သတင်း

မင်းသမီး မပါရသော်လည်း ထိုင်းအတိုက်အခံများ မဖြုံကြောင်း ပြ

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ၏ အင်အားအကောင်းဆုံးပါတီမှ ခေါင်းဆောင်များက တနင်္လာနေ့တွင် ပြုလုပ်ခဲ့သည့် နိုင်ငံရေးလှုပ်ရှားမှုတွင် ၎င်းတို့အပေါ် မူဝါဒများ ချမှတ်ပေးသူ ပြည်ပြေး ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို ညွှန်းဆိုခဲ့ခြင်း မရှိသကဲ့သို့ မတ်လ ၂၄ ရက် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း တင်သွင်း ရာတွင် ရုတ်တရက် တားဆီးခံရသူ ထိုင်းမင်းသမီးကိုလည်း ထည့်သွင်းကိုးကားခဲ့ခြင်း မရှိပေ။

၎င်းတို့အတွက် ထိုသို့ ပုဂ္ဂိုလ်ရေး အသုံးချ လှုပ်ရှားရန် မလိုအပ်ပေ။ ၂၀၁၄ ခုနှစ်က အာဏာသိမ်း ခံရပြီးကတည်းက ပထမဆုံးအဖြစ် ကျင်းပပေးမည့် ရွေးကောက်ပွဲ အရှုပ်အထွေးများကို နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ထောက်ခံသူ အင်အား အခိုင်အမာရရှိထားသော ဖွေ့ထိုင်းပါတီက ကောင်းစွာ သဘောပေါက်ထားပြီး ဖြစ်သည်။

ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများက သူတို့ မဲပိုရစေရန် အခွင့်အလမ်းကို ကန့်သတ်ထားလင့်ကစား သူတို့ပါတီ အာဏာပြန်ရစေရေး အားထုတ်သွားရန် ဖွေ့ထိုင်းပါတီက စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သည်။

“ရှင်တို့အားလုံး ဘယ်လောက်ကြာကြာ စောင့်နေဦးမှာလဲ။ ဘယ်လောက်ကြာကြာ ဒုက္ခခံနေကြမှာလဲ” ဟု အူဘွန်ရပ်ချ်ဌာနီ ပြည်နယ်တွင် ပြုလုပ်သည့် နိုင်ငံရေးလှုပ်ရှားမှုအတွင်း ဖွေ့ထိုင်းပါတီ၏ ထိပ်ဆုံး ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းထားသူ စူဒါရတ်ကီယူရာဖန်က ထောက်ခံအားပေးသူများကို မေးခွန်း ထုတ်လိုက်သည်။

“ကျမတို့အားလုံး မတ်လ ၂၄ ရက်အထိ နည်းနည်းတော့ စောင့်ရမှာဖြစ်ပါတယ်။ အဲဒီနေ့ဟာ ကျမတို့ အားလုံးအတွက် အောင်ပွဲခံတဲ့နေ့ ဖြစ်ပါလိမ့်မယ်” ဟု သြဘာပေးနေကြသော ပရိသတ်များကို သူမက ပြောသည်။

ဖွေ့ထိုင်းသည် ရွေးကောက်ဝင်ကြမည့် ပါတီများထဲတွင် အင်အားအကောင်းဆုံး ဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာနှင့် အချိတ်အဆက်ရှိသည့် ပါတီလည်း ဖြစ်သည်။ သက်ဆင်သည် ၎င်း၏အဆိုအရ နိုင်ငံရေးအားဖြင့် စေ့ဆော်ခံရသည့် အကျင့်ပျက် ခြစားမှု အကြောင်းပြချက်ဖြင့် နိုင်ငံရပ်ခြား ရောက်ရှိနေစဉ် ၂၀၀၆ က အာဏာအသိမ်းခံရပြီး ရာထူးမှ ဖယ်ရှားခြင်း ခံခဲ့ရသည်။

၎င်းပါတီနှင့် အဆွယ်အပွားများက ၎င်းတို့ လူမှုကူညီရေး အစီအစဉ်အတွက် ကျေးလက်ဒေသမှ လယ်ယာသမားများနှင့် ဆင်းရဲနွမ်းပါးသူများ အကြား ထောက်ခံအားပေးမှုကို ထိန်းထားနိုင်ဆဲ ဖြစ်သည်။ သို့သော် ပါတီတခုတည်းက သိမ်းကျုံး၍ အများစု အနိုင်ရခြင်းကို တားဆီးထားသော ယခုထွက်ပေါ်လာသည့် ရွေးကောက်ပွဲ စည်းကမ်းသစ်များအရ ဖွေ့ထိုင်းအနေဖြင့် ရေကုန်ရေခမ်း တိုက်ပွဲဝင်ရမည့် အနေအထားနှင့် ရင်ဆိုင်နေရသည်။

နောက်ဆုံး အရပ်သားအစိုးရကို ၂၀၁၄ ခုနှစ်က စစ်ဦးစီးချုပ်အနေဖြင့် ဖြုတ်ချခဲ့သူ အာဏာသိမ်း စစ်ခေါင်းဆောင် ပရာယွဒ်ချန်အိုချာကလည်း စစ်တပ် ထောက်ခံသည့် ပါတီသစ်ကို ဦးဆောင်လျက် ရွေးကောက်ပွဲဝင်ရေး လှုပ်ရှားနေသည်။

၂၀၀၁ ခုနှစ်ကတည်းက ကျင်းပပြီးသမျှ ရွေးကောက်ပွဲတိုင်းတွင် သက်ဆင်ထောက်ခံသည့် ပါတီများက အနိုင်ရခဲ့သော်လည်း သက်ဆင် ဖြုတ်ခံရပြီးနောက် ၎င်းကို ဆက်ခံသည့် အစိုးရများမှာ တရားရုံးစီရင်ချက် (သို့မဟုတ်) အာဏာသိမ်းမှု တခုခုတို့ဖြင့် အဆုံးသတ်သွားစမြဲ ဖြစ်သည်။

အထူးသဖြင့် နောက်ဆုံးအာဏာသိမ်းမှုမှာ သက်ဆင်၏ညီမဖြစ်သူ ယင်လပ်ဦးဆောင်သည့် ဖွေ့ထိုင်းအစိုးရကို စစ်တပ်က ဖြုတ်ချခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်း၍ ၅ နှစ်နီးပါး ကြာမြင့်ပြီးနောက် ဝန်ကြီးချုပ်တဦးကို ရွေးကောက်တင်မြှောက်ရမည့် လွှတ်တော်အမတ်နေရာ ၅၀၀ အနက် စစ်အစိုးရက လွှတ်တော်အမတ် ၂၅၀ နေရာစလုံးကို ရွေးချယ်သည့် လုပ်ငန်းစဉ် ပါဝင်နေပြီး ရွေးကောက်ပွဲမတိုင်မီကပင် စစ်တပ် လိုလားသော အင်အားစုများ သိသာစွာ အရေးသာနေပေသည်။

ရွေးကောက်ပွဲ စည်းကမ်းအသစ်များသည် တိုင်းပြည်ကို သက်ဆင် တဖန်ပြန်လည် လွှမ်းမိုးလာခြင်း မရှိစေရန် ကြံရွယ်ထားကြောင်း ဖွေ့ထိုင်းပါတီ ထောက်ခံအားပေးသူများက ပြောကြသည်။

နိုင်ငံရေးပါတီများအပေါ် သက်ရောက်မှု ရှိသည့် ယခုရွေးကောက်ပွဲ ဥပဒေက တိုင်းပြည်ပြင်ပနေသူများက ပါတီဝင်များကို ထိန်းချုပ်ခြင်း (သို့မဟုတ်) ညွှန်ကြားခြင်းကို တားမြစ်ထားသဖြင့် တယ်လီကွန် လုပ်ငန်းရှင်သူဌေးနှင့် ဖွေ့ထိုင်းပါတီမှာ ခပ်ကင်းကင်း နေပေးရမည် ဖြစ်သည်။

သို့သော် အူဘွန်ရတ်ဌာနီ ပြည်နယ်ရှိ သက်ဆင်သစ္စာခံသူများက မဖြုံပေ။

“စစ်တပ်က တင်မြှောက်တဲ့ လွှတ်တော်ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ဖွေ့ထိုင်းပါတီက တောင်ပြိုကမ်းပြို နိုင်လိမ့်မယ်လို့ ကျနော်ထင်တယ်” ဟု အသက် ၆၄ နှစ်ရှိ ကရီအန် ဆက်လမွမ်က ပြောသည်။

သို့သော် ဖွေ့ထိုင်းတို့၏ မဟာမိတ်ပါတီ တပါတီဖြစ်သော လူကြိုက်နည်းသည့် ထိုင်းရက်စာချက်ပါတီ ဖျက်သိမ်းခံရပါက ဖွေ့ထိုင်းပါတီ အာဏာရရေး အလားအလာမှာ နည်းပါးသွားလိမ့်မည်ဟု ဆိုသည်။

ထိုင်းရက်စာချက် ပါတီသည် ဖေဖော်ဝါရီလ ၈ ရက်က ဘုရင့်အစ်မတော် မင်းသမီးကြီး ဦးဘိုလ်ရတနာ ရာဂျာကန်ရာ သီရိဗက်ဓန ဘန်နာဗာဒီကို ရုတ်တရက် အံ့အားသင့်စရာအဖြစ် ဝန်ကြီးချုပ်လောင်း ရွေးချယ်ခံရန် အမည်စာရင်း တင်သွင်းခဲ့ရာ တော်ဝင် ဘုရင့်မိသားစု၏ နိုင်ငံရေးနယ်ပယ်မှ ရှားရမည့် အစဉ်အလာကို ချိုးဖောက်မိသွားခဲ့သည်။

ထိုသို့ တော်ဝင်မိသားစုဝင် တဦးက ဝန်ကြီးချုပ်လောင်း အမည်စာရင်း တင်သွင်းလာခြင်းကို လက်ရှိ ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်က အလျင်အမြန် ပယ်ဖျက်လိုက်ပြီး မင်းသမီးကြီးမှာလည်း ရွေးကောက်ပွဲ ကော်မရှင်၏ မူအရ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းနိုင်ခွင့် အရည်အချင်းနှင့် မပြည့်မီသူ ဖြစ်သွားခဲ့ရသည်။

ယခုအခါ ၎င်း၏ အမည်စာရင်း တင်သွင်းခဲ့သော ထိုင်းရက်စာချက် ပါတီသည် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးတွင် ဖေဖော်ဝါရီလ နှောင်းပိုင်း၌ ပိတ်ပင်တားမြစ်ခံရဖွယ် အလားအလာနှင့် ရင်ဆိုင်နေရသည်။

ထိုင်းရက်စာချက်ပါတီသည် သက်ဆင်ကို ထောက်ခံသည့်ပါတီ အနည်းဆုံး သုံးပါတီရှိသည့်အနက် တပါတီ ဖြစ်ပြီး ထိုထိုသော ပါတီအားလုံးတို့သည် အင်အားအကြီးဆုံး ပါတီ၏ ရိုက်ခတ်မှုကို ကန့်သတ်ထားသော ရှုပ်ထွေးပွေလီလှသည့် ရွေးကောက်ပွဲ ဥပဒေအောက်တွင် လွှတ်တော်နေရာ ယှဉ်လုနိုင်ရေးအတွက် ရွေးကောက်ပွဲ ဝင်ကြရမည် ဖြစ်သည်။

ယင်းသို့ ဥပဒေစည်းမျဉ်းများဖြင့် ဖွေ့ထိုင်းပါတီကို မလှုပ်နိုင်အောင် ချုပ်ထားသော အခြေအနေတွင် သက်ဆင်ကို ထောက်ခံသော အခြားပါတီများဖြစ်သည့် ထိုင်းရက်စာချက်နှင့် ဖွေ့ချက် ပါတီတို့အနေဖြင့် ပါတီငယ်များကို လိုက်လျော၍ ပေးအပ်မည့် လွှတ်တော်နေရာများကို အချိုးကျ ခွဲတမ်းရနိုင်ရန် မျှော်မှန်းထားခဲ့ကြသည်။

အကယ်၍ ထိုင်းရက်စာချက်ပါတီသည် မင်းသမီးကြီးကို ခေါင်းဆောင်တင်၍ အမည်စာရင်း တင်သွင်းသည့်ကိစ္စ မှားယွင်းသည်ဟု သတ်မှတ်ခံရပြီး အရည်အချင်း မပြည့်မီဟုဆိုလျှင် ဖျက်သိမ်းခံရဖွယ် ရှိသည်။ ထိုသို့ဖျက်သိမ်းခံရလျှင် ပါတီကိုယ်စားလှယ်များ ရွေးကောက်ပွဲ ဝင်ခွင့်ရတော့မည်မဟုတ်ပေ။

သက်ဆင်၏ လူကြိုက်များစေသော မူဝါဒများအား ခေါင်းမာစွာဖြင့် ထောက်ခံနေသူများကို ထိုင်းရက်စာချက် အနေဖြင့် ထိုင်းဓလေ့ထုံးစံအရ နတ်ဘုရားတမျှ လေးစားကြည်ညိုကြသော တော်ဝင်မိသားစုပါ နိုင်ငံရေးထဲ ရောက်လာအောင် တက်၍ စည်းရုံးနိုင်ခြင်းပတ်သက်ပြီး တချို့ကလည်း လိုလားကြသကဲ့သို့ တချို့ကမူ မဆီလျော်ဟု ရှုမြင်ကြသည်။

“ဒီကိစ္စဟာ ကောင်းတဲ့အရွေ့တခုလို့ ကျနော်မထင်ဘူး။ တော်ဝင်မိသားစုဟာ နိုင်ငံရေး မပတ်သက် သင့်ဘူးလေ” ဟု အသက် ၅၅ နှစ်ရှီ ဗီရတ်လက်ဒါဘတ်က ပြောသည်။ ၎င်းသည် သူ့မဲကို ပါတီပြောင်းလဲပြီး ထည့်မည် မဟုတ်သော်လည်း ယင်းကဲ့သို့ သဘောထားမှတ်ချက် ပေးခြင်းဖြစ်သည်။

နောက်ထပ် မဲဆန္ဒရှင်တဦးဖြစ်သည့် ဆွန်ချိုင်းဝေါင်စာက “ထိုင်းအရှေ့မြောက်ပိုင်း မဲဆန္ဒရှင်တွေ အနေနဲ့ သူတို့နာမည် ဘာပဲဖြစ်နေပါစေ . . . သက်ဆင်ကို ထောက်ခံတဲ့ ပါတီတွေကိုပဲ မဲပေးကြပါလိမ့်မယ်” ဟု ပြောသည်။

“တကယ်လို့ ထိုင်းရက်စာချက်ပါတီ ပျောက်သွားလည်း ကိစ္စမရှိဘူးဗျ။ ပြည်သူတွေက ဖွေ့ထိုင်းပါတီကိုပဲ မဲဆက်ထည့်နေမှာပဲ။ ဒီပါတီက အမြဲတမ်း လူကြိုက်များ ရေပန်းစားနေမှာလေ” ဟု ၎င်းက ဆိုသည်။

ကိုးကား ။ ။ Reuters ၏ Thai Opposition Party Undeterred After Ally’s Failed Princess Bid

Did you find apk for android? You can find new Free Android Games and apps.
Loading