သတင်း

ဖာပွန်ခရိုင် အတွင်း တပ်မတော် အင်အား တိုးချဲ့မှုများ ရှိနေဟု KHRG ထုတ်ပြန်

Want create site? Find Free WordPress Themes and plugins.

တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူညီမှု စာချုပ် (NCA) ပါ အချက်များကို ဖောက်ဖျက်ပြီး တပ် မတော်က ကရင် ပြည်နယ် ဖာပွန် ခရိုင်တွင်း စစ်အင်အားများ တိုးချဲ့နေသည်ဟု ကရင် လူ့အခွင့်အရေး အဖွဲ့ (KHRG) က ထုတ်ပြန်ချက် ထုတ်ကာ ပြောလိုက်သည်။

KHRG က ဖေဖော်ဝါရီလ ၁၉ ရက်တွင် ထုတ်ပြန်ချက်ကို ဖြန့်ဝေခဲ့ခြင်း ဖြစ်ပြီး ထုတ်ပြန်ချက်တွင် တပ်မတော်၏ စစ်အင်အား တိုး ချဲ့မှုမှာ ဖေဖော်ဝါရီ ပထမပတ်တွင် ၃၀၀ ကျော် ရှိသည်ဟု ဖော်ပြထားသည်။

KHRG ၏ ပြောရေး ဆိုခွင့်ရှိသူ နော်ထူးထူးက“ဖေဖော်ဝါရီ ၁ ရက်၊ ခေးပူ ကျေးရွာမှာ တပ်မတော် စစ်သား အယောက် ၆၀ ပို့လာတယ်။ အခုထိလည်း ရှိနေတုန်းပဲ။ ဖေဖော်ဝါရီ ၄ ရက်မှာ စားနပ်ရိက္ခာတွေ ပို့တယ်။ ရှို့ကျိုးဒေါခိုး ဧရိယာ၊ စောမူ ပလော အုပ်စုထဲမှာ။ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ရဲ့ တားမြစ် နယ်မြေကို ကျော် လာလို့ ညနေပိုင်းမှာလည်း တိုက်ပွဲ ဖြစ်တယ်”ဟု ပြောသည်။

ဖေဖော်ဝါရီလ ၅ ရက်တွင် ဒေသခံများ အခေါ် ရှို့ပိုကျိုး ဒေသသို့ တပ်မတော် စစ်သား ၂၁၆ ဦး ထပ်မံ ရောက်ရှိလာ သည် ဟုလည်း နော်ထူးထူးက ဆိုသည်။

NCA အခန်း (၃) ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ကိစ္စရပ်များ၊ ပုဒ်မ ၅ (က)တွင် အပစ်ရပ် နယ်မြေ အတွင်း တဖက်နှင့် တဖက် နယ်မြေ စိုးမိုးရန် လှုပ်ရှားခြင်း၊ ကင်းထောက်ခြင်း၊ အင်အား တိုးချဲ့ခြင်း၊ လက်နက်ကိုင် တိုက်ခိုက် မှုများ၊ မိုင်းထောင်ခြင်းများ ရပ်ဆိုင်းရမည် ဟု ပြဋ္ဌာန်းထားသည်။

ထို့ပြင် ပုဒ်မ (၈)၊ ပုဒ်မခွဲ (ခ)တွင်လည်း တဖက် အဖွဲ့အစည်းက ထိန်းချုပ်ထားသည့် နယ်မြေ အတွင်း လက်နက်ဖြင့် သွားလာရန် လိုအပ်လာပါက နှစ်ဖက် ညှိနှိုင်း သဘောတူညီချက်နှင့် သွားလာရန် ဟူ၍ ပြဋ္ဌာန်းထားသည်။

အထက်ပါ အချက်များဖြစ်သည့် NCA ပြဋ္ဌာန်းချက်များကို တပ်မတော်ဘက်က ချိုးဖောက်ပြီး ဒေသခံများ ထိတ်လန့် အောင်လည်း လုပ်ဆောင်နေသည် ဟုလည်း နော်ထူးထူး က ဆိုသည်။

KHRG ၏ ထုတ်ပြန်ချက်၌ ဇန်နဝါရီလ တလတည်း အတွင်း တပ်မတော်က လူသော မြို့နယ်ရှိ ဒေသခံများ နေထိုင် သည့် ရွာများ အနီးသို့ လက်နက်ကြီး အလုံးပေါင်း ၉၀ ခန့် ပစ်ခတ်ခဲ့ သဖြင့် ဒေသခံများမှာ တောင်ယာများသို့ အလုပ် သွားရန် စိုးရိမ်စိတ်များ ရှိနေသည်ဟု ရေးသားထားသည်။

ပစ်ခတ်ခံရသည့် ရွာများ၏ အမည်စာရင်းနှင့် ရွာအတွင်း နေထိုင်သည့် လူဦးရေစာရင်းများကို အတိအကျ ဖော်ပြထား ခြင်း မရှိသော်လည်း တပ်မတော်၏ ပစ်ခတ်မှုများက ငြိမ်းချမ်းရေး ပျက်ပြားအောင် လုပ်ဆောင်နေပြီး ဒေသခံများ ရွှေ့ ပြောင်း နေထိုင်အောင် တွန်းအားပေးနေသည်ဟု KHRG က ပြောဆိုထားသည်။

KHRG မှ မြေပြင်သို့ ဆင်းပြီး သတင်း ကောက်ယူသူများက ဖာပွန် ခရိုင်တွင်း တပ်မတော်ဘက်မှ စစ်အင်အား တိုးချဲ့ နေသည်ကို သတင်း အခိုင်အမာ ရထားခြင်း ဖြစ်သည်ဟုလည်း နော်ထူးထူးက ဆိုသည်။

နော်ထူးထူးက “ရွာသူရွာသားတွေကို ကျမတို့ မေးကြည့်တော့ ဇန်နဝါရီလမှာ လက်နက်ကြီးတွေနဲ့ ပစ်ခံရတယ်။ အခု ဖေဖော်ဝါရီ ကျတော့ ရိက္ခာနဲ့ အင်အားတွေ တိုးလာတော့ တိုက်ပွဲတွေ ပြန်ဖြစ်မလား ဆိုပြီး သူတို့မှာ စိုးရိမ်စိတ်တွေ ရှိနေကြတယ်” ဟု ပြောသည်။

တပ်မတော်၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး မျိုးအောင်က ဖာပွန် ခရိုင်တွင်း ရှိသည့် တပ်စခန်းများကို ရိက္ခာ ထောက်ပံ့ရန် တနှစ်လုံးတွင် နွေရာသီ တချိန်တည်းသာ ပို့နိုင်သဖြင့် ယခုလပိုင်းတွင် ရိက္ခာ ပို့ဆောင်ခြင်းများ လုပ်ဆောင်နေသည်မှာ မှန်ကန်ပါသည် ဟု ပြောသည်။

ဖာပွန် ခရိုင် အတွင်း ရှိသည့် တပ်စခန်းများတွင် တာဝန် ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များ စားသောက်ရေး အတွက် ရိက္ခာ ပို့သည်ကို KNLA တပ်မဟာ (၅)က ကန့်သတ် နယ်မြေ ကျော်လာသည် ဟုဆိုကာ လမ်းတွင် မိုင်းထောင်ခြင်း နှင့် ချောင်းမြောင်း ပစ်ခတ်ခြင်းများလည်း ရှိနေသည်ဟု ဗိုလ်မှူးကြီး မျိုးအောင်က ပြောဆိုသည်။

၎င်းက တပ်မတော် အနေဖြင့် အရပ်သားများ နေထိုင်သည့် ရွာများကို ဦးတည် ပစ်ခတ် တိုက်ခိုက်ခြင်းများ မရှိဘဲ KNLA ဘက်မှ ပစ်ခတ်သည်ကို ပြန်လည် ပစ်ခတ်ခြင်းသာ ရှိပြီး တပ်မတော် စစ်ကြောင်းများ ရိက္ခာပို့သည့် လမ်းတွင် လူနေရွာ များ မရှိ ဟုလည်း ပြောသည်။

ဗိုလ်မှူးကြီး မျိုးအောင်က “ပစ်ကြခတ်ကြပြီ ဆိုရင်လည်း သိတဲ့အတိုင်း ပစ်တဲ့ နေရာကို ပြန်ပစ်ကြတာပါပဲ။ သူလည်း ကိုယ့်ကို ပစ်တာ ကိုယ်လည်း သူ့ကို ပစ်တာ ဖြစ်တဲ့အတွက် ပစ်တာ ရှိပါတယ်။ အဲဒီ အပေါ်မှာ မူတည်ပြီးတော့ ရွာ တွေ ကို ပစ်တယ် ဆိုတဲ့ စွဲချက်ကတော့ လုပ်ကြံပြီး ပြောတယ်လို့ပဲ ပြောလို့ ရပါတယ်”ဟု ဆိုသည်။

တပ်မတော်က NCA ကို ချိုးဖောက်ခြင်း မရှိသည့် အတွက် ကရင် လူ့အခွင့်အရေး အဖွဲ့၏ ထုတ်ပြန်ချက်မှာ မှန်ကန် ခြင်း မရှိသလို NCA ကို ချိုးဖောက်သည်မှာ ကရင် လက်နက်ကိုင် တပ်ဖွဲ့သာ ဖြစ်သည်ဟုလည်း ဗိုလ်မှူးကြီး မျိုးအောင် က ဆို သည်။

ဖာပွန်ခရိုင် အတွင်းရှိ တပ်မတော်၏ တပ်စခန်းများမှာ လွန်ခဲ့သည့် နှစ် ၂၀ ခန့်ကတည်းက စခန်းထိုင်ထားသည့် နေရာ များ ဖြစ်သည် ဟုလည်း ၎င်းက ပြောသည်။

တပ်မတော်နှင့် ကရင် အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ KNLA တို့သည် ၂၀၁၅ ခုနှစ် အောက်တိုဘာ လ ၁၅ ရက်တွင် NCA စာချုပ်ကို လက်မှတ် ရေးထိုးထားသည်။

၂၀၁၈ ခုနှစ် မတ်လ ပထမပတ်တွင် ဖာပွန် ခရိုင် ခေးပူ-လယ်မူ ပလောလမ်း၊ KNLA ထိန်းချုပ် နယ်မြေ အတွင်း တပ် မတော်က ဝင်ရောက်လာပြီး လမ်းဖောက်လာသည် ဟူသည့် အကြောင်းပြချက်ဖြင့် နှစ်ဖက် တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွား ကြပြီး ဒေသခံ ၂၃၀၀ ကျော် နေရပ်ရင်းမှ ထွက်ပြေးခဲ့ကြရသည်။

တပ်မတော်နှင့် KNLA နှင့် မကျေလည်မှုများ ဖြစ်ပြီးနောက် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် KNU ဥက္ကဋ္ဌ ဗိုလ် ချုပ်ကြီး စောမူတူးစေးဖိုးက ငြိမ်းချမ်းရေး ဆိုင်ရာ အစည်းအဝေးများတွင် ပါဝင်မှု ယာယီ ရပ်ဆိုင်းမည် ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းကြားခဲ့သည်။

တပ်မတော်မှ KNLA ထိန်းချုပ် နယ်မြေ အတွင်း လမ်းဝင်ဖောက်နေသည်မှာ ဖာပွန် ခရိုင်တခုတည်း မဟုတ်ဘဲ ညောင် လေးပင် ခရိုင်၊ တောင်ငူ ခရိုင်နှင့် သထုံ ခရိုင်တို့တွင်လည်း လမ်းဖောက်နေ သဖြင့် ရပ်ဆိုင်းပေးရန် ၂၀၁၈ ခုနှစ် ဒီဇင် ဘာလ ၁ရက်က KNU/ KNLA ဘက်က တောင်းဆိုထားသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နှင့် ၁၈ ရက်တွင် ဖာပွန်ခရိုင် အတွင်းရှိ ဘော်စဲခို-လယ်မူပလော၊ ဘော်စဲခို-ယွန်း စလင်း လမ်းကြောတွင် တပ်မတော်က စက်ယန္တရားများဖြင့် လမ်းပြင်ပြီး ရှေ့တန်း တပ်စခန်းများသို့ ရိက္ခာ ပို့သဖြင့် KNLA တပ်မဟာ (၅) နှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွား၍ ယနေ့အထိ စစ်ရေး တင်းမာမှုများ ရှိနေဆဲ ဖြစ်သည်။

ဆက်စပ် ဖတ်ရှုရန်KNLA က မိုင်းထောင်ကာ လူထုကို တိုက်ခိုက်နေဟု NMSP စွပ်စွဲ 

တပ်မတော်က ခရိုင် ၄ ခု အတွင်း လမ်းဖောက်နေခြင်း ရပ်ဆိုင်းရန် KNU တောင်းဆို 

Did you find apk for android? You can find new Free Android Games and apps.
Loading