သတင်း

မကရင်မ အမှု သံသယ တရားခံ ဒေါ်သိင်္ဂီစု အယူခံတင်

Want create site? Find Free WordPress Themes and plugins.

မကရင်မ အမှု သံသယတရားခံ ဒေါ်သိင်္ဂီစုကို လူသတ်မှု ပုဒ်မ ဖြင့် တရားရုံးတွင် စွဲချက် တင်ခွင့်ပြုခဲ့ခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးသို့ အယူခံစာ တင်ထားကြောင်း ဒေါ်သိင်္ဂီစု ၏ ခင်ပွန်း ဖြစ်သူက ပြောသည်။

ဒေါ်သိင်္ဂီစု၏ ခင်ပွန်း ဖြစ်သူက“ဘာကြောင့်လဲဆိုတော့ ကိုယ်လည်း တကယ်တမ်း မလုပ်ခဲ့ဘူး။ ဒါက စွပ်စွဲခံရသူရဲ့ အခွင့် အရေး ရှိပါတယ်။ အထက်ရုံးကို ဆက်လက် တင်ပြပိုင်ခွင့် ရှိပါတယ်။ လူသတ်မှု အင်္ဂါရပ်လည်း မမြောက်ဘူး၊ လူသေမှု အင်္ဂါရပ်လည်း မမြောက်ဘူး။ ဥပဒေ စီရင်ထုံးနဲ့ ကျနော်တို့ ရှေ့နေကြီးက တိတိကျကျ ထောက်ပြထားပါတယ်။ လျှောက် လဲချက်လည်း ပေးထားပါတယ်။ သို့သော်လည်း ဘာကြောင့် ဒီပုဒ်မနဲ့ စွဲချက်တင်သလဲပေါ့”ဟု ဧရာဝတီကို ပြောပြသည်။

အိမ်အကူ မကရင်မ သေဆုံးမှုတွင် သံသယ တရားခံ ဖြစ်သည့် ဒေါ်သိင်္ဂီစုကို ထောင်ဒဏ် တသက်တကျွန်း အထိ အပြစ်ပေးနိုင်သည့် လူသတ်မှု ပုဒ်မ ၃၀၂ (၂) ဖြင့် ဇန်နဝါရီလ ၂၃ ရက်တွင် စွဲချက် တင်ခဲ့ခြင်း ဖြစ်သည်။

လူသတ်မှု ပုဒ်မ ၃၀၂ (၂) သည် လူသတ်မှု ကျူးလွန်လျှင် ထိုသူကို ထောင်ဒဏ် တသက်တကျွန်း ဖြစ်စေ ၁၀ နှစ် အထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ဖြစ်စေ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ဆက်လက်၍ ဒေါ်သိင်္ဂီစု ၏ ခင်ပွန်း ဖြစ်သူက ၎င်း၏ဇနီး ဖြစ်သူသည် ဥပဒေ ဝန်ထမ်းတဦး ဖြစ်ပြီး ဥပဒေကို နားလည်သူ ဖြစ်သည့် အတွက် ဇနီးအပေါ် အပြည့်အဝ ယုံကြည်ကြောင်း ပြောဆိုသည်။

“အမျိုးသမီး မလုပ်ဘူးဆိုတာ ၁၀၀ ရာခိုင်နှုန်း ယုံကြည်တယ်။ ဘာလို့လဲဆိုတော့ လုပ်စရာ အကြောင်း မရှိလို့၊ ကျနော့် အမျိုးသမီးလည်း ဥပဒေ ဝန်ထမ်း တဦးပါပဲ။ ဥပဒေ အကြောင်း နားလည်တယ်။ လူတယောက်ကို ဒီလို လုပ်ရင် ဘယ် ဥပဒေ ပုဒ်မနဲ့ စွဲခံရမယ်ဆိုတာ သိပါတယ်”ဟုလည်း ဒေါ်သိင်္ဂီစု၏ ခင်ပွန်း ဖြစ်သူက ပြောသည်။

မကရင်မ သေဆုံးမှုတွင် သံသယရှိသူ ဒေါ်သိင်္ဂီစုကို ရန်ကုန် တောင်ပိုင်းခရိုင် တရားရုံးတွင် ဖေဖော်ဝါရီလ ၂၀ ရက်၌ ရုံး ထုတ်ခဲ့ပြီး ပြန်ခေါ် သက်သေတဦးဖြစ်သည့် မကရင်မအား ဒေါ်သိင်္ဂီစု အိမ်သို့ ပို့ဆောင်ပေးခဲ့သူ ဦးစိန်သန်း ကိုလည်း စစ်ဆေးခဲ့သည်။

ယခုအမှုတွင် စစ်ဆေးပြီး တရားလိုပြသက်သေ ၂၁ ဦးမှ  ၉ ဦးကို ပြန်ခေါ် သက်သေ အဖြစ် စစ်ဆေး မေးမြန်းသွားမည် ဖြစ်ကြောင်း သိရသည်။

ယနေ့ စစ်ဆေးခဲ့မှုနှင့် ပတ်သက်ပြီး တရားလို ရှေ့နေ ဒေါ်စန်းစန်းမြင့်က“အခု သက်သေ ဆိုရင် မူလ ဥပဒေ အရာရှိ မေး စဉ်တုန်းက လိုက်ပို့တယ်။ အိမ်က သေးသေးလေး ဖြစ်နေတယ်။ လူတက်လို့မရတဲ့ အတွက် ဒေါ်သိင်္ဂီစု ကလေးတွေနဲ့ပဲ အောက်မှာ ထိန်းကျောင်းပြီးတော့ နေခဲ့ပါတယ် ထွက်တယ်။ အပေါ်မှာ လူတွေ ရှိတာ မရှိတာ ဘာမှ ထွက်မသွားဘူး ဒေါ်ကရင်မ ပြောတဲ့ စကားတွေလည်း အတိအကျ ထွက်မသွားဘူး”ဟု ပြောသည်။

ဆက်လက်ပြီး ဒေါ်စန်းစန်းမြင့်က“အခုကျတော့ ကရင်မကို အိမ်ပေါ်တင်တဲ့ အခါမှာ ကရင်မက ဒဏ်ရာတွေက လေအေး ပေးစက်ပိလို့ ရတဲ့ ဒဏ်ရာတွေ ဖြစ်တဲ့အကြောင်း မသေခင်မှာ ထင်ယောင်ထင်မှားတွေနဲ့ လျှောက်ပြောတာတွေ ရှိတဲ့ အကြောင်း ဆိုတော့ လုံးဝကို ကွဲလွဲနေတယ်”ဟုလည်း ပြောဆိုသည်။

သေဆုံးသူ အိမ်အကူ မကရင်မသည် တပ်မတော် အရာရှိ ဇနီး ဒေါ်သိင်္ဂီစု နေအိမ်တွင် အိမ်အကူ လုပ်ကိုင်ခဲ့ခြင်း ဖြစ် သည်။

တွံတေးမြို့နယ် ခတ္ထိယကျေးရွာ အုပ်စု၊ အုပ္ဖိုလ်ကျေးရွာရှိ ၎င်းနေအိမ်သို့ တပ်မတော် အရာရှိ၏ ဇနီး၊ ဥပဒေ အရာရှိလည်း ဖြစ်သည့် ဒေါ်သိင်္ဂီစုက လာရောက် ပို့ဆောင်ခဲ့ပြီးနောက် ၁ နာရီခန့် အကြာတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

အိမ်အကူ မကရင်မသည် ဝမ်းဗိုက် ဒဏ်ရာကြောင့် အူပေါက် သေဆုံးခြင်း ဖြစ်ကြောင်း တရားရုံးတွင် တွံ့တေးမြို့နယ် ပြည်သူ့ဆေးရုံမှ လက်ထောက် ဆရာဝန်က သက်သေ ထွက်ဆိုထားသည်။

ဆက်စပ် ဖတ်ရှုရန်

မကရင်မ အမှု သံသယ တရားခံကို တသက်တကျွန်း ပုဒ်မနှင့် စွဲချက်တင်

အိမ်အကူမကရင်မ သေဆုံးမှု အရာရှိကတော်ကို ပုဒ်မ ၃၀၂ ဖြင့် အမှုစွဲတင်

Did you find apk for android? You can find new Free Android Games and apps.
Loading