လွှတ်တော် ကိုယ်စားလှယ် လုပ်ပိုင်ခွင့်ကို မန္တလေးတိုင်း ဒေသကြီး အစိုးရ၏ ကန့်သတ်ချက်များ ရှိခဲ့သဖြင့် ထိန်းချုပ် ပေးရန် အစီအစဉ် ရှိ မရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသောင်း အေးက ပြောသည်။
ဖေဖော်ဝါရီလ ၁၈ ရက်က ပြုလုပ်သည့် လွှတ်တော် အစည်းအဝေး၌ ၎င်းက မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ဦးသောင်းအေးက“ကျနော်တို့ဟာ နိုင်ငံသား ဖြစ်သည့်အပြင် လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံထားရသူ များ က တာဝန်နှင့် ဥပဒေအရ လွှတ်တော် အတွေ့အကြုံ ရှင်းလင်းပွဲ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ကို တိုင်းအစိုးရက ညွှန်ကြား ချက် ထုတ်ပြန် ကန့်သတ်ခြင်းမှာ ဥပဒေကို မျက်ကွယ်ပြုရာ ရောက်နေပါတယ်”ဟု တင်ပြခဲ့သည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် ရပ်နားခဲ့သည့် နဝမ အကြိမ်မြောက် ပြည်သူ့ လွှတ်တော် အစည်းအဝေး ပြီးဆုံးချိန် တွင် ပျော်ဘွယ် မဲဆန္ဒနယ် ပြည်သူများအား လွှတ်တော် အတွေ့အကြုံ ရှင်းလင်း တင်ပြရန် စီစဉ်ခြင်းနှင့် ပတ်သက်၍ မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့က ရမည်းသင်း ခရိုင် အုပ်ချုပ်ရေးမှူးနှင့် ပျော်ဘွယ်မြို့ အထွေထွေ အုပ်ချုပ်ရေး ဦး စီး ဌာနသို့ ပေးပို့ခဲ့သည့် ညွှန်ကြားစာကို ကိုးကား၍ ၎င်းက ပြောဆိုခြင်း ဖြစ်သည်။
တိုင်းအစိုးရအဖွဲ့၏ ညွှန်ကြားစာတွင် ရှင်းလင်းပွဲ အခမ်းအနားသည် “ပြည်သူကို ရှင်းမှာလား မဲဆန္ဒရှင်ကို ရှင်းမှာလား” နှင့် “အဆိုပါ ရှင်းလင်းပွဲ၏ ဗွီဒီယိုဖိုင် အသံဖိုင်နှင့် အစီရင်ခံစာ တင်ရန်”၊ “မြို့နယ် အုပ်ချုပ်ရေးမှူး အနေဖြင့် ပါတီကို မဖိတ်ဘဲ ပြည်သူကိုသာ ဖိတ်ရန်”၊ “လွှတ်တော် ကိုယ်စားလှယ်များသည် အုပ်ချုပ်ရေးပိုင်းကို ဝင်စွက်ခွင့် မရှိ၊ ခရိုင် မြို့နယ် အုပ်ချုပ် ရေးမှူးများ စီစဉ်ရုံသာ စီစဉ်ပေးရန်”၊ “လုပ်ထုံးလုပ်နည်း အတိုင်း ဆောင်ရွက်ရန်” စသည့် အချက်များ ပါရှိကြောင်း ဦးသောင်းအေးက ရှင်းလင်းခဲ့သည်။
ဦးသောင်းအေးက“လွှတ်တော် အတွေ့အကြုံ ရှင်းလင်းခြင်းဟာ ကိုယ်စားလှယ်က အုပ်ချုပ်ရေးပိုင်း ဝင်စွက်ဖက်တာလား စတဲ့ မေးခွန်းတွေ ဖြစ်လာခဲ့ပါတယ်။ ကိုယ်စားလှယ်များ ကိုယ်တိုင် သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်များကို တွေ့ဆုံ ပြီး ပါတီ နိုင်ငံရေး ကိစ္စနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ တာဝန် ခွဲခြားသိမြင်ဖို့ ရှင်းပြခဲ့ရပါတယ်”ဟု ပြောသည်။
ပြည်သူ့ လွှတ်တော် ဥပဒေ အခန်း ၄၊ ပုဒ်မ ၉ ပါ ပြဋ္ဌာန်းချက်များ အရ လွှတ်တော် ကိုယ်စားလှယ်များသည် အစည်းအဝေး ရပ်နားချိန်တွင် လွှတ်တော် အတွေ့အကြုံများကို မဲဆန္ဒရှင် ပြည်သူများအား ရှင်းလင်း တင်ပြခြင်းများကို ပြုလုပ်နိုင်ပြီး လွှတ်တော် ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂ အရ လိုအပ်ပါက သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များကို အကူအညီ တောင်းခံနိုင်သည်ဟု ပြဋ္ဌာန်းထားသည့် အတိုင်း ၎င်းအနေဖြင့် ဆောင်ရွက်လျက် ရှိ ကြောင်း ဦးသောင်းအေးက ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံး ဝန်ကြီး ဌာန ဒု ဝန်ကြီး ဦးတင်မြင့်က သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက အခမ်းအနား ပြင်ဆင်ခြင်း၊ ဖိတ်ကြားခြင်း တို့ကို ဆောင်ရွက်ခဲ့သည်ကို တွေ့ရကြောင်း၊ ဥပဒေ အရ လိုအပ်မှသာ စီစဉ်ပေးရမည် ဖြစ်ပြီး ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး တရားစီရင်ရေး ကဏ္ဍ သုံးခု၏ သဘောတရားများ နှင့် ညီညွှတ်စေရေး အတွက် “ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးတို့ အနေဖြင့် စီစဉ်ရုံ စီစဉ်ပေးရန်” ဟု မှတ်ချက် ပြုခဲ့ခြင်း ဖြစ်ကြောင်း ပြန်လည် ဖြေရှင်းခဲ့သည်။
နိုင်ငံသားများ၏ လွတ်လပ်မှုနှင့် လူပုဂ္ဂိုလ် လုံခြုံမှုအရ ပြောဆို ဆောင်ရွက်မှုများ အပေါ် အနှောင့်အယှက် ပေးနိုင်သည့် အသံဖမ်းခြင်း ဗီဒီယို ရိုက်ခြင်း တို့ကို တားမြစ်ထားသော်လည်း တိုင်းဒေသကြီး အစိုးရက ကျော်လွန် လုပ်ဆောင်ခြင်း အတွက် ထိန်းချုပ်ပေးရန်လည်း ဦးသောင်းအေး က ဆက်စပ် မေးခွန်း မေးမြန်းခဲ့သည်။
ဦးတင်မြင့်က“သက်ဆိုင်ရာ ဝန်ကြီးချုပ်နဲ့ တိုင်းဒေသကြီး ပြည်နယ် အစိုးရ အဖွဲ့များကို ညွှန်ကြားနိုင်ဖို့ ဆိုတာတော့ အစိုးရ အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ နိုင်ငံတော် သမ္မတကြီး ဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော် ကိုယ်စားလှယ်ကြီးရဲ့ ဆွေးနွေးချက် အပေါ် မှာ တိုင်းဒေသကြီး ပြည်နယ်များကို ညွှန်ကြားနိုင်ဖို့ ဆိုတာ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ကနေ တဆင့် တင်ပြ သွားပါမယ်”ဟု ပြန်လည် ဖြေကြားခဲ့သည်။
ဦးသောင်းအေး၏ မဲဆန္ဒနယ် ဖြစ်သည့် ပျော်ဘွယ် မဲဆန္ဒနယ်တွင် မြို့နေ လူဦးရေ ၃၁၂၂၆ ဦး၊ ကျေးရွာ လူဦးရေ ၅၃၂၀၇ ဦးရှိကြောင်း၊ ပျော်ဘွယ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ စီစဉ်ပေးမှုဖြင့် ၂၀၁၈ ခုနှစ် ဇူလိုင်လက ပြုလုပ်သော ပထမ အကြိမ် ရှင်းလင်းပွဲတွင် မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများ အပါအဝင် စုစုပေါင်း လူဦးရေ ၄၃၀၊ ၂၀၁၈ ခုနှစ် အောက်တိုဘာလက ပြုလုပ်သော ဒုတိယ အကြိမ် ရှင်းလင်းပွဲတွင် ၄၃၈ ဦးကို တက်ရောက်နိုင်ခဲ့ကြောင်း ဒုတိယဝန်ကြီး ဦးတင်မြင့်၏ ရှင်းလင်းချက် အရ သိရသည်။
ယခုကဲ့သို့ တိုင်းဒေသကြီး အစိုးရက သက်ဆိုင်ရာ မြို့နယ် ထွေအုပ်သို့ သတိပေးခြင်း၊ စောင့်ကြည့်စေခြင်း တို့သည် ထူး ခြားသည့် လုပ်ရပ်များ ဖြစ်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များကို ယင်းသို့ စောင့်ကြည့်ခြင်းသည် ပုဂ္ဂိုလ်ရေး လွတ် လပ်ခွင့်ကိုလည်း ထိပါးကြောင်း ရခိုင်အမျိုးသား ပါတီမှ မြေပုံ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။
“ဒီလို ကိစ္စမျိုး မှန်တယ်ဆိုရင်တော့ မဖြစ်သင့်ဘူးပေါ့။ တခြားတိုင်းနဲ့ ပြည်နယ်မှာလည်း ဒါမျိုး မကြားဖူးပါဘူး။ တခုခုတော့ လွဲနေတယ်လို့ ထင်တာပေါ့”ဟု ဦးဖေသန်းက ဆိုသည်။
ယခင် အစိုးရ လက်ထက် ပထမအကြိမ် လွှတ်တော် သက်တမ်း ကာလတွင် လူထု ရှင်းလင်းပွဲ ပြုလုပ်မည်ကို မြို့နယ် အုပ်ချုပ်ရေးမှူးက တားမြစ်ခဲ့သည့် အတွက် လွှတ်တော် ဥက္ကဋ္ဌကြီးမှ တဆင့် တိုင်ကြားခဲ့ခြင်းကြောင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက ပြန်လည် တောင်းပန်ခဲ့ဖူးကြောင်းလည်း ဦးဖေသန်းက ပြောဆိုသည်။
“ကျနော့်အနေနဲ့ကတော့ သူတို့ မှတ်တမ်းယူမယ် ဆိုလည်း ယူပေါ့။ ဘာမှ ပြဿနာမှ မရှိဘူး။ ဗီဒီယိုရိုက်ချင်လည်း ရိုက် ပေါ့။ ဒါပေမယ့် မရိုးသားတဲ့ သဘော၊ စောင့်ကြည့်တဲ့ သဘော၊ ထောက်လှမ်းတဲ့ သဘောနဲ့ ပြည်သူကို စိုးရိမ်အောင် ရည်ရွယ်ချက်နဲ့ ဆိုရင်တော့ ဒါက မလုပ်သင့်ဘူးပေါ့”ဟု ဦးဖေသန်းက ဆိုသည်။
ကိုယ်စားလှယ်များကို သက်ဆိုင်ရာ အာဏာပိုင်များက လိုအပ်သော အကူအညီများ ပေးရမည် ဖြစ်ပြီး ယင်းသို့ အကူအညီ တောင်းခံခြင်းသည် အုပ်ချုပ်ရေးပိုင်းကို ဝင်စွက်ခြင်း မဟုတ်ကြောင်းလည်း လွှတ်တော် ကိုယ်စားလှယ်တချို့က ပြောဆို ကြ သည်။