သတင်း

မလေးရှား ထွက်မည့် ဒုက္ခသည်လှေများ ဘင်္ဂလားဒေ့ရှ် စောင့်ကြပ်တားဆီးနေ

Want create site? Find Free WordPress Themes and plugins.

ပင်လယ်ပြင်ကို လှေဖြင့် ဖြတ်သန်းကာ မလေးရှားနိုင်ငံသို့ ထွက်ခွာနေသည့် လှေစီးဒုက္ခသည်များကို တားဆီးရန် ကင်းလှည့်စောင့်ကြည့်ခြင်း ဆောင်ရွက်နေကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ပြောသည်။

“လူကုန်ကူးမှု ကာကွယ်တားဆီးဖို့ ကျနော်တို့အဖွဲ့က စည်းရုံးဆောင်ရွက်နေပါတယ်” ဟု ကော့ဘဇားခရိုင်၊ တက်နာ့ဖ်ဒေသရှိ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်(BGB) မှ တပ်မှူး ဒုတိယဗိုလ်မှူးကြီး အေဒတ်ဖ်ဇမန်ချောင်ဒရီက ပြောသည်။

ဦးရေ အနည်းဆုံး ၁၅၀ ခန့် ခရီးထွက်ရန် ပြင်ဆင်နေကြသည်ဟု ယုံကြည်ရပြီး အများစုမှ အမျိုးသမီးနှင့်ကလေးများဖြစ်ကြောင်း၊ ၎င်းတို့ကို တက်နာ့ဖ်ဒေသတွင် ပြီးခဲ့သည့်နိုဝင်ဘာလကတည်းက ကယ်ဆယ်ထားခြင်းဖြစ်ကြောင်း ဘင်္ဂလားရဲတပ်ဖွဲ့၊ ကမ်းရိုးတန်းစောင့်တပ်နှင့် BGB တို့ထံမှ ရရှိသော သတင်းများအရ သိရသည်။

လူကုန်ကူးသူများဟု စွပ်စွဲခံရသူ ၁၈ ဦးကိုလည်း ဖမ်းဆီးထားပြီး ၎င်းတို့အထဲမှ ၁၆ ဦးကို ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်အရေးယူထားကြောင်း ကော့ဘဇားရဲတပ်ဖွဲ့က ပြောသည်။

နိုဝင်ဘာလ ၉ ရက်က ဘင်္ဂလားပင်လယ်အော်အတွင်း မလေးရှားနိုင်ငံသို့ ဦးတည်ထားသော ငါးဖမ်းလှေပေါ်မှ မသင်္ကာသူ ၆ ဦးကို လူကုန်ကူးမှုဖြင့် ကမ်းရိုးတန်းစောင့်တပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ဒုက္ခသည် ၃၃ ဦးကိုလည်း ထိန်းသိမ်းခဲ့သည်။

ကော့ဘဇားသို့ အထောက်အကူပေးနေပြီး ဒုက္ခသည်စခန်းများတွင် လုပ်ကိုင်နေသူ အမှုဆောင်ဒါရိုက်တာ အဘူကာရှန်က ဒုက္ခသည်များသည် အခကြေးငွေယူသော လူကုန်ကူးသူများ အကူအညီဖြင့် မလေးရှားနိုင်ငံသို့ ရောက်ရှိရန် အပူတပြင်းဖြစ်နေကြကြောင်း ဆိုသည်။

“အခု အခြေအနေကတော့ သတိပေးနေတဲ့ အခြေအနေ ဖြစ်နေပါတယ်” ဟု သူက ပြောသည်။

မွတ်ဆလင်ဘာသာဝင်ဖြစ်ကြသော ဒုက္ခသည်များသည် မလေးရှားသို့ ဦးတည်ကြခြင်းမှာ ၎င်းတို့ဆွေမျိုးသားချင်းများ ထိုနေရာတွင်ရှိကြပြီး မွတ်ဆလင်အများစု နိုင်ငံဖြစ်ကြခြင်းကြောင့် ဟုဆိုကြောင်း ဒုက္ခသည် အသိုင်းအဝိုင်းခေါင်းဆောင်များက ပြောသည်။

“သူတို့ ဆွေမျိုးသားချင်း အများကြီးက သူတို့ကို မလေးရှားကို ဘယ်နည်းနဲ့မဆို လိုက်လာဖို့ တိုက်တွန်းတာ ရှိပါတယ်” ဟု ဒုက္ခသည် အသိုင်းအဝိုင်းခေါင်းဆောင် မူဟာမက်အလီက ပြောသည်။

မကြာသေးမီကာလကလည်း BGB တပ်ဖွဲ့သည် မလေးရှားနိုင်ငံသို့ ထွက်ရန်ပြင်ဆင်နေသော စက်လှေတစင်းပေါ်မှ ဒုက္ခသည် ၆ ဦးကို ထိန်းသိမ်းခဲ့ပြီး နောက်ထပ် ၂၂ ဦးကို ဖေဖော်ဝါရီ ၁၀ ရက်နေ့က ထပ်မံထိန်းသိမ်းခဲ့သည်။ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ၃၀ ဦးကို ထိန်းသိမ်းခဲ့ပြီး လူကုန်ကူးမှုဖြင့် မသင်္ကာသူ ၂ ဦးကို ဖမ်းဆီးခဲ့သည်။

ထိန်းသိမ်းထားသူများက သောကြာနေ့က ၎င်းတို့ဒုက္ခသည်စခန်းများသို့ သီတင်းပတ်အစောပိုင်း၌ ပြန်လွှတ်ပေးခဲ့ကြောင်း၊ ၎င်းတို့သည် လူကုန်ကူးသူများ စီစဉ်ပေးသော နေရာထိုင်ခင်းများတွင် ခိုလှုံနေကြောင်း၊ လူကုန်ကူးသူများကို ၎င်းတို့က မလေးရှားပို့ပေးရန် တာကာငွေ ၅ သောင်း(အမေရိကန်ဒေါ်လာ ၅၉၆ ဒေါ်လာ) မှ တာကာ ၁ သောင်း(၁၁၉၂ ဒေါ်လာ) အထိ ပေးရကြောင်း ဒုတိယဗိုလ်မှူးကြီးချောင်ဒရီက ပြောသည်။

ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ထိန်းသိမ်းခံရသည့် အမျိုးသမီးငယ်နှစ်ဦးက သတင်းထောက်များကို ပြောကြားရာတွင် ၎င်းတို့ကို လှေတစင်းဖြင့် ခေါ်ဆောင်သွားခြင်းခံရသော်လည်း ပင်လယ်ပြင်ကို မြင်ပြီး စိတ်ပြောင်းသွားတာက ၎င်းတို့လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများတိုးပွားလာကြောင်း ဆိုသည်။

“ကျမ မိဘတွေက ကျမ လက်ထပ်ဖို့ မစီစဉ်ပေးနိုင်ပါဘူး။ အဲဒါကြောင့် ပင်လယ်ဖြတ်ပြီး မလေးရှားကို သွားဖို့ ကျမ စီစဉ်နေခဲ့တာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘင်္ဂလားဒေ့ရှ် အစ်ကို(လူကုန်ကူးမှုကျူးလွန်သည်ဟု သံသယရှိသူ) က ကျမ လက်ထပ်ဖို့ သူ စီစဉ်ပေးမယ်၊ ငွေလည်း ထောက်ပံ့မယ်လို့ အာမခံပါတယ်။ ဒါပေမယ့် ပင်လယ်ပြင်အန္တရာယ်ကို မြင်ပြီးတဲ့နောက်မှာ ကျမနောက်ဆုတ်လိုက်ပါတယ်” ဟု နာဂျဟန်ဘီဂျန်က ပြောသည်။

ရှဟီနာအက်ထာကလည်း သူ၏မိဘများ မြန်မာဘက်ခြမ်းတွင် သေဆုံးသွားချိန်တွင် သူ့မှာ ကလေးအရွယ်သာရှိသေးပြီး နောက်ပိုင်းတွင် သူ၏ဦးလေးမိသားစုနှင့်အတူ နေထိုင်ခဲ့ရကြောင်း ပြောပြသည်။

“သူတို့က ကျမ လက်ထပ်ဖို့ မစီစဉ်ပေးနိုင်ပါဘူး။ မလေးရှားသွားပြီး အဲဒီမှာပဲ လက်ထပ်မလို့ပါ” ဟု သူက ပြောသည်။

လူကုန်ကူးမှုကျူးလွန်သည်ဟု သံသယရှိသူတဦး၏နေအိမ်ကို ဝင်ရောက်စီးနင်းစဉ်အတွင်း ဒုက္ခသည်အယောက် ၂၀ ကို ထိန်းသိမ်းရမိခဲ့ကြောင်း ဖေဖော်ဝါရီ ၇ ရက်နေ့၌ ရဲတပ်ဖွဲ့က ပြောသည်။ မလေးရှားရှိ ၎င်းတို့ဆွေမျိုးသားချင်းများက ပင်လယ်ဖြတ်သန်းခရီးစဉ်ကို စီစဉ်ပေးကြပြီး အလုပ်ရှာထားပေးကြောင်း စုံစမ်းရေးမှူးများအား ဒုက္ခသည်များက ပြောကြားကြသည်ဟု ရဲတပ်ဖွဲ့အဆိုအရ သိရသည်။

အမေရိကန်နိုင်ငံခြားရေးဌာနက ၂၀၁၈ ခုနှစ်အတွက် ထုတ်ပြန်သော လူကုန်ကူးမှု ကျူးလွန်သူများဆိုင်ရာအစီရင်ခံစာတွင် “နိုင်ငံမဲ့ဖြစ်နေသော အနေအထားရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တရားဝင်အလုပ်လုပ်ခွင့်မရနိုင်၍ ရိုဟင်ဂျာ ဒုက္ခသည်များမှာ လူကုန်ကူးခံရမှုအန္တရာယ် အထူးကြီးမားနေကြောင်း” ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများအတွက် အလုပ်သမားနှင့်လိင်ပိုင်းဆိုင်ရာလူကုန်ကူးခံရရန် ခေါင်းပုံဖြတ်တွန်းအားပေးနေသော အရင်းအမြစ်၊ တဆင့်လွှဲပြောင်းနှင့် ဦးတည်ရာ နိုင်ငံဖြစ်နေကြောင်း၊ ယင်းနိုင်ငံကို အမေရိကန်နိုင်ငံရေးဌာန၏ စောင့်ကြည့်စာရင်း Tier 2 အဆင့်သတ်မှတ်ထားကြောင်း အဆိုပါအစီရင်ခံစာက ဆိုသည်။

“မဝေးလှသေးသော အတိတ်ကာလက အရှေ့တောင်အာရှနိုင်ငံများဆီသို့ လှေစီးပြေးကြသည့် ရိုဟင်ဂျာအချို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူအချို့သည် ပို့ဆောင်ပေးခ မတတ်နိုင်ကြသည့်အခါ အတင်းအဓမ္မ အလုပ်စေခိုင်းခံရသည့်အဖြစ်သို့ ရောင်းစားခံရကာ ခေါင်းပုံဖြတ်ခံနေရကြောင်း” အဆိုပါ အစီရင်ခံက ထပ်လောင်းရေးသားထားသည်။

ဒုက္ခသည်စခန်းများတွင် လူများပြည့်ကြပ်နေသဖြင့် ပြီးခဲ့သည့် ခြောက်သွေ့ရာသီအတွင်း ဒုက္ခသည်အနည်းငယ်မှာ စခန်းမှထွက်ပြေးရန် ကြိုးစားခဲ့ကြကြောင်း၊ ထိုသူများမှာ ၂၀၁၇ ခုနှစ်နှောင်းပိုင်း ရခိုင်ပြည်နယ်တွင် မြန်မာ လုံခြုံရေးတပ်ဖွဲ့က နှိမ်နင်းပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မကြာသေးမီက ရောက်ရှိလာကြသူများဖြစ်ကြကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ဆိုထားသည်။

နှိမ်နင်းမှုကြောင့် ဘင်္ဂါလီ ၇၂၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးလာကြကြောင်း ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီ၏အဆိုအရ သိရသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလကတည်းက ကော့ဘဇားနှင့်အခြားခရိုင်များမှ အမျိုးသမီးဆယ်ဂဏန်းမျှသည် လူပွဲစားများမှတဆင့် နိုင်ငံကူးလက်မှတ်ပြုလုပ်ပြီး ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးရန် ကြိုးစားခဲ့ရာ ၎င်းတို့ကို ထိန်းသိမ်းခဲ့ပြီး ဒုက္ခသည်စခန်း ပြန်ပို့ပေးခဲ့သည်။

ဒုက္ခသည်စခန်းပတ်ပတ်လည်တွင် လုံခြုံရေးဂိတ် ၁၁ ဂိတ်ထားရှိပြီး လူကုန်ကူးခံရမည့်ဘေးအန္တရာယ်ကို မှာကြားထားပြီးဖြစ်ကြောင်း ကော့ဘဇား၊ အူခီးယားခရိုင်ခွဲမှ အမှုဆောင်ဒါရိုက်တာ မက်နီကာရက်ဇာမန်းက ပြောသည်။

“ကျနော်တို့ဘက်ကလည်း နိုင်ငံကူးလက်မှတ်စစ်ဆေးတဲ့နေရာမှာ အထောက်အထား စိစစ်မှုစနစ်ကိုသုံးပြီး တင်းကြပ်ထားပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံကူးလက်မှတ်ရရန် ကြိုးစားသည့် ဒုက္ခသည်များကို တားဆီးနေပုံအကြောင်း ၎င်းက ဧရာဝတီသို့ ရှင်းပြသည်။

၂၀၁၅ ခုနှစ်က အိမ်နီးချင်းထိုင်းနိုင်ငံမှ အာဏာပိုင်များက ပင်လယ်ထဲသို့ မျောပါလာသည့် လှေများကို ရှာဖွေစစ်ဆေးရာ လူ ပြွတ်သိပ်တင်ဆောင်လာပြီး လူကုန်ကူးခံရသော ဘင်္ဂါလီများဖြင့် အဆိုပါလှေပေါ်တွင် ပြည့်ကြပ်နေကြောင်း သတင်းများထွက်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်အစိုးရသည် လူကုန်ကူးမှုကျူးလွန်သူများကို စတင်နှိမ်နင်းခဲ့ခြင်းဖြစ်သည်။

(Muktadir Rashid သည် ဒါကာအခြေစိုက် ဧရာဝတီ သတင်းထောက်ဖြစ်ပြီး ၎င်း၏ Bangladesh Steps Up Patrols to Stop Rohingya Risking Boat Trips to Malaysia ကို ဆီလျော်အောင် ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading