သတင်း

ကက်ရှ်မီးယား တိုက်ခိုက်ခံရအပြီး မိုဒီနောက်၌ အိန္ဒိယပြည်သူများစွာတို့ ရပ်တည်ပေးနေ

Want create site? Find Free WordPress Themes and plugins.

မကြာသေးမီလများအတွင်း အိန္ဒိယဝန်ကြီးချုပ် နေရိန်ဒြာမိုဒီ တယောက် နိုင်ငံရေး ကသောင်းကနင်းဖြစ်မှုများ တသီတတန်းဖြင့် အကျပ်ရိုက်နေခဲ့သော်လည်း ယခင်ရက်သတ္တပတ်က အစ္စလမ်မစ် စစ်သွေးကြွများ လက်ချက်ဖြင့် အိန္ဒိယလုံခြုံရေး ဝန်ထမ်း ၄၀ သတ်ဖြတ်ခံရပြီးနောက် မခံမရပ်နိုင်မှုများ တနိုင်ငံလုံး ပျံ့နှံ့ကာ မိုဒီ၏ ဟိန္ဒူအမျိုးသားပါတီကို ပိုမိုထောက်ခံကြရန် တွန်းအားပေးလိုက်သကဲ့သို့ ရှိသည်။

ဆယ်စုနှစ်များအတွင်း လုံခြုံရေးတပ်ဖွဲ့များအပေါ် အသေအပျောက် အများဆုံး တိုက်ခိုက်မှု ဖြစ်ပွားခဲ့မှုနှင့် ပတ်သက်၍ လူထုစိတ်ခံစားချက်များ ပြင်းပြလာသဖြင့် လာမည့်မေလ အထွေထွေ ရွေးကောက်ပွဲဝင်မည့် မိုဒီက ကက်ရှ်မီးယား သတ်ဖြတ်ခံရမှုများကို တုံ့ပြန်လက်စားချေရန် လုံခြုံရေးတပ်ဖွဲ့များအား စိတ်ကြိုက် လုပ်ခွင့် ပေးထားကြောင်း ပြောဆိုခဲ့သည်။

အဆိုပါ ကက်ရှ်မီးယားဒေသတွင် ရန်သူတော်ဟောင်း ပါကစ္စတန်နှင့် နယ်မြေပိုင်နက် အငြင်းပွားလျက် ရှိနေဆဲ ဖြစ်သည်။

နျူးကလီးယား လက်နက်ပိုင်ဆိုင်ထားကြသော ပြိုင်ဘက် နှစ်နိုင်ငံကြား တင်းမာမှုများက သိသိသာသာ မြင့်တက်လာခဲ့ပြီး ယခင်ရက်သတ္တပတ်က တိုက်ခိုက်ခံရမှုတွင် သေဆုံးခဲ့သူများ၏ ဈာပနတွင် “ပါကစ္စတန် ကျဆုံးပါစေ”၊ “သွေးကြွေးကို သွေးနဲ့ဆပ်ကြ” ဟူသော ကြုံးဝါးသံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ် လာခဲ့သည်။

ယင်းတိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ပါကစ္စတန်အခြေစိုက် ဂျရှီအီမိုဟာမက် စစ်သွေးကြွအုပ်စုက ထုတ်ဖော်ခဲ့သော်လည်း ပါကစ္စတန် အစိုးရကမူ မည်သည့်တာဝန်ယူမှုမျှ ယူရန် မလိုအပ်ကြောင်း ငြင်းဆို ခဲ့သည်။

အိန္ဒိယအနောက်ပိုင်း ရာဂျက်စသန်ပြည်နယ်၊ ကက်စဘာမြို့မှ အသက် ၃၂ အရွယ်ရှိ အချိန်ပိုင်းကျောင်းဆရာ ရာကက်ရှ်ကူးမားက “ယမန်နှစ်က ပြည်နယ်အဆင့် မဲပေးမှု၌ အဓိက အတိုက်အခံကွန်ဂရက်ကို ထောက်ခံ ခဲ့ပြီးနောက် ၎င်းသည် အမျိုးသားရွေးကောက်ပွဲတွင် မိုဒီ၏ ဘရာတိယဂျာနာတာပါတီ (BJP) ကို မဲပေးရန် စိတ်အား ထက်သန်နေကြောင်း” ပြောကြသည်။

“တကယ်လို့ သူဟာ ပါကစ္စတန်ကို သင်ခန်းစာပြန်ပေးနိုင်ရင် သူ့ကို ဝိုင်းထောက်ခံကြမှာဗျ။ ဒါဟာ တိုင်းပြည်ရဲ့ လုံခြုံရေး ကိစ္စတခုပါ။ ကျနော်တို့ ဘာလုပ်ပေးနိုင်လဲ ဆိုတာကို ကျနော်တို့ ကြည့်ဖို့ လိုပါတယ်” ဟု ကူးမားက အင်တာဗျူးတခုတွင် ပြောသည်။

BJP ပါတီသည် ဒီဇင်ဘာလက ရာဂျက်စသန် ပြည်နယ်အပါအဝင် အထင်ကရ ပြည်နယ်ကြီး ၃ ခုတွင် ရှုံးနိမ့်ခဲ့ပြီး ကျေးလက် ဝင်ငွေနည်းပါးခြင်း၊ နှစ်စဉ် အလုပ်အကိုင်ဈေးကွက်ထဲ ဝင်လာနေသော သန်းနှင့်ချီသည့် အိန္ဒိယ လူငယ်များကို အလုပ်အကိုင် ဖန်တီးပေးနိုင်စွမ်း မရှိခြင်းတို့ကြောင့် မိုဒီမှာ ပြစ်တင် ဝေဖန်ခံနေရသည်။

အနိုင်ရရှိရန် တစ်ပြေးနေသော်လည်း ယခု အကြမ်းဖက် တိုက်ခိုက်ခံရမှု မတိုင်ခင်က အာဏာရပါတီသည် အထွေထွေ ရွေးကောက်ပွဲတွင် အများစု ရှုံးနိမ့်နိုင်ဖွယ်ရှိကြောင်း လူထုသဘောထား စစ်တမ်း ကောက်ခံသူများက ပြောကြားခဲ့ကြသည်။

၎င်းတို့စစ်တမ်း ရလဒ်များကို တိုက်ခိုက်ခံရပြီးနောက်ပိုင်း အများသိအောင် ထုတ်ပြန်ခြင်း မရှိသော်လည်း နိုင်ငံရေး အကဲခတ်သမားများက “ပါကစ္စတန် ဆန့်ကျင်ရေးစိတ်ဓာတ်သည် BJP ပါတီကို ထောက်ခံဖို့ အကြောင်းတခု ဖြစ်လာကြောင်း” ထောက်ပြကြသည်။

ယခင်က လူထု သဘောထား ကောက်ခံသူဖြစ်ခဲ့ပြီး ယခု နိုင်ငံရေးတက်ကြွလှုပ်ရှားနေသော ယိုဂျန်ဒရာယာဒက်က “ကက်ရှ်မီးယား တိုက်ခိုက်ခံရမှုသည် လက်ရှိ အစိုးရ ရင်ဆိုင်နေရသော စီးပွားရေး စိန်ခေါ်မှုများမှ လူထု အာရုံပြောင်းစေလိမ့်မည် ဖြစ်ကြောင်း” မှတ်ချက်ချသည်။

“ဒီလိုကိစ္စတွေ ပေါ်လာတိုင်း ကြိုတင် အကွက်ချထားတာမျိုး၊ မတော်တဆ ဖြစ်တာမျိုးနဲ့ လူတွေ အာရုံပြောင်းအောင် စနစ်တကျ လုပ်ဆောင်သွားတဲ့ အပိုင်းလေးတွေ ရှိပြီးဖြစ်ပါတယ်” ဟု သူက ပြောသည်။

“တိုက်ခိုက်ခံရမှုရဲ့ အကျိုးဆက်က နိုင်ငံ့လုံခြုံရေး ကိစ္စရပ်အပေါ်မှာ မီးမောင်းထိုးပြပါလိမ့်မယ်။ ဒါဟာ အာဏာရပါတီ ဖြစ်ချင်တဲ့ပုံစံမျိုး အတိအကျ ဖြစ်သွားပါတယ်” သူက ဆက်ပြောသည်။

စေ့စပ်ညှိနှိုင်းမှု မရှိ

BJP ပါတီသည် ၎င်း၏ အမျိုးသားရေးဘက်က ရပ်တည်ကြောင်း ပြသရန်အတွက် အချိန်မရတော့ပေ။ တနင်္ဂနွေနေ့ နိုင်ငံရေးချီတက်ပွဲတွင် မိန့်ခွန်းပြောကြားရာ၌ ပါတီဥက္ကဋ္ဌအာမစ်ရှာက ပါတီနှစ်ခု နိုင်ငံရေး ကာလအကြောင်း အနှစ်ချုပ် ထည့်သွင်းပြောကြားခဲ့ပြီး မိုဒီသည် စစ်သွေးကြွများကို တုံ့ပြန်ရာတွင် ကွန်ဂရက် ဦးဆောင်ခဲ့သော ယခင်အစိုးရထက် ပို၍ ထက်မြက်သူဖြစ်ကြောင်း ဆိုသည်။

“အခုချိန်ဟာ ကွန်ဂရက်ပါတီ အာဏာရနေတဲ့ အချိန်မဟုတ်ပါဘူး။ မိုဒီရဲ့ BJP အစိုးရက အမျိုးသား လုံခြုံရေးအရေး ကိစ္စတွေမှာ ဘယ်လိုစေ့စပ်ညှိနှိုင်းမှုမှ မလုပ်ပါဘူး” ဟု ရှာက သြဘာသံများ ထွက်ပေါ်လာအောင် လှုံ့ဆော် ပြောကြားခဲ့သည်။

“BJP အစိုးရဟာ အကြမ်းဖက်ဝါဒကို အမြစ်ကနေ လုံးဝလှန်ပစ်မှာပါ။ မိုဒီရဲ့ နိုင်ငံရေးကနေ ကမ္ဘာ့ခေါင်းဆောင်တွေအကြား အမြင့်ဆုံးအထိ ရောက်အောင် အကြမ်းဖက်ဝါဒကို ချုပ်ငြိမ်းစေမှာ ဖြစ်ပါတယ်”

အနောက် ဘင်္ဂလားပြည်နယ် ဝန်ကြီးချုပ်နှင့် မိုဒီကို တစ်တစ်ခွခွ ဝေဖန်လေ့ရှိသူ မာမာတာဘနာဂျီက BJP သဘောထား မှတ်ချက်များအပေါ် ပြင်းထန်စွာ ဝေဖန်ပုတ်ခတ်ခဲ့သည်။

“ကျမတို့မှာ တိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ ဘယ်လို မေးခွန်းမျိုးများမှ ထွက်မလာပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အကြမ်းဖက်မှု ဆန့်ကျင်ရေး တွန်းလှန်မှုမှာ ကျမတို့ ပြန်စုစည်း မိလိမ့်မယ်ဆိုတာ ကျမတို့ တွေးမိပါတယ်။ ဒါပေမယ့် အခုလို ကျမတို့နှုတ်ဆိတ်နေတဲ့ အချိန်မှာ သူတို့ကပဲ မျိုးချစ်စိတ် ရှိပြီးတော့ ကျန်တဲ့လူတွေက အပြင်လူဖြစ်အောင် ဒီလိုမိန့်ခွန်းမျိုးတွေ သူတို့ပြောလာတာ ကျမတို့တွေ့ရပါတယ်” ဟု သူမက သတင်းထောက်များကို ပြောသည်။

နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာစေရန်အတွက် ၂၀၁၅ ခုနှစ်က အိမ်နီးချင်း ပါကစ္စတန်သို့ မိုဒီ ရုတ်တရက် သွားရောက်မည့် ခရီးစဉ် ပျက်ပြားခဲ့ပြီးနောက် ပါကစ္စတန်အပေါ် ပိုမိုအားကောင်းစွာ ချဉ်းကပ်နိုင်ရေး ချမှတ်လုပ်ဆောင်မှုနှင့် ပတ်သက်၍ မိုဒီက မကြာခဏ ပြောကြားခဲ့ဖူးသည်။

အကယ်၍ အကြမ်းဖက်မှုအပေါ် တုံ့ပြန်လုပ်ဆောင်မှုသည် ပါတီအတွက် ရွေးကောက်ပွဲ မဲဆွယ်မှုတခု ဖြစ်မည်လားဆိုသည့် မေးခွန်းကိုမူ BJP ပါတီပြောခွင့်ရသူ နာလင်းကိုလီက ဖြေကြားရန် ငြင်းဆန်ခဲ့သည်။ သို့သော် ပါတီဥက္ကဋ္ဌ “ရှာ” ၏ သဘောထားမှတ်ချက် များသည် အမျိုးသားရေး စိတ်ဓာတ်များကြောင့် ဝမ်းနည်းခြင်းနှင့် အမျက်ထွက်ခြင်းတို့၏ ထင်ဟပ်မှုများသာ ဖြစ်ကြောင်း ၎င်းက ကာကွယ်ပြောဆိုခဲ့သည်။

၂၀၁၆ ခုနှစ်က ကက်ရှ်မီးယားရှိ စစ်စခန်းတခု တိုက်ခိုက်ခံရခြင်းကို လက်တုံ့ပြန်ရန် အိန္ဒိယတပ်များသည် ပါကစ္စတန် နယ်စပ်ဖြတ်ကျော်၍ စစ်သွေးကြွများကို ပစ်မှတ်ထားလျက် စစ်ဆင်ရေးချီတက်မှုများ ရှိခဲ့ဖူးသည်။

အဆိုပါ စစ်ဆင်ရေးချီတက်မှုသည် အိန္ဒိယ၏ မူဝါဒအသစ်နှင့် အလေ့အထသစ်ကို ကမ္ဘာသိအောင် ပြသခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ်မိုဒီက ပြီးခဲ့သည့်ရက်သတ္တပတ် တိုက်ခိုက်ခံရမှုမတိုင်မီ ယခုလအစောပိုင်း၌ ပြောကြားခဲ့သည်။

စစ်သွေးကြွများနှင့် ၎င်းတို့ကို အားပေးအားမြှောက် ပြုနေသည့် အစိတ်အပိုင်းများကို အရေးယူရန်အတွက် မည်သည့် တုံ့ဆိုင်းမှုမျိုးမှ ရှိနေမည်မဟုတ်ကြောင်း ဝန်ကြီးချုပ်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

“အကြမ်းဖက်ဝါဒဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အင်မတန်ဆိုးဆိုးဝါးဝါး ခြိမ်းခြောက်နေပါပြီ။ ဒီလို ရက်စက်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုဟာ ဆွေးနွေးညှိနှိုင်းဖို့ အချိန်ယူစရာ မလိုတော့ဘူးဆိုတာ ပြလိုက်တာပဲ ဖြစ်ပါတယ်” ဟု မိုဒီက ပြောကြားခဲ့သည်။

ကိုးကား ။ ။ Reuters သတင်း Many Indians Rally Behind Modi After Kashmir Attack

Did you find apk for android? You can find new Free Android Games and apps.
Loading