၂၀၁၉ ခုနှစ် ဧပြီလ၌ တရုတ်နိုင်ငံ ဘေဂျင်းမြို့၌ ကျင်းပမည့် ဒုတိယ အကြိမ် One Belt One Road (OBOR) ဖိုရမ်သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ တရုတ်-မြန်မာ စီးပွားရေး စြင်္ကန် စီမံကိန်းများ အတွက် နားလည်မှု စာချွန်လွှာ (MoU) ကို လက်မှတ် ရေးထိုးရန် ရှိကြောင်း သတင်း ရရှိသည်။
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာန (စီးပွား/ကူးသန်း) ဒု ဝန်ကြီး ဦးအောင်ထူးက“OBOR ဖိုရမ်ကို လာမည့် ဧပြီလမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်တဲ့ အခါမှာ ကျနော်တို့ဆီမှာ လုပ်မယ့် စီမံကိန်းတွေနဲ့ ပတ်သက်ပြီး နားလည်မှု စာချွန်လွှာတွေ သဘောတူညီချက်တွေ လက်မှတ်ထိုးမှာ ဖြစ်ပါတယ်”ဟု ပြော သည်။
ယနေ့ ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေး အပြီး၌ ဧရာဝတီ သတင်း ဌာန၏ မေးမြန်းချက်ကို ၎င်းက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်ပြီး မည်သည့် စီမံကိန်းများ ဖြစ်သည်ကိုမူ အသေးစိတ် မရှင်းပြနိုင်ကြောင်းလည်း ဆို သည်။
မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ အစိုးရပိုင်း နှင့် ပုဂ္ဂလိကပိုင်းမှ အကောင်အထည် ဖော်မည့် ကိစ္စရပ်များတွင်ပါ အစိုးရက ပါဝင်မည် ဖြစ်ကြောင်း၊ ၂ နိုင်ငံကြား MoU လက်မှတ် ရေးထိုးနိုင်ရေး အတွက် ဖေဖော်ဝါရီလ ၁၉ ရက်မှ စတင်ကာ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန ဝန်ကြီး ဦးစိုးဝင်း ဦးဆောင်သည့် အဖွဲ့သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းမြို့သို့ ကြိုတင် သွားရောက် ညှိနှိုင်း လျက် ရှိကြောင်း သိရသည်။
“မြန်မာနိုင်ငံကတော့ OBOR စီမံကိန်းမှာ ပါဝင်မယ်လို့ ကတိကဝတ် ပြုထားပြီး ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့လည်း ခုနက ပြောတဲ့ ပရောဂျက်မှာ မြန်မာ-တရုတ် စီးပွားရေး စြင်္ကံကို အကောင်အထည် ဖော်ဖို့ ရှိပါတယ်။ ကျနော်တို့ စီးပွား/ကူးသန်း ကတော့ တရုတ်-မြန်မာနယ်စပ် စီးပွားရေး ပူပေါင်း ဆောင်ရွက်မှုဇုန် အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်”ဟု ဦးအောင်ထူးက ပြောသည်။
တရုတ် ပိုးလမ်းမကြီး စီမံကိန်းကြီးသည် တကမ္ဘာလုံးနှင့် ချိတ်ဆက်ထားပြီး မြန်မာနိုင်ငံက CMEC ဟု ခေါ်သည့် China Myanmar Economic Corridor အောက်တွင် ပါဝင်မည် ဖြစ်ရာ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို CMEC ခေါင်းစဉ် အောက်တွင် ထည့်သွင်းလိုက်ကြောင်း မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေးအဖွဲ့(ISP-Myanmar)မှ ဒါရိုက် တာ ဦးအောင်သူငြိမ်းက ပြောသည်။
ထို့ပြင် CMEC က လုပ်ငန်းပေါင်း ၁၂ ခုခန့် ပြုလုပ်မည် ဖြစ်ရာ ဘဏ်လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းမှ အစ စွမ်းအင် လုပ်ငန်း အစရှိသည်တို့ ပါဝင်မည်ဟု ၎င်းက ဆိုသည်။
ဦးအောင်သူငြိမ်းက“အခုနက စီမံကိန်းတွေကြောင့် ကျနော်တို့ရဲ့ အခြေခံ အဆောက်အအုံတွေ တက်လာဖို့တော့ ရှိပါ တယ်။ ဘာလို့လဲဆိုတော့ သူတို့ဘက်က ငွေကြေးစနစ်နဲ့ ပတ်သက်တာတွေလည်း များတယ်။ ပြဿနာက တခုချင်း စီမှာ ကျနော်တို့ စောင့်ကြည့်လို့ မရဘူး။ ဒီ ပိုက်ဆံက ချေးတာလား။ အတိုးနှုန်းက သင့်ရဲ့လား။ ဆောက်မယ့် ကိစ္စနဲ့ ကုန်မယ့်ငွေက သင့်ရဲ့လား ဆိုတာမျိုးတွေပေါ့”ဟု ပြောသည်။
ထို့ကြောင့် အစိုးရအနေဖြင့် ယခု စီမံကိန်းများကို ပိုမို ပွင့်လင်းမြင်သာစွာ ရှိရန် လုပ်ဆောင်သင့် သလို လုပ်ငန်းများ ခွင့်ပြုရာတွင်လည်း သုတေသနများ ပိုလုပ်ခြင်း၊ အကြံဉာဏ်များ ရယူခြင်း တို့ကို ဆောင်ရွက်သင့်ကြောင်း ၎င်းက ပြောဆိုသည်။
တရုတ်နိုင်ငံ၏ အကောင်အထည် ဖော်နေသည့် OBOR စီမံကိန်းသည် မြန်မာနိုင်ငံ အပါအဝင် အာရှ၊ ဥရောပ၊ သမုဒ္ဒ ရာတွင်း နိုင်ငံများ၊ အရှေ့ အာဖရိက စသည့် နိုင်ငံပေါင်း ၆၀ ခန့်ကို ဖြတ်သန်း ချိတ်ဆက်မည် ဖြစ်ပြီး ဆယ်စုနှစ်ချီ၍ ကြာမြင့်မည့် စီမံကိန်းကြီး ဖြစ်ကာ ခန့်မှန်း ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၄ ထရီလီယံ မှ ၈ ထရီလီယံ အထိ ဖြစ် နိုင်ကြောင်း သိရသည်။
စီမံကိန်း အစိတ်အပိုင်း တခုဖြစ်သည့် တရုတ် – မြန်မာ စီးပွားရေး စြင်္ကံ (China-Myanmar Economic Corridor (CMEC) စတင် အကောင်အထည် ဖော်ရန် အတွက် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် စက်တင်ဘာက နှစ်နိုင်ငံ အစိုးရကြား နား လည်မှု စာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်သည်။
တရုတ်မှ မြန်မာသို့ ဝင်ရောက်မည့် လမ်းကြောင်းနှင့် ပတ်သက်၍ ညှိနှိုင်းမှုများ ဆောင်ရွက်နေဆဲ ဖြစ်ရာ တရုတ်နိုင်ငံ ဘက်ခြမ်းမှ ယူနန် ပြည်နယ် ရွှေလီ အထိ ရထားလမ်း ဖောက်လုပ်လျက် ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် စတင် ဖွင့်လှစ် သည့် အခါ မြန်မာနိုင်ငံ မူဆယ် နယ်စပ် အထိ ရောက်လာမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာဘက်မှလည်း မူဆယ်-လားရှိုး ရထားလမ်းပိုင်းကို ဆောင်ရွက်ပေးမည် ဖြစ်ရာ နောက်ပိုင်းတွင် မြန်မာ့ မီးရထား ပို့ဆောင်ရေး လမ်းကြောင်းထဲသို့ ရောက်ရှိသွားမည် ဖြစ်ကြောင်း ဒုဝန်ကြီး ဦးအောင်ထူးက ဆိုထားသည်။
၎င်းက ဆက်လက်၍“အဲဒီကနေ တဆင့် မန္တလေးကို လာမယ်။ မန္တလေးကနေ တဆင့် နေပြည်တော်ကို လာမယ်။ နေပြည်တော်ကနေမှ တဆင့် မကွေး- အမ်းလမ်းကနေ ကျောက်ဖြူဘက်ကို ဆက်သွယ်မှာ ဖြစ်ပါတယ်။ နောက် လမ်းကြောင်း တခုကတော့ နေပြည်တော်ကနေ ရန်ကုန် အထိ ရထားလမ်း ဆက်သွယ်မှာ ဖြစ်ပါတယ်။ ရန်ကုန်မှာ လည်း ရန်ကုန်မြို့သစ် စီမံကိန်းပေါ့။ အဲဒါကို တရုတ်နိုင်ငံက CCCC ကုမ္ပဏီနဲ့ စတင် ဆောင်ရွက်ပါမယ်”ဟု ပြော သည်။
ပြည်တွင်းရှိ တရုတ်နိုင်ငံ အစိုးရ စီမံကိန်းများ အနက် ရှမ်းပြည်နယ်အား ဖြတ်သန်း အကောင်အထည် ဖော်ခဲ့သည့် စီမံ ကိန်းများတွင် ဒေသတွင်း တိုင်းရင်းသားများ အပေါ် မြေယာလျော်ကြေး၊ အလုပ်အကိုင် အခွင့်အလမ်း ကိစ္စတို့တွင် လူ့ အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့သည့် အတွက် OBOR စီမံကိန်းကြောင့် ဒေသခံများ ထပ်မံ ထိခိုက်ရမည်ကို စိုးရိမ်မှု များလည်း ရှိနေကြောင်း သိရသည်။
စီမံချက် ဖြတ်သန်းရာ နိုင်ငံများ၏ စီးပွားရေး စည်ပင် ဝပြောမှုနှင့် ဒေသတွင်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အတွက် အကျိုး ဖြစ်ထွန်းစေရန်၊ မတူညီသော ယဉ်ကျေးမှုများ ဖလှယ်ကာ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု ကို တွန်းအားပေး၍ တရုတ်နိုင်ငံက ဦးစီး ဆောင်ရွက်မည့် မဟာ စီမံကိန်းဟု ပြီးခဲ့သည့်နှစ် မေလလယ်က တရုတ်နိုင် ငံ ဘေကျင်းမြို့တွင် ပြုလုပ်သည့် Belt and Road နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်တွင် တရုတ် သမ္မတ မစ္စတာ ရှီကျင့်ဖျင်က ပြောဆိုထားသည်။
OBOR စီမံကိန်းနှင့်ပက်သက်၍ တရုတ်က ကမ္ဘာကိုချပြသည့်အခါ အနောက်နိုင်ငံများ အပါအဝင် နိုင်ငံများစွာက လက် ခံမှု ရှိကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်လည်း တရုတ်နှင့် ထိစပ်နေ၍ ယခု လုပ်ငန်းများကို အကောင်အထည် ဖော်မည် ဆိုပါက နိုင်ငံ အတွက် အကျိုးကျေးဇူး ရှိနိုင်မည်ဟု ယူဆပြီး OBOR အစီအစဉ်တွင် ပါဝင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒုဝန်ကြီး ဦးအောင်ထူးက ရှင်းပြသည်။
“ကျနော်တို့ အနေနဲ့လည်း အကျိုးကျေးဇူး အများဆုံး ဖြစ်အောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ OBOR ပရိုဂရမ်မှာ ကျနော်တို့ ဘက်က ကျောက်ဖြူ ရေနက် ဆိပ်ကမ်းလိုဟာမျိုး၊ အဲဒါ ဆိုရင် ကျနော်တို့က ခုနက ပြောသလို တရုတ် နိုင်ငံနဲ့ ကျောက်ဖြူကနေ တဆင့် အာဖရိကတို့၊ ဥရောပတို့ နိုင်ငံတွေကို ဆက်သွယ် သွားနိုင်မယ်”ဟု ၎င်းက ပြော သည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကျော်မှာ တရုတ်နိုင်ငံမှ ဖြစ်ပြီး စွမ်းအင်နှင့် သတ္တု တူးဖော်ရေး ဆိုင်ရာ ကဏ္ဍများတွင် အများဆုံး ဖြစ်ရာ တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းသည့် စီမံကိန်းများ ဖြစ်လာမည်ကို မြန်မာ ပြည်သူများက စိုးရိမ်လျက် ရှိကြောင်း သိရသည်။
ဆက်စပ် ဖတ်ရှုရန် –
တရုတ်-မြန်မာ စီးပွားရေး စြင်္ကံ ကိစ္စ ကူမင်းတွင် ဆွေးနွေးမည်
တရုတ် စီမံကိန်းများ အတွက် စိုးရိမ်ရန် မလိုဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ဆို