြန်ခေါ် သက်သေများကို စစ်ဆေးရာတွင် အချိန်ကြန့်ကြာမှုများ ရှိနေသဖြင့် တပတ်လျှင် ပုံမှန် တနင်္လာ တရက် စစ်ဆေးရာမှ ယခုအပတ်မှ စတင်၍ တပတ်လျှင် ပုံမှန် တနင်္လာနှင့် အင်္ဂါ ၂ ရက် တိုး၍ စစ်ဆေးသွားမည် ဖြစ်သည်ဟု ယနေ့ စစ်ဆေးသည့် တရားခွင်မှ သိရသည်။

ထိုအမှုတွင် စွပ်စွဲခံထားရသူ ကိုဖြိုးဘိုဘို၏ တရားလွှတ်တော် ရှေ့နေ ဦးဇော်မင်းက“တပတ်ကို ၂ ရက် စစ်ဆေးမယ် ဆို တာက ပြန်ခေါ် သက်သေတွေ များလို့ ကြန့်ကြာမှု မရှိအောင် အခုလို စစ်ဆေးတာပါ”ဟု ပြောသည်။

ယင်းအမှုနှင့် ပတ်သက်၍ စစ်ဆေးမှု ပြုလုပ်ရာတွင် အချိန် ၁ နှစ်ကျော် ကြာမြင့်သည် အထိ တရားလိုပြ သက်သေ ၄၀၀ ကျော် စစ်ဆေးရန် ရှိရာ လက်ရှိ အချိန်ထိ ၂၀၀ ကျော် စစ်ဆေးပြီး ဖြစ်သည်။

ထိုသို့ တရားလိုပြ သက်သေများ စစ်ဆေးရန် ကျန်ရှိနေသော်လည်း ယခုကဲ့သို့ ကြားဖြတ် စွဲချက်တင်လိုက်ခြင်း ဖြစ်သည်။

စစ်ဆေးထားသည့် တရားလိုပြ သက်သေများထဲမှ ကနဦး သက်သေ ပေါ်ပေါက်သည်ဟု ယူဆပါက တရားသူကြီး အနေ ဖြင့် စွဲချက်တင်နိုင်ကြောင်း၊ ယင်းသို့ စွဲချက်တင်လိုက်ခြင်းသည် ကြန့်ကြာနေသည့် အမှုများကို ဖြေလျော့စေမည် ဖြစ်ကြောင်း ပျဉ်းမနားမြို့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ဧရာဝတီသို့ ပြောသည်။

၎င်းက“ခရိုင် တရားရုံးက စွဲချက်တင်တာကို စွဲချက်က အပြီးသတ် အမိန့် မဟုတ်သည့် အတွက်ကြောင့် ကြားဖြတ် အမိန့် တခု ဖြစ်တယ်။ အဲဒါကို ပြင်ဆင်မှု တက်ရမယ်။ ပြင်ဆင်မှု ဆိုရင်ကို ရက်ပေါင်း ၆၀ အတွင်း မှာ သူ့အထက် တရားရုံးကို တက်ရပါတယ်။ မန္တလေးတိုင်း တရားလွှတ်တော်ကို ရာဇဝတ် ပြင်ဆင်မှု အနေနဲ့ တက်ရမှာ ဖြစ်ပါတယ်”ဟု ရှင်းပြသည်။

ဆက်လက်၍ ဦးခင်မောင်ဇော်က“ဒီစွဲချက်ကို ဖြုတ်ပေးဖို့ ဖြစ်ဖြစ်၊ စွဲချက်မှာ တင်ထားတဲ့ ပုဒ်မတွေက ကြီးနေလို့ ကျန်တဲ့ သင့်တော်တဲ့ ပုဒ်မ လျှော့ပြီးတော့ တင်ဖို့ ဖြစ်ဖြစ် ပြင်ဆင်ဖို့ တက်လို့ ရပါတယ်”ဟု ပြောသည်။

တရားစီရင်ရေး အနေနှင့် နေပြည်တော်သည် မန္တလေးတိုင်း၏ လက်အောက်တွင် တည်ရှိနေသဖြင့် မန္တလေး တိုင်းတရား လွှတ်တော်ကို တင်ရမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က နေပြည်တော် လေဆိပ်တွင် ဖြိုးကိုကိုတင့်ဆန်း၊ ရဲမင်းဆွေ၊ ဇော်ဝင်းထိုက် တို့ထံမှ ပစ္စတို ၂ လက်၊ ကျည်ဆန်များ၊ စိတ်ကြွဆေးပြားများ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ကွင်းဆက် အဖြစ် ACE ရုံးနှင့် နေအိမ်၌ လက်နက်၊ စကားပြော စက်၊ နိုင်ငံတော် လုံခြုံရေး ကဲ့သို့သော အဖွဲ့အစည်း တံဆိပ်စသည့် ပစ္စည်းများကို တွေ့ရှိခဲ့ သဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဆက်စပ် ဖတ်ရှုရန်ဖြိုးကိုကိုတင့်ဆန်းအား ပုဒ်မ ၁၄ ခုဖြင့် စွဲချက်တင်

Did you find apk for android? You can find new Free Android Games and apps.
Loading