သတင်း

အတိုင်ပင်ခံပုဂ္ဂိုလ် ကာကွယ်ရေး တက္ကသိုလ်တွင် သင်တန်း ပို့ချခဲ့ဟု တပ်မတော် ပြော

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်ရှိ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်သို့  လာရောက်ခဲ့ပြီး သင်တန်း ပို့ချမှုကို ပထမဆုံးအကြိမ် ပြုလုပ်သွားကြောင်း သတင်းရရှိသည်။

တပ်မတော် အရာရှိကြီး တဦးက “၁၉ ရက်နေ့ မနေ့က လာသွားတာ။ ပထမဆုံးအကြိမ်ပဲ။ နိုင်ငံခြားရေး ဝန်ကြီးဌာနကို ကိုယ်စားပြုပြီး လာပြောတာ။ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေ ကိုလည်း ရှင်းပြသွားတယ်လို့ သိရတယ်။ သင်တန်းသားတွေနဲ့ နေ့လယ်စာ အတူတူ စားသွားတယ်”ဟု ဧရာဝတီသို့ ပြောသည်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာရောက်ခြင်းသည် စစ်ဘက် အရပ်ဘက် ဆက်ဆံရေး ကောင်းမွန်မှုကို ပြသနေပြီး ယခု တက္ကသိုလ်သည် တပ်မတော်တွင် ဗိုလ်မှူးကြီး အဆင့်ရှိသူများ တက်ရောက်သည့် နေရာဖြစ်ကြောင်း၊ ယင်း တက္ကသိုလ် တက်ခွင့်ရသူများသည် အနာဂတ်တွင် တပ်မတော် ခေါင်းဆောင်များ ဖြစ်လာနိုင်ကြောင်း ယင်းအရာရှိက ပြောသည်။

နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်သို့ သင်တန်းလာရောက်ပို့ချရန် တပ်မတော်မှ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ဖိတ်ကြားခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း သမ္မတရုံး၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက အတည်ပြုသည်။

နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်သို့ သင်ကြားပို့ချသူ အရပ်သားများထဲတွင် ပညာရှင်များ၊ အရပ်ဘက်ဌာနမှ အမြဲတန်း အ တွင်းဝန်များ၊ ရင်းနှီးမြုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး ကဲ့သို့သော ပုဂ္ဂိုလ်များသာ လာရောက်လေ့ ရှိရာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လာရောက်ခြင်းမှာ ထူးခြားကြောင်း တပ်မတော်မှ ဗိုလ်မှူးကြီးအဆင့် အရာရှိတဦးကလည်း ပြောသည်။

“နိုင်ငံရေး၊ စီးပွားရေး အလိုက် သက်ဆိုင်တဲ့ လက်ချာတွေကို ပညာရှင်တွေက သွားပို့ချပေးရတာ။ နောက် ဝန်ကြီးတချို့ လည်း လာပြီး ပို့ချဖူးတယ်။ အတိုင်ပင်ခံကိုယ်တိုင် သင်သွားတယ်ဆိုရင်တော့ ဒါပထမဆုံးပဲ”ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD)က ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို လွှတ်တော်တွင်း လမ်းကြောင်းဖြင့် ပြင်ဆင်ရန် ကြိုးစားနေချိန်တွင် တပ်မတော်က လုပ်ထုံးလုပ်နည်းမမှန်ဟုဆိုကာ ကန့်ကွက် လျက် ရှိနေစဉ် ဒေါ်အောင်ဆန်းစုကြည်၏ ယခုလို သင်ကြားပို့ချမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading