ကယား ပြည်နယ် လွိုင်ကော်မြို့ ကန္ဒာဟေဝန် ပန်းခြံအတွင်း ဗိုလ်ချုပ် အောင်ဆန်း မြင်းစီး ကြေးရုပ်တု စိုက်ထူခြင်းနှင့် ပတ်သက်၍ ကန့်ကွက် ဆန္ဒပြမှုကြောင့် တရားစွဲခံထားရသည့် ကရင်နီ လူငယ် ၅၅ ဦး၏ အမှု ၈၅ မှု စလုံးကို ရုပ်သိမ်း လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ကရင်နီပြည် သမိုင်းကြောင်းနှင့် ဗိုလ်ချုပ်ရုပ်တု ကန့်ကွက်စာ ဖြန့်ဝေခဲ့မှုကြောင့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ) (ဂ) ဖြင့် တရားစွဲ ခံရသူများကို ဖေဖော်ဝါရီ ၁၅ ရက်၌ ဒီးမော့ဆိုမြို့နယ် တရားရုံးက လည်းကောင်း၊ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ (၁၉) (၂၀) ဖြင့် တရားစွဲခံရသူများကို ဖေဖော်ဝါရီ ၂၀ ရက်၌ လွိုင်ကော် မြို့နယ် တရားရုံးက လည်းကောင်း အမှု ရုပ်သိမ်းကြောင်း အသီးသီး အမိန့်ချခဲ့ခြင်း ဖြစ်သည်ဟု ခွန်းအသန်း (ကရင်နီ လူငယ် အင်အားစု) က ဧရာဝတီကို ပြောသည်။
ဗိုလ်ချုပ် ကြေးရုပ်တု မထားရှိရေး ကန့်ကွက် ဆန္ဒပြ ဦးဆောင်သူများနှင့် ပြည်နယ် အစိုးရဖွဲ့တို့ ဖေဖော်ဝါရီ ၁၂ ရက်က တွေ့ဆုံ ညှိနှိုင်းပြီးနောက် ရရှိလာသည့် သဘော တူညီချက်များ အရ ယင်းသို့ ရုပ်သိမ်းပေးလိုက်ခြင်း ဖြစ်သည်။
ခွန်းအသန်းက“အမှု ရုပ်သိမ်းတဲ့ အပေါ် ကျနော်တို့က ထွေထွေထူးထူး ကျေးဇူး တင်စရာ မရှိဘူး။ နဂိုကတည်းက ဖမ်းဆီး တရားစွဲဆိုစရာ မလိုတဲ့ ကိစ္စကို အာဏာပိုင်တွေက ပြည်နယ် အစိုးရကသာ တဖက်သတ် အလွန်အကျူး ဖိနှိပ်လိုတဲ့ သဘောနဲ့ လူငယ်တွေကို တရား စွဲဆိုထားတဲ့ ကိစ္စဖြစ်တယ်”ဟု ဆိုသည်။
ဆက်လက်၍ ၎င်းက လူငယ်များသည် တရားဝင် ခွင့်ပြုမိန့် တင်ပြီးမှ ကန့်ကွက် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သော်လည်း အာဏာပိုင်များ ဘက်က ခွင့်မပြုဟု ဆိုကာ တဖက်သတ် ပယ်ချပြီးမှ ငြိမ်းစုစီဖြင့် စွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း၊ အမှု ပြန်လည် ရုပ်သိမ်းပေးခြင်းသည်လည်း အာဏာပိုင်များ ဘက်က စေတနာ ရှိ၍ မဟုတ်ဘဲ ၎င်းတို့ အပေါ် ကျရောက် လာသည့် ဖိအားများ လျော့ကျလာစေရန်သာ ဖြစ်ကြောင်း ပြောဆိုသည်။
“အမှု ရုပ်သိမ်းတယ် ဆိုတာက ဒီဖြစ်စဉ် တခုလုံးရဲ့ အစိတ်အပိုင်းလေး တခုပဲ။ ဒီတခုလုံးရဲ့ အကြောင်းရင်းခံက ကြေးရုပ် ကို လူထု ဆန္ဒမပါဘဲ ကန့်ကွက်မှုတွေ များတဲ့ကြားကနေ အတင်း တည်ဆောက်တဲ့ ပြဿနာပဲ။ ဒီတော့ ပြဿနာ အရင်း အမြစ်ကို ဘယ်လို ဖြေရှင်းမလဲဆိုတာပဲ အရေးကြီးပါတယ်”ဟုလည်း ခွန်းအသန်းက ဆိုသည်။
ဗိုလ်ချုပ်ကြေးရုပ် ဖယ်ရှားရေးနှင့် ပတ်သက်၍ သဘောတူညီထားသည့် အချက်များ အတွက် ဖေဖော်ဝါရီ ၁၇ ရက်က ဗိုလ် ချုပ်ရုပ်တု ကန့်ကွက် ကော်မတီနှင့် ဖြစ်မြောက်ရေး ကော်မတီတို့ ပထမဆုံး အကြိမ် တွေ့ဆုံဆွေးနွေးမှု ပြုခဲ့သော်လည်း မည်သည့် သဘောတူညီချက်မျှ မရရှိဘဲ ဆွေးနွေးပွဲ ပျက်သွားခဲ့ကြောင်း နှစ်ဖက် ကော်မတီထံမှ စုံစမ်း သိရှိရသည်။
ယင်းဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ ခွန်းအသန်းက“ဆွေးနွေးရေးက လမ်းကြောင်း ပိတ်သွားပြီလို့ ပြောလို့ရတယ်။ သို့သော် သ ဘော တူညီချက် အရဆို ၁ လ အတွင်းလို့ ပြောထားတာတွေ ရှိတော့ လာမယ့် ၁၂ ရက်နေ့ ထိတော့ စောင့်ကြည့်ရမှာပေါ့။ ပြည်နယ် အစိုးရက အဲဒီအတွင်းမှာ ဘယ်လို တာဝန်ယူပေးမလဲ။ သို့မဟုတ် ၁၂ ရက် ကျော်တဲ့အထိ ဘာမှ တာဝန်မယူ ပေးဘူး ဆိုရင်တော့ လူထု လှုပ်ရှားမှုတွေ ပြန်လည် ပေါ်လာမလား မပြောတတ်ဘူး”ဟု ပြောသည်။
ဖြစ်မြောက်ရေး ကော်မတီဘက်မှ ဦးဝင်းအောင်ကလည်း (လောပိတ ဖောင်ဒေးရှင်း – ဥက္ကဋ္ဌ) အများပြည်သူ ငွေကြေးဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးသား ဗိုလ်ချုပ် ရုပ်တုကို ပြန်လည် ဖြုတ်ပေးရန် မဖြစ်နိုင်ကြောင်း၊ တခြား နည်းလမ်း များဖြင့်သာ စဉ်းစားစေလိုကြောင်း၊ တဖက်မှ ထပ်မံ ဆွေးနွေးချင်သည် ဆိုပါကလည်း လက်ခံ ကြိုဆိုကြောင်း ဧရာဝတီကို ပြောဆိုထားသည်။
ကရင်နီပြည် လူငယ် အင်အားစုက ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) နံနက်ပိုင်းက လွိုင်ကော်မြို့ပေါ်တွင် လူထုချီ တက်ပွဲ ပြုလုပ်ကာ ဒေသခံများ ဆန္ဒမပါဘဲ စိုက်ထူခဲ့သော ဗိုလ်ချုပ် ရုပ်တု ဖယ်ရှားပေးရန်၊ ရုပ်တုနှင့် ပတ်သက်၍ အဓိက တာဝန်ရှိသည့် ဝန်ကြီးချုပ်နှင့် စီမံ/ဘဏ္ဍာ ဝန်ကြီး နုတ်ထွက်ပေးရန်၊ တရားစွဲခံ လူငယ်များအား ခြွင်းချက် မရှိ လွှတ်ပေး ရန် ဟူသည့် အချက် ၃ ချက်ကို တောင်းဆိုထားခြင်း ဖြစ်သည်။