သတင်း

ဖမ်းဆီးခံ ရခိုင်တိုင်းရင်းသား ၂၆ ဦးမှ ၁၃ ဦး တရားစွဲခံရ

ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်၌ ဖမ်းဆီးခံခဲ့ရသည့် ရခိုင်တိုင်းရင်းသား ၂၆ ဦးအနက် ၁၃ ဦးကို ကျောက်တော်မြို့ နယ် တရားရုံး၌ မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) ၊ ၁၇ (၂) တို့ဖြင့် ယမန်နေ့က တရားစွဲခဲ့ပြီး၊ ကျန် ၁၃ ဦးအား ခံဝန်ချက်ဖြင့် ပြန်လည် လွှတ်ပေးလိုက်ကြောင်း သတင်း ရရှိသည်။

တရားစွဲဆိုခံရသော ၁၃ ဦးတွင် ရှင်းလက်၀ ကျေးရွာသား ၁၁ဦးနှင့် ၎င်းတို့ကို လက်ခံထားသည့် ကျောက်တော်မြို့မှ အိမ်ရှင် ဦးသန်းစိုးတို့ ဇနီးမောင်နှံ ဖြစ်ကြောင်း ယင်းအမှုကို လိုက်ပါဆောင် ရွက်နေသည့် အထက်တန်း ရှေ့နေ ဦးထွန်းလှ ကပြောသည်။

“မနေ့က ၁၃ ဦးကို ကျော်တော်မြို့နယ် တရားရုံးမှာ မတရားအသင်းဥပဒေပုဒ်မ ၁၇(၁) ၊ ၁၇(၂) တရား စွဲတင်ပါတယ်။ ကျန်တဲ့ ၁၃ ဦးကိုတော့ တရားစွဲဆိုဖို့ ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေ မပေါ်ပေါက်တဲ့အတွက် ရဲစခန်းမှာ ခံဝန် ချက် လက်မှတ်ရေးထိုးပြီး ညနေပိုင်းမှာ ပြန်လွတ်ပေးပါ တယ် ” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ယင်းအမှုကို ကျောက်တော် အခြေစိုက် အမှတ် (၃၇၅) တပ်ရင်းမှ ဗိုလ်မှူး နိုင်အောင်ဖြိုးက တရားလို လုပ်၍ အမှုဖွင့် တရားစွဲ ဆိုခဲ့ခြင်း ဖြစ်ပြီး လာမည့် မတ်လ ၄ရက်နေ့ကို ထပ်မံ ရုံးချိန်းပေး လိုက် ကြောင်း ရှေ့နေ ဦးထွန်းလှက ဆက် လက် ပြောသည်။

၎င်း ရခိုင်တိုင်းရင်းသား ၂၆ ဦးအနက် ၂၄ဦးမှာ ပလက္​ဝမြို့နယ်၌ ဖြစ်ပွားသည့် မြန်မာ့တပ်မ တော် နှင့် ရက္ခိုင့် တပ်မ တော် (AA)တို့၏ တိုက်ပွဲများကြောင့် ဇန်နဝါရီလ နောက်ဆုံး အပတ်က မြို့ပေါ်သို့ ခေတ္တ တိမ်းရှောင်လာ သူများ ဖြစ်ကြောင်း၊ ၎င်းတို့ တည်းခိုနေမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ်ရှိ အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ တို့ကို တရားဝင် အကြောင်း ကြားထားကြောင်း၊ သို့သော် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ၎င်း ၂၄ဦးနှင့် အိမ်ရှင်လင်မယားကို ရက္ခိုင့် တပ်မတော် ( AA ) ပတ်သက် ဆက်နွယ်မှု ရှိသည်ဟု ဆို၍ အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် ၎င်းတို့ ၂၆ ဦးကို ကျောက်တော်မြို့မှ စစ်တွေမြို့သို့ ခေါ်ဆောင်၍ အမှတ် (၁) စခန်းတွင် ရဲအထူးအမှုစစ် အဖွဲ့ဖွဲ့ကာ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ဆက်စပ်ဖတ်ရှု့ရန် ကျောက်တော်တွင် ရခိုင်တိုင်းရင်းသား ၂၆ ဦး ဖမ်းဆီးခံရ 

ဖမ်းဆီးခံ ရခိုင်တိုင်းရင်းသား ၂၅ ဦးကို ရဲအထူးအမှုစစ် အဖွဲ့ဖြင့် စစ်ဆေးနေ

Loading