ရှေ့နေကြီး ဦးကိုနီကို သတ်ဖြတ်ရန် ကြံစည်ခဲ့သည့် စစ်ထောက်လှမ်းရေး ဗိုလ်ကြီးဟောင်းကို ရန်ကုန်ရှိ တရားရုံးတရုံးက နောက်ဆုံးအချိန်ကျမှ ပိုမိုသေးငယ်သော စွဲချက်ဖြင့် ပြစ်ဒဏ်လျှော့ပေါ့ ချထားခြင်းကို မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း (ILAM) က ရှုတ်ချလိုက်သည်။
ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးသည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဇေယျာဖြိုးကို အမှုအတွက် သက်သေ အထောက်အထား ဖျောက်ဖျက်မှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်သည်။ သေနတ်သမား ကြည်လင်းနှင့် ပူးပေါင်းကြံစည်သူ အောင်ဝင်းဇော်တို့ကို ၂၀၁၇ ခုနှစ်က ဦးကိုနီကို သတ်ဖြတ်မှုအတွက် သေဒဏ်များ ချမှတ်ခဲ့သည်။
ကြည်လင်းသည် သူ့ကို ဖမ်းဆီးရန်ကြိုးစားသော အငှားယာဉ်မောင်းကိုနေဝင်းကို သတ်ဖြတ်မှုအတွက် နောက်ထပ် ထောင်ဒဏ် နှစ် ၂၀ ကိုလည်း ချမှတ်ခံရသည်။ အောင်ဝင်းထွန်းသည် ထိုသူများအနက် တဦးကို လက်ခံခြင်းအတွက် ထောင်ဒဏ် ၃ နှစ် အချခံရသည်။
ထိုစီရင်ချက်နှင့်ပတ်သက်ပြီး အကြံပြုချက်များနှင့် ဥပဒေဆိုင်ရာ အစီရင်ခံစာတစောင်ကို သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လွှတ်တော် ဥက္ကဋ္ဌများထံ လာမည့်ရက်သတ္တပတ်များတွင် တင်သွင်းမည်ဟုလည်း အထက်ပါ ရှေ့နေများအသင်းက ပြောသည်။
သတ်ဖြတ်မှုကို နောက်ကွယ်မှ ကြိုးကိုင်ခဲ့သူဟု စွပ်စွဲခံရသူ ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်သည် လွတ်မြောက်နေဆဲ ဖြစ်သည်။ သူ့ကို နေပြည်တော်တွင် နောက်ဆုံးတွေ့ရသည်ဟု သိရသည်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထုတ်ပြန်သော ထိုကြေညာချက်အရ ILAM သည် ကြည်လင်းနှင့် အောင်ဝင်းဇော် တို့ကို သေဒဏ်ချမှတ်ခြင်းကို ကြိုဆိုခဲ့သည်။ သို့သော် ချိန်ကိုက် ကျူးလွန်သော သတ်ဖြတ်မှုတွင် ပါဝင်သူ တဦးကို ထောင် ၅ နှစ်သာ ချမှတ်ခြင်းသည် နိုင်ငံကို တုန်လှုပ်ခြောက်ခြားစေပြီး အများပြည်သူအမြင်တွင် လွန်စွာ နည်းပါးသည်ဟု အထက်ပါအဖွဲ့က ပြောသည်။
ဇေယျာဖြိုးသည် ကြိုတင်စီစဉ် သတ်ဖြတ်မှုနှင့် လူသတ်မှုကို ကြံစည်သူများကို ငွေကြေး အထောက်အပံ့ ပေးခြင်းဖြင့် ရာဇဝတ်သားကို ကူညီခြင်းတို့ ပတ်သက်သော စွဲချက်များကို ကနဦး ရင်ဆိုင်ခဲ့ရသည်။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့က ပြုလုပ်သော ထိုသတ်ဖြတ်မှုနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သူ့ကို ပထမဆုံးအကြိမ် ဖော်ပြခဲ့ခြင်းဖြစ်သည်။
အောင်ဝင်းခိုင်သည် လူသတ်မှုကို ကျူးလွန်ရန်အတွက် ဇေယျာဖြိုးထံမှ ငွေကြေး အကူအညီတောင်းခဲ့သည်ဟု သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်ချုပ် ဇော်ဝင်းကပြောသည်။ ဇေယျာဖြိုးက အောင်ဝင်းခိုင်ကို ၂၀၁၆ ခုနှစ် သြဂုတ်လတွင် ကျပ် သိန်း ၁ ထောင်ပေးခဲ့သည်ဟု ထိုစဉ်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ချမှတ်သော စီရင်ချက်တွင်မူ သူ့ကို ယခင်စွပ်စွဲထားသည့် စွဲချက်များမှ လွှတ်ပေးခဲ့ပြီး ရာဇဝတ်မှုဥပဒေ ပုဒ်မ ၂၀၁ ကို ချိုးဖောက်သောကြောင့်သာ ထောင်ဒဏ်ချမှတ်ခဲ့သည်။
လူသတ်မှုကို အဓိက ကြံစည်သူတဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတ်မှတ်ထားသည့် ဇေယျာဖြိုးကိုချမှတ်သည့် လျှော့ပေါ့သော ပြစ်ဒဏ်သည် လက်ခံနိုင်ဖွယ် မရှိကြောင်းနှင့် တရားမျှတမှုမရှိကြောင်း ILAM မှ ဝါရင့်အဖွဲ့ဝင် ဦးသိန်းသန်းဦးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
သူ၏ လုပ်သက်တလျှောက်တွင် တရားရုံးသည် ရဲတပ်ဖွဲ့အကြီးအကဲနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့၏ တွေ့ရှိချက်ကို ဆန့်ကျင်သည့် ဆုံးဖြတ်ချက်ချသည်ကို မကြားဖူးကြောင်း အသက် ၆၅ နှစ်ရှိပြီဖြစ်သော ရှေ့နေကြီး ဦးသိန်းသန်းဦးက ပြောသည်။
ပုဒ်မ ၂၀၁ သည်ပင် အများဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၇ နှစ်အထိ ခွင့်ပြုထားသော်လည်း တရားရုံးသည် ဇေယျာဖြိုးကို ထောင်ဒဏ် ၅ နှစ်သာ ချမှတ်ခဲ့ကြောင်းလည်း သူက ရှင်းပြသည်။
ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုသည် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၁၃၊ ၁၅၊ ၁၆ နှင့် ၁၇ တို့နှင့် အကြုံးဝင်သောကြောင့် ထိုအမှုကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ သီးခြားစစ်ဆေးရန်လည်း ILAM က တောင်းဆိုသည်။
ထိုသူ ၄ ဦးတို့သည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ရှေ့နေကြီးဦးကိုနီကို နေ့ခင်းကြောင်တောင် သတ်ဖြတ်သောကြောင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူသင့်သည်ဟု ILAM က ဆိုသည်။
တရားရုံး၏ ဇေယျာဖြိုးနှင့် ပတ်သက်သော အထက်ပါစီရင်ချက်ကို မကျေနပ်ကြောင်းနှင့် အထက်ရုံးသို့ အယူခံဝင်မည် ဖြစ်ကြောင်း တရားလိုရှေ့နေများကလည်း မီဒီယာများကို ပြောကြားခဲ့သည်။
(San Yamin Aung ၏ Lawyers Group Slams ‘Light’ Sentence for Ex-Officer Who Aided U Ko Ni Killers ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)