မြန်မာပန်းချီ သမိုင်းနှင့် ပတ်သက်၍ “Burmese Painting” စာအုပ်ပြုစုခဲ့သူ အမေရိကန်နိုင်ငံသား အင်ဒရူး ရေးနက် (၆၉နှစ်)သည် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဆေးရုံတရုံတွင် ကွယ်လွန်သွားကြောင်း The Washington Post သတင်းက ဆိုသည်။
သူကွယ်လွန်သွားသည်မှာ ဖေဖေါ်ဝါရီလ ၁ရက်နေ့က ဖြစ်ပြီး အဆုတ်ကင်ဆာ ရောဂါဖြင့် ကွယ်လွန် ခဲ့ခြင်းဖြစ်ကြောင်း ညီအစ်ကို တော်စပ်သူ တဦးဖြစ်သည့် ဒေါ်နယ်ရေးနက်က ရှင်းပြသည်။
ဖခင် မစ္စတာ ရေးနက်သည် အမေရိကန်နိုင်ငံခြားရေး ဌာန ဝန်ထမ်းတဦးဖြစ်သဖြင့် အင်ဒရူး ရေးနက် သည် အာရှသံတမန် အသိုင်းအဝိုင်းတွင် ကြီးပြင်းကာ ၁၉၆၀ ပြည့်လွန်နှစ်များက မြန်မာနိုင်ငံတွင် နှစ်အတန်ကြာ နေထိုင်ခဲ့သည်။
အင်ဒရူးရေးနက်သည် ဗီယက်နမ်စစ်မြေပြင်တွင် ဆေးတပ်ဝန်ထမ်းတဦးအဖြစ် တာဝန်ထမ်းဆောင်ပြီး နောက် တိုကျိုသို့ ပြောင်းရွှေ့ကာ အင်္ဂလိပ်စာသင်ကြားပို့ချခြင်းနှင့် အလွတ်တန်းစာရေးဆရာအဖြစ် ရပ်တည်ခဲ့သည်။
၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် ၎င်းမိခင်ထံမှ မြန်မာ့ပန်းချီပညာကို အမွေဆက်ခံ ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ခရီး ထွက်ခွာရင်း စာပေများရေးသားခဲ့သည်။ မြန်မာ့ အနုပညာ လက်ရာများကို ထဲထဲ ဝင်ဝင် ခံစား စိတ်ဝင်စားလာခဲ့ပြီး ရာစု နှစ်များစွာက ရိုးရာဟန်ပန်များအကြောင်း ဓလေ့ထုံးစံသမိုင်း ကြောင်းကို စူးစမ်း၍ ပြုစုခဲ့သည်။
ထို့နောက် Burmese Painting အမည်ရှိ မြန်မာပန်းချီ သမိုင်းဟုဆိုရမည့် စာအုပ်ကို ဆယ်စုနှစ် တခုအကြာ ပြုစု၍ ၂၀၀၉ ခုနှစ်တွင် ဝါရှင်တန် တက္ကသိုလ်က ပုံနှိပ်ထုတ်ဝေသည်။
ယင်းစာအုပ်တွင် ၁၁ရာစု ပုံဂံခေတ် နံရံဆေးရေး ပန်းချီမှ စ၍ ရတနာပုံခေတ် မြန်မာပန်းချီမှ အထိ လည်းကောင်း၊ ထိုနောက် ကိုလိုနီခေတ်က အနောက်တိုင်းပန်းချီမှသည် ယနေ့ခေတ် မော်ဒန်ပန်းချီ အထိ မြန်မာပန်းချီသမိုင်းကို ဖော်ကျူးထားသည်။
မြန်မာပန်းချီကျော်များဖြစ်သည့် ဦးဘဉာဏ်၊ ဦးငွေကိုင်၊ ဦးဘကြည်တို့ အပါအဝင် ခေတ်သစ်ပန်းချီ ဟုဆိုရမည့် မော်ဒန်ပန်းချီနှင့် ပတ်သက်၍ ပေါ်ဦးသက်၊ ခင်မောင်ရင်၊ ပေါ်သိမ်း၊ အောင်အောင်တိတ်၊ ဝင်းဖေ၊ ခင်ဝမ်း၊ မသိဂီၤ စသည့်သူများ၊ မင်းဝေအောင်၊ လူမင်း၊မုတ်သုန် စသည့် သူများအထိ ပန်းချီ များနှင့် ပတ်သက်၍ သုံးသပ် ရေးသားထားသည်။
မစ္စတာရေးနက် မြန်မာပန်းချီအကြောင်း လေ့လာစဉ်က ပန်းချီဆရာများအနေဖြင့် ၎င်းတို့၏ လက်ရာ များကို ပြသရောင်း ချစရာ နေရာမရှိကြပဲ၊ အနုပညာကို မြတ်နိုးမှု တခုတည်းဖြင့်သာ ရပ်တည်ရ ကြောင်းကို သိရှိ၍ မြန်မာပန်းချီကို စတင်စု ဆောင်းကာ စင်ကာပူ၊ မလေးရှားနှင့် ဂျပန်တို့ရှိ ပြခန်းများတွင် ပြသရောင်းချရန် စီစဉ်ပေးခဲ့သည်။
၁၉၉၄ ခုနှစ်တွင် သူသည် မြန်မာနိုင်ငံမှ ခေတ်ပေါ်ပန်းချီကားများနှင့် သဘောတူညီမှုယူ၍ စင်ကာပူနိုင်ငံတွင် ပန်းချီ ပြခန်းတခု ဖွင့်လှစ်ခဲ့သည်။
“မြန်မာ လူငယ်ပန်းချီ ဆရာတွေမှာ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုရှိပေမယ့် သူတို့နှလုံးထဲကနေ ရေးဆွဲ ကြတာ ဖြစ်ပါတယ်။ သူတို့ လက်ရာ တွေထဲမှာ စိတ်ဝိညာဉ်ရဲ့နက်နဲမှုကနေ ရွေ့လျားလာတဲ့ မလျှော့ သော ဇွဲလုံ့လ၊ အသက်အရွယ် မရွေး လူတိုင်း အပေါ် ရိုက်ခတ်ချက်တွေ ပါဝင်ပါတယ်” ဟု သူက မလေးရှားရှိ နယူစထရိတ်တိုင်းမ်စာစောင်နှင့် ၁၉၉၅ ခုနှစ်အင်တာဗျူးတွင် ထည့်သွင်းဖြေကြား ခဲ့သည်။
“တကယ်လို့ မြန်မာ့လူမှုရေး၊ နိုင်ငံရေးနဲ့အရပ်ဘဝတွေ ယိုယွင်းသွားခဲ့ရင်တောင်မှ ပန်းချီအနုပညာ က လည်း ရှင်သန် နေဦး မှာပါ။ အတော်ဆုံးပန်းချီဆရာတွေဟာ သူတို့လက်ရာတွေအပေါ်မှာ သစ္စာထား ကြတယ်။ ဂုဏ်သိက္ခာ (ဒါမှမဟုတ်) ထုတ် ဖော်ပြမှု တွေဟာ အပြောင်းအလဲ ဖြစ်နိုင်စွမ်းအတွက် အခြားလူတွေကို မျက်စိဖွင့်ပေးဖို့ တွန်းအားတွေပဲဖြစ်ပါတယ်” ဟု သူက သုံးသပ်ရေးသားခဲ့သည်။
သူ၏ Burmese Painting စာအုပ်ထဲတွင် ရောင်စုံစာမျက်နှာ ၃၀၀ ကျော်အနက်အများစုမှာ သူကိုယ် တိုင်စုဆောင်း ထားသော ပန်းချီလက်ရာများ ဖြစ်ကြပြီး ဥရောပ ဟန်ပန် လွှမ်းမိုးမှုကိုယ်စားပြုသည့် ခေတ်ပေါ်လက်ရာများကို အထူး ဦးစားပေးဖော်ပြထားသည်။
ထိုစာအုပ်နှင့် ပတ်သက်၍ စာရေးဆရာမ (ဒေါ်)ဝင်ဒီလောရုံက ၂၀၀၉ ခုနှစ်တွင် ဗြိတိန်-မြန်မာအသိုင်း အဝိုင်းဝက်ဘ်ဆိုဒ် တွင် “နည်းနည်းချင်း၊ တပုံချင်း ကြည့်ရင်းနဲ့ ကျနော်တို့ကို မြန်မာ့ပန်းချီအကြောင်း ခွဲဖြာဆင်းသက်လာမှုကို ကိုယ် စားပြု ရှင်းပြနေသလို အသိရရှိစေပါတယ်။ ခေတ်ရေစီးကြောင်းထဲကို လွှမ်းမိုးလာမှုမျိုးစုံနဲ့ ဆွဲခေါ်သွားပါတယ်”ဟု သုံးသပ်ရေးထားသည်။
အင်ဒရူး ဘန်ဆန် ရေးနက်ကို ၁၉၄၉ ခုနှစ်၊ ဇွန်လ ၁၃ ရက်တွင် ဝါရှင်တန်၌ ဖွားမြင်သည်။
ဖခင်ဖြစ်သူ ဒေါ်နယ်ရေးနက် သည် အမေရိကန်နိုင်ငံခြားရေးအရာရှိတဦးဖြစ်ပြီး ၁၉၇၀ ပြည့်နှစ်လွန် နှစ်များက ကိုရီးယားဂိတ် အရှုပ်တော်ပုံတွင် ကွန်ဂရက်လွှတ်တော်ကော်မတီကို သက်သေခံပေးခဲ့ရ သူဖြစ်သည်။ မိခင်ဖြစ်သူမှာ အနုပညာလက်ရာများ စုဆောင်း သူတဦးဖြစ်သည်။
ကလေးဘဝက အာရှတခွင်ရှိ သံတမန်တာဝန်ကျရာသို့ မိသားစုနှင့်အတူ လိုက်ပါခဲ့ရပြီး နယူးဒေလီမြို့ ရှိ နိုင်ငံတကာ ကျောင်းတကျောင်းတွင် ဘွဲ့ရခဲ့သည်။
ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကန်ဆေးတပ်အမှုထမ်းတဦးအနေဖြင့် Bronze Star ဆု ရခဲ့သည်။
အကြိမ်ကြိမ် ခရီးထွက်ခဲ့ရပြီးနောက် မက်ဒီဆင်မြို့ရှိ ဝစ်ကိုဆင်တက္ကသိုလ်မှ ၁၉၈၁ ခုနှစ်တွင် ဘွဲ့ရခဲ့ သည်။ ထိုတက္ကသိုလ်မှပင် ၁၉၈၃ ခုနှစ်၌ အင်္ဂလိပ်စာဖြင့် မဟာဘွဲ့ရခဲ့သည်။
၁၉၈၀ ပြည့်လွန်နှစ်များ အလယ်ပိုင်းတွင် သူနှင့်ညီဖြစ်သူ ဓာတ်ပုံဆရာဂျွန်ရေးနက်(၂၀၀၈ ကွယ်လွန်) နှင့် ခရီးထွက် နေစဉ်အတွင်း အမေရိကန်တနံတလျားရှိ အားကစားပွဲများအကြောင်း ဆောင်းပါးများ ရေးသားပြုစုခဲ့သည်။
၁၉၈၇ ခုနှစ်တွင် တိုကျိုမြို့သို့ ပြောင်းရွှေ့နေထိုင်ပြီး ဝါစီဒါနှင့်ကီအိုတက္ကသိုလ်များတွင် အင်္ဂလိပ်စာ ပို့ချရင်း The New York Times နှင့် International Herald Tribune တို့၌ စာပေများ ရေးသားပေး ပို့ခဲ့သည်။
၁၉၉၂ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ စင်ကာပူတွင် နေထိုင်ကာ အင်္ဂလိပ်စာသင်ကြားပို့ချခြင်းနှင့် မြန်မာ ပန်းချီ သီးသန့် ပြသသော Benson Fine Arts အမည်ရှိ ပန်းချီပြခန်းကို တည်ထောင်လုပ်ကိုင် ခဲ့သည်။ ယင်းနောက် တိုကျိုမြို့သို့ ပြန်လာခဲ့သည်။
သူ၏ ပထမအိမ်ထောင် စူဇန်ရေးနက်နှင့် ကွာရှင်း၍ ယခုကွယ်လွန်ချိန်၌ ဒုတိယဇနီး ဟီရိုမီဖူဂျီကီနှင့် သမီးဖြစ်သူ ဟာနာ ရေးနက်တို့ကျန်ရစ်ပြီး ၎င်းတို့မှာ တိုကျိုမြို့တွင် နေထိုင်လျက်ရှိသည်။