သတင်း

တိုက်ခိုက်မှုအတွက် တန်ဖိုးကြီးစွာ ပေးဆပ်ရမည်ဟု ပါကစ္စတန်ကို အီရန်ခြိမ်းခြောက်

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့သည့်တပတ် အစောပိုင်းက နယ်စပ်အနီး အသေခံ ဖောက်ခွဲတိုက်ခိုက်မှုတွင် အီရန် အဆင့်မြင့် တော်လှန်ရေး အစောင့်တပ်ဖွဲ့ဝင် ၂၇ ဦးကို သတ်ဖြတ်ခဲ့သည့် စစ်သွေးကြွများအား ခိုလှုံခွင့်ပေးထားခြင်းအတွက် ကြီးမားသောတန်ဖိုး ပေးဆပ်ရလိမ့်မည် ဖြစ်ကြောင်း အီရန်နိုင်ငံက ပါကစ္စတန်နိုင်ငံကို ပြောကြားလိုက်ကြောင်း အစိုးရရုပ်သံက ကြေညာသည်။

အီရန်၏ ဒေသတွင်းပြိုင်ဖက်များဖြစ်သော ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများ နိုင်ငံတို့သည်လည်း အီရန်တပ်ဖွဲ့များကို တိုက်ခိုက်သည့် ဆွန်နီစစ်သွေးကြွအုပ်စုကို ထောက်ခံနေကြောင်း တော်လှန်ရေး အစောင့်တပ် အကြီးအကဲ ဗိုလ်ချုပ် မိုဟာမက် အလီ ဂျဖရီက စွပ်စွဲလိုက်ပြီး လက်စားခြေသော စစ်ဆင်ရေးများနှင့် ရင်ဆိုင်ရမည်ဟု သူက ပြောကြားသည်။

ပါကစ္စတန်၊ ဆော်ဒီအာရေးဗျနှင့် အာရပ်စော်ဘွားများ နိုင်ငံတို့ကမူ ထိုစစ်သွေးကြွများကို ထောက်ခံခြင်း မရှိကြောင်း ပြောသည်။

“ပါကစ္စတန်စစ်တပ်နဲ့ လုံခြုံရေးအဖွဲ့အစည်းတွေဟာ တန်ပြန်တော်လှန်ရေး အုပ်စုတွေကို ဘာလို့ ခိုလှုံခွင့်ပေးနေတာလဲ။ ပါကစ္စတန်အနေနဲ့ တန်ဖိုးကြီးကြီးမားမား ပေးဆပ်ရမယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး” ဟု ဂျဖရီက အစိုးရ ရုပ်သံတွင် ပြောသည်။

လွန်ခဲ့သောတပတ်က အသေခံ ဗုံးခွဲတိုက်ခိုက်ခံရသူများ၏ ဈာပန အခမ်းအနားတွင် ဂျဖရီက ကြီးမားသော လူအုပ်ကြီးကို မိန့်ခွန်း ပြောကြားနေခြင်းဖြစ်သည်။ ထိုဈာပန အခမ်းအနား ကျင်းပရာဒေသသည် မကြာသေးမီ အချိန်က စတင်ပြီး ဆွန်နီမွတ်စလင် လူနည်းစုအသိုင်းအဝန်းမှ စစ်သွေးကြွများ၏ တိုက်ခိုက်မှုများကို ပိုမို ရင်ဆိုင်လာရသော ဒေသဖြစ်သည်။

“ပြီးခဲ့တဲ့နှစ်အတွင်းမှာတင် အသေခံဗုံးခွဲတိုက်ခိုက်မှု ၆ ခု၊ ၇ ခုလောက်ကို ဟန့်တားနိုင်ခဲ့ပေမယ့် ဒီတခါတော့ သူတို့ အောင်မြင်သွားတယ်” ဟု ဂျဖရီက အစ္စဖာဟန်မြို့ရင်ပြင်နှင့် လမ်းတလျှောက်တွင် ပြည့်နှက်သွားသည်အထိ အခမ်းအနား တက်ရောက်လာသော ပူဆွေးနေသူများကို ပြောသည်။

ဘာလူချစ် လူမျိုးစုအတွက် ပိုမိုမြင့်မားသော အခွင့်အရေးနှင် ပိုမိုကောင်းမွန်သော လူနေမှုအခြေအနေများ တောင်းဆိုနေသော အဂျာရှီ အယ် အဒယ် အမည်ရှိ ဆွန်နီအုပ်စုက ထိုတိုက်ခိုက်မှုသည် ၎င်းတို့၏ လက်ချက် ဖြစ်ကြောင်း ကြေညာခဲ့သည်။

“အီရန်နိုင်ငံရဲ့ သည်းခံနိုင်မှု ကုန်ဆုံးသွားပြီဆိုတာနဲ့ အဲဒီ အစ္စလမ်ဆန့်ကျင်ရေး ရာဇဝတ်တွေကို လျှို့ဝှက်ထောက်ခံနေမှုများကို အီရန်နိုင်ငံက သည်းမခံနိုင်တော့ဘူးဆိုတာ သစ္စာမဲ့တဲ့ ဆော်ဒီနဲ့ အာရပ် စော်ဘွားများနိုင်ငံအစိုးရတွေ သိသင့်တယ်” ဟုလည်း ဂျဖရီက ပြောသည်။

“ကျနော်တို့ အာဇာနည်တွေရဲ့ သွေးအတွက် ဆော်ဒီနဲ့ အာရပ်စော်ဘွားများနိုင်ငံ အစိုးရတွေကို လက်စား ချေမယ်။ လက်စားချေတဲ့ စစ်ဆင်ရေးတွေကို ကျနော်တို့ စိတ်တိုင်းကျလုပ်ဖို့ သမ္မတ ဟက်ဆန် ရိုဟာနီကို တောင်းဆိုမယ်” ဟု လူအုပ်ကိုပြောပြီး ဘုရားသခင်သည် ကြီးမြတ်သည်ဟူသော ကြွေးကြော်သံများ အော်ဟစ်စေခဲ့သည်။

ဆွန်နီစစ်သွေးကြွ အုပ်စုများသည် ပါကစ္စတန်နိုင်ငံတွင် ခိုအောင်းကာ တိုက်ခိုက်မှုများ လုပ်ကြသည်ဟု အီရန်၏ ရှီအိုက် မွတ်စလင် အာဏာပိုင်များက ပြောကြားပြီး ၎င်းတို့ကို နှိမ်နင်းရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။

ကိုးကား။ ။ Reuters

Did you find apk for android? You can find new Free Android Games and apps.
Loading