နိုင်ငံ၏ အနေအထားနှင့် ကိုက်ညီမှု အရှိဆုံး ဖြစ်ရန် ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပါတီ တစု တဖွဲ့က လိုသလို ပုံစံပြောင်း လုပ်ဆောင်သွားမည် ဆိုပါက နိုင်ငံ၏ အခြေအနေလည်း ယိုင်သွားနိုင်ကြောင်း တပ်မတော် က သတိပေးလိုက်သည်။
ယနေ့ နေပြည်တော် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခေတ္တရပ်နားစဉ် လွှတ်တော်တွင်း တပ်မတော်သား အစု အဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် မောင်မောင်က သတင်းထောက်များကို ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ပါတီတစုတဖွဲ့က လိုသလို ပုံစံပြောင်း လုပ်သွားရင် နိုင်ငံရဲ့ အခြေအနေကလည်း ယိုင်သွားနိုင်တယ်။ ကိုယ့်နိုင်ငံက လည်း အရေးကြီးတဲ့ နေရာမှာ ရှိတဲ့အတွက် ကိုယ့်ရဲ့ရပ်တည်မှု မှားသွားတာနဲ့ စစ်တလင်း ဖြစ်ကောင်းလည်း ဖြစ်သွား နိုင်တယ်။ ဒါတွေကို သတိထားဖို့ လိုပါတယ်”ဟု ဗိုလ်မှူးချုပ် မောင်မောင်က ပြောသည်။
ထို့ကြောင့် ၂၀၀၈ ဖွဲ့ စည်းပုံကို ပြင်ဆင်ရာတွင် မူလ အနှစ်သာရများ သဘောတရာများ ယိုင်နဲ့ မသွားရန် ဥပဒေနှင့် အညီ ဆောင်ရွက်သင့်ပြီး လွှတ်တော်တွင်း မဲခွဲ ဆုံးဖြတ်ပါက အချိန်မရွေး နိုင်မှာပဲ ဆိုသည့် ပုံစံမျိုးဖြင့် တွန်းတွန်း တိုက်တိုက် လုပ်သွားသည်မှာ မသင့်လျော်ကြောင်းလည်း ဆိုသည်။
ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက ဦးထွန်းထွန်းဟိန်က“ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖြတ်လမ်း နည်းဖြင့် ပြင် ဆင်ရန် ကြိုးပမ်းမည် မဟုတ်ပါ။ တပါတီ တစုတဖွဲ့မှ ဆောင်ရွက်ချက်ထက် ပြည်သူ့ဆန္ဒ အစစ်အမှန်နှင့် ကိုက်ညီတဲ့ ပြင်ဆင်ရေး လုပ်ငန်းများကို အတူတကွ ပူးပေါင်း ဆောင်ရွက်နိုင်ရန် အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်တဲ့ အကြောင်း လေးနက်စွာ တင်ပြ အပ်ပါတယ်”ဟု ယနေ့ လွှတ်တော်တွင် ပြောဆိုထားသည်။
ပူးပေါင်း ကော်မတီ၏ သက်တမ်းသည် စတင် ဖွဲ့စည်းသည့် အချိန်မှ လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းခြင်း၊ လွှတ် တော်တွင် ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်းနှင့် ဥပဒေကြမ်း တခု ပြုစုပြီးသည် အထိ ဖြစ်ကြောင်း၊ ဥပဒေ မူကြမ်းတွင် သ ဘော ကွဲလွဲမှုများ ရှိပါကလည်း ၎င်းတို့၏ သဘောထားကို ဥပဒေ မူကြမ်းနှင့် ပူးတွဲတင်ပြပြီး လွှတ်တော်တွင် ဆက် လက် ဆွေးနွေးမည် ဖြစ်ကြောင်းလည်း ဦးထွန်းထွန်းဟိန် က ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဆောလျင်စွာ ပြင်ဆင်နိုင်ရေး အတွက် ပူးပေါင်း ကော်မတီတခု ဖွဲ့စည်းရန် ယနေ့ ကျင်း ပသည့် ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်၍ အတည်ပြုနိုင်ခဲ့သော်လည်း တပ်မတော်နှင့် အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ကြံ့ခိုင်ရေး) ပါတီ တို့က ကန့်ကွက်ခဲ့ကြသည်။
ယင်းပူးပေါင်း ကော်မတီ ဖွဲ့ စည်းမှုကို ပြည်ထောင်စု လွှတ်တော်တွင် အဆုံးအဖြတ်ရယူရာ ကြံ့ခိုင်ရေးနှင့် တပ်မတော် က သဘောမတူသဖြင့် မဲခွဲဆုံးဖြတ်ရာ ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၅၉၄ ဦးတွင် ထောက်ခံသူ ၃၈၉ ဦး၊ ကန့်ကွက်သူ ၁၉၂ ဦးနှင့် ကြားနေသူ ၃ ဦးဖြင့် အတည်ပြုနိုင်ခဲ့သည်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ မူကြမ်းတွင် ဖော်ပြချက်အရ နိုင်ငံရေးပါတီ ၁၄ ခုမှ ၄၅ ဦးဖြင့် ဖွဲ့စည်း ထား ပြီး လွှတ်တော်ထဲရှိ ကိုယ်စားလှယ် ရရှိမှု အချိုးအစားအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ၁၈ ဦး၊ တပ်မတော်မှ ၈ ဦး၊ ကြံ့ခိုင်ရေး ပါတီမှ ၂ ဦး၊ တသီးပုဂ္ဂလ ၁ ဦးနှင့် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီချုပ်မှ ၂ ဦး၊ ရခိုင် အမျိုးသား ပါတီမှ ၂ ဦးနှင့် ကျန်တိုင်းရင်းသား နိုင်ငံရေး ပါတီများမှ ၁ ဦးစီနှင့် ကော်မတီ၏ ဥက္ကဋ္ဌ နှင့် ဒုတိယ ဥက္ကဋ္ဌ တို့မှာ လွှတ်တော် ရာထူးအလျောက် ပါဝင်ခွင့် ရရှိကြောင်း သိရသည်။
ထို့ကြောင့် ဥပဒေနှင့်အညီ အတည်ပြုနိုင်ခဲ့သည့် ယခု ပူးပေါင်းကော်မတီ၏ လုပ်ငန်းများကို ဆက်လက် ဆောင်ရွက် နိုင် ရန် စာရင်း ပေးထားသည့် ကော်မတီဝင်များဖြင့် အစည်းအဝေးများ ခေါ်ယူသွားမည် ဖြစ်ကြောင်း၊ ကော်မတီက ဖွဲ့ စည်းပုံ၏ ပြင်ဆင်သင့်သည့် အချက်များကို အစီခံရင်စာ အရင်ဆုံး တင်ပြမည် ဖြစ်ကြောင်း ပူးပေါင်းကော်မတီ၏ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုး က ပြောသည်။
“ဒီအစီရင်ခံစာ အပေါ်မှာ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်တွေ အကုန်လုံးက ဆွေးနွေးမယ်။ ဆွေးနွေးပြီးတဲ့ အခါကျရင်တော့ ရလဒ်တခု ထွက်လာလိမ့်မယ်။ လွှတ်တော်ရဲ့ အဆုံးအဖြတ်တခု ရလာလိမ့်မယ်။ အဲဒါဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းရဲ့ အခြေခံ အချက်တွေ ဖြစ်လာလိ့မ်မယ်။ ဒီ ၄၅ ဦး ကော်မတီကပဲ ဖွဲ့စည်း ပုံ အခြေခံ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဆက်ပြီး ရေးဆွဲမယ်။ ပြီးရင် ပြီးပြီ။ ဒီကော်မတီရဲ့ သက်တမ်းက အဲဒီ မှာတင် ပြီးသွားပြီ”ဟုလည်း ၎င်းက ပြောဆိုသည်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေကြမ်း ရရှိလာပါက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၁၂ တွင် ပါရှိသည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး နည်းလမ်း၊ ပြည်ထောင်စု လွှတ်တော် ဥပဒေများနှင့်အညီ ဆက်လက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရ သည်။
ပြည်ထောင်စု လွှတ်တော်သည် လုပ်ငန်းစဉ်တရပ်ကို ဥပဒေနှင့်အညီ ဖြည်းဖြည်းမှန်မှန် အားလုံး၏ သဘောတူညီချက် ဖြင့် ဆောင်ရွက်သင့်သော်လည်း ယခု လုပ်ဆောင်မှုသည် အရပ်စကားနှင့် ပြောပါက “ဇွတ်လုပ်”သည့် သဘော ဖြစ် ကြောင်း၊ ယခု ဆောင်ရွက်ချက်များသည် ပြဌာန်းထားသည့် ဥပဒေများနှင့် မညီကြောင်း ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေး က ပြောသည်။
“ဒီလုပ်ငန်းလုပ်နေတာ အားလုံးဟာ မီဒီယာလောကမှာလည်း သို့လော၊ သို့လောတွေ ဖြစ်ကုန်တယ်။ ပြည်သူတွေ ကြားထဲ မှာလည်း ဟိုဘက်ကလည်း ထောက်ခံပွဲတွေ လုပ်လိုက်၊ ဒီဘက်ကလည်း ထောက်ခံပွဲတွေ လုပ်လိုက်နဲ့ နိုင်ငံတော် မတည်မငြိမ် ဖြစ်လာနိုင်တယ်။ အဲဒါတွေဟာ နိုင်ငံတော်ကို အုပ်ချုပ်တဲ့သူတွေ ကြိုတင် စဉ်းစားသင့်တဲ့ ကိစ္စ”ဟု ဦးသောင်းအေးက ပြောဆိုသည်။
ကြံ့ခိုင်ရေးပါတီ အနေဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးတွင် ပုဒ်မ ၂၆၁ တခုတည်း ပြင်ဆင်ရေးကို ဖွဲ့စည်းပုံ ပြင်ဆင်ရေး အခန်း ၁၂ နှင့်အညီ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရပြီး ယနေ့တွင်လည်း ၎င်းတို့ပါတီ၏ ဖွဲ့စည်းပုံ ပြင်ဆင်ရေး မူကြမ်း တင်သွင်းထားကြောင်း ပြည်ထောင်စု လွှတ်တော်က ကိုယ်စားလှယ်များကို အသိပေးခဲ့သည်။
ကြံ့ခိုင်ရေး ပါတီနှင့် တပ်မတော်တို့သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး လွှတ်တော်တွင်း လမ်းကြောင်း မှ စတင် ကြိုးပမ်းသည့် အချိန်ကတည်းကပင် လုပ်ထုံးလုပ်နည်းနှင့် မညီဟု ဆိုကာ ဆက်တိုက် ကန့်ကွက် ခဲ့ပြီး ယနေ့ အချိန်အထိလည်း ကန့်ကွက်နေဆဲပင် ဖြစ်သည်။
တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က ယခုအခါ ပြည်သူအများက လိုချင်သည့် ဖွဲ့စည်းပုံ ပြင်ဆင် ရေးတွင် တပ်မတော်က မပါဟု ပုံဖော်နေကြသည်မှာ မသင့်လျော်ကြောင်း၊ တပ်မတော်က ပြင်ရန် ယူဆချက် များ ရှိသလို ပြင်မည် ဖြစ်ကြောင်း၊ အစောကြီးကတည်းက ပြင်ရန် စိတ်ကူးရှိပြီးသား ဖြစ်ကြောင်း ယနေ့ နေပြည်တော် ရှိ သတင်းထောက်များကို ပြောသည်။
မန္တလေးမြို့မှ တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးက ယခု ၂၀၀၈ ဖွဲ့စည်းပုံသည် တပ်မတော်ကို အသားပေး ထား သည့် ဖွဲ့စည်းပုံ ဖြစ်ပြီး ပုဒ်မ ၆ (စ) အရ တပ်မတော်သည် အမျိုးသား နိုင်ငံရေး အခန်းကဏ္ဍတွင် နေရမည် ဆို သည်မှာ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံ၏ ဖွဲ့စည်းပုံ ဥပဒေတွင်မှ မရှိကြောင်း၊ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အကုန်လုံး အသာစီး ယူထားသည့် ယခု ဖွဲ့စည်းပုံသည် ပြည်သူလူထု၏ ဆန္ဒ မပါဝင်ကြောင်း၊ လက်ညှိုးထောင် ခေါင်းညိတ် လူ ၇၀၀ ဖြင့် စိတ်ကြိုက် ရေးဆွဲပြီး အတိုက်အခံများကို ထောင်ထဲထည့်၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ် အချုပ် ချထားစဉ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။
“အခန်းက ၁၅ ခန်း ရှိတယ်။ ၁၅ နှစ် ကြာတယ်။ ပုဒ်မပေါင်း ၄၅၇ ခု ရှိတယ်။ စာတကြောင်းကို ၁၂ ရက်ကြာတယ်။ အဲဒီလို ဉာဏ်နီ ဉာဏ်နက်တွေနဲ့ ပြည်သူ့ အကျိုးစီးပွားကို ကိုယ်စားပြုတဲ့ ဖွဲ့စည်းပုံ မဟုတ်ပါဘူး။ စစ်တပ်ကို အကုန် လုံး အခွင့်အာဏာ အလုံးစုံ ပေးထားတာပဲ ဖြစ်ပါတယ်”ဟု ဦးသိန်းသန်းဦးက ပြောဆိုသည်။
၎င်းက ဆက်လက်၍“အခုဖြစ်နေတဲ့ ပြဿနာက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ချင်တဲ့ သူတွေနဲ့ မပြင်ချင်တဲ့ သူတွေ ရဲ့ ပြဿနာပဲ။ အဲဒီတော့ ဒီလွှတ်တော်ထဲမှာတော့ ဒီကိစ္စကို ဖြေရှင်းလို့ မရနိုင်ဘူး”ဟုလည်း ပြောသည်။
မြန်မာ့နိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းကမူ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အကြပ်အတည်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲတွင် အဓိကကျသည့် အကြပ်အတည်း ဖြစ်ရာ ယင်းကို ဖြေရှင်းနိုင်ရန် အရပ်ဘက်နှင့် စစ် ဘက် ခေါင်းဆောင်များကြားတွင် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေး အဖြေရှာနိုင်ရန် လိုအပ်ကြောင်း ပြောဆိုသည်။
“ခေါင်းဆောင်တွေကြားမှာ အကြိတ်အနယ် ညှိနှိုင်းဆွေးနွေးပြီးတော့ သဘောတူညီချက်တရပ် ရတဲ့အထိ အဖြေရှာ နိုင် ဖို့ လိုအပ်တယ်။ အဲဒီလို ညှိနှိုင်း အဖြေမရှာနိုင်သေးသရွေ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲဟာ လမ်းကြောင်း မှန်ပေါ်ကို မရောက်နိုင်ဘူး”ဟုလည်း ၎င်းက ပြောသည်။
ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုလိုက်သည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ သက်တမ်း သည် စတင် ဖွဲ့စည်းသည့်အချိန်မှ လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းခြင်း၊ လွှတ်တော်တွင် ဆွေးနွေးခြင်း၊ ဆုံးဖြတ် ခြင်း နှင့် ဥပဒေကြမ်းတခု ပြုစုပြီးသည်အထိ ဖြစ်ကြောင်း၊ ဥပဒေမူကြမ်းတွင် သဘောကွဲလွဲမှုများ ရှိပါကလည်း ၎င်းတို့ ၏ သဘောထားကို ဥပဒေမူကြမ်းနှင့် ပူးတွဲတင်ပြပြီး လွှတ်တော်တွင် ဆက်လက် ဆွေးနွေးမည် ဖြစ်ကြောင်း လွှတ်တော် ဒုတိယ နာယက ဦးထွန်းထွန်းဟိန်က ယနေ့တွင် ပြောဆိုသည်။
ယခု ပူးပေါင်းကော်မတီတွင် ပါဝင်သည့် ပါတီ အဖွဲ့အစည်းများမှာ NLD၊ ဝ ဒီမိုကရက် တစ်ပါတီ၊ ပအို့ဝ် အမျိုးသား အဖွဲ့ချုပ် ပါတီ၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်၊ ပလောင် (တအန်း) အမျိုးသား ပါတီ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုက ရေစီ အဖွဲ့ချုပ်၊ ရခိုင် အမျိုးသား ပါတီ၊ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွှတ်ရေး ပါတီ၊ မွန် အမျိုးသားပါတီ၊ အမျိုးသား ညီညွတ် သော ဒီမိုကရက်တစ် ပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီနှင့် လီဆူ အမျိုးသား ဖွံဖြိုး တိုးတက်ရေး ပါတီတို့ ဖြစ်ကြသည်။
လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသား ပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေး ပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း အသီး သီး ပါဝင်ပြီး စုစုပေါင်း ၆၅၇ ဦး ရှိကြောင်း သိရသည်။
ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် NLD က တင်သွင်းထားသည့် ဖွဲ့ စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်း ရေး မဲခွဲဆုံး ဖြတ်ခဲ့ပြီး ကြံ့ခိုင်ရေး ပါတီကလည်း ၂၀၀၈ ဖွဲ့စည်းပုံထဲမှ တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များကို သက်ဆိုင် ရာ လွှတ်တော် များကသာ တိုက်ရိုက် ရွေးချယ်ခွင့် ရရှိမည့် ပုဒ်မ ၂၆၁ ကို ပြင်ဆင်မည့် ဥပဒေကြမ်းကို တင်သွင်းခဲ့ သည်။