သတင်း

ကုန်သွယ်ရေးစစ် စေ့စပ် ညှိနှိုင်းမှု ပြန်လည် စတင်ကြောင်း အိမ်ဖြူတော် ကြေညာ

Want create site? Find Free WordPress Themes and plugins.

အခွန်စည်းကြပ်မှု စစ်ပွဲ အဆုံးသတ်စေရန်အလို့ငှာ အမေရိကန်-တရုတ်ကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းမှုကို ဝါရှင်တန်တွင် အင်္ဂ ါနေ့၌ ပြန်လည်စတင်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ကြေညာလိုက်သည်။

သမ္မတဒေါ်နယ်ထရမ့်က ယခုစေ့စပ်ဆွေးနွေးမှုသည် အလွန်ကောင်းမွန်သည့်အနေအထားတွင်ရှိနေပြီး သဘောတူညီချက် တရပ်ရရှိရန်အတွက် မတ်လ ၁ ရက်ကို ကုန်သွယ်ရေး ဆိုင်းငံ့ထားသည့် နောက် ဆုံး သတ်မှတ်ထားခြင်းအပေါ် ၎င်း အနေ ဖြင့် ထပ်တိုးပေးနိုင်ကြောင်း အကြံပြုခဲ့သော်လည်း ပြီးခဲ့ သည့်သောကြာနေ့က နောက်ဆုံးဆွေးနွေးမှုမှာ အပေး အယူ တရပ် ထွက်မလာဘဲ အဆုံးသတ်သွား ခဲ့သည်။

နောက်တကြိမ်ပြုလုပ်မည့် ဆွေးနွေးပွဲများကို ဒုတိယအဆင့် အစည်းအဝေးများနှင့် စတင်ပြီးနောက် ကြာသာပတေးနေ့ တွင်မူ အဓိက ဆွေးနွေးပွဲများကို ပြုလုပ်မည်ဟု အိမ်ဖြူတော်က တနင်္လာနေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဆိုထား သည်။

အမေရိကန်ဘက်မှ အဆိုပါ ညှိနှိုင်းမှုများကို ကုန်သွယ်ရေး ကိုယ်စားလှယ်တော် ရောဘတ် လိုက်သီ ဇာက ဦးဆောင်ညှိနှိုင်း သွားမည်ဖြစ်ပြီး ဘဏ္ဍာရေး အတွင်းဝန် စတီဗင် မနူချင်း၊ ကူးသန်းရောင်း ဝယ်ရေးအတွင်းဝန် ဝီဘာရော့စ်၊ စီးပွားရေးမူဝါဒ အကြံပေး လယ်ရီ ကော့ဒလိုနှင့် ကုန်သွယ်ရေး အကြံပေး ပီတာနာဗာရိုတို့ ပါဝင်ကြမည်ဖြစ်သည်။

တချိန်တည်းမှာပင် တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဘေဂျင်း၏ထိပ်ဆုံးကုန်သွယ်မှု ညှိနှိုင်းရေးမှူးဖြစ်သူ ဒုတိယဝန်ကြီးချုပ် Liu He က ကိုယ်စားပြုတက်ရောက်ဆွေးနွေး မည်ဖြစ် ကြောင်း ကြေညာသည်။

အကယ်၍ ကုန်သွယ်ရေး မမျှတမှုနှင့် နည်းပညာ အခိုးခံရမှု အပေါ် အမေရိကန်၏ မကျေနပ်ချက် များနှင့် ပတ်သက်ပြီး ဝါရှင်တန်နှင့် ဘေဂျင်းတို့ အကြား သဘော တူညီချက် တရပ်ရရန် နီးစပ်ပါက တရုတ်ကုန်စည်များ အတွက် လက်ရှိ အခွန် စည်းကြပ်မှုနှုန်း ၁၀ရာခိုင်နှုန်းကို မတ်လ ၁ရက်နေ့တွင် ၂၅ ရာခိုင်နှုန်းသို့ တိုးမြှင့်ခြင်းအား ဆိုင်းငံ့ပေးရန် ဆန္ဒရှိကောင်းရှိနိုင်ကြောင်း သမ္မတ ထရမ့်က သောကြာနေ့ တွင် ထပ်လောင်းပြောကြားခဲ့သည်။

အမေရိကန်၏ ဉာဏပစ္စည်း ပိုင်ဆိုင်မှုကို ခိုးယူခြင်းနှင့် ကုန်စည်ဈေးကွက်တွင် တရုတ်အစိုးရက အလုံးအရင်းဖြင့် ဝင်စွက်ဖက်နေမှု အပါအဝင် မမျှတသော ကုန်သွယ်ရေး အခင်းအကျင်းတခု လက်တွေ့ကျင့်သုံးလျက် ဘေဂျင်းသည် ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းကို လွှမ်းမိုး ချုပ်ကိုင်ရန် ကြိုးစားနေကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူများက စွပ်စွဲခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ကတည်းက ဆိုင်းငံ့ထားသော ကုန်သွယ်ရေးစစ်နှင့် ပတ်သက်၍ အမေရိကန် ပဲပိစပ်ကို တရုတ်က ပြန်လည်ဝယ်ယူနေခဲ့ပြီး အမေရိကန်ကုန်သွယ်ရေးညှိနှိုင်းသူများနှင့် သဘော တူညီမှု တခုရစေရန် အမေရိကန်ကုန်စည် အများအပြားဝယ်ယူနိုင်ရေး ကမ်းလှမ်းထားခဲ့သည်။

ယခု စေ့စပ် ဆွေးနွေးနေမှုသည် အမေရိကန်နှင့် တရုတ်တို့ အကြား ကုန်သွယ်ရေးကိစ္စ အတွက် ဖွဲ့စည်းတည်ဆောက် မှု အပြောင်းအလဲ လိုအပ်နေခြင်းကို ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်ထားကြောင်း တနင်္လာနေ့ အိမ်ဖြူတော်ကြေညာချက်က ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading