ရခိုင်ပြည်နယ်အတွင်းမှ ဒေသခံ တိုင်းရင်းသား ပြည်သူလူထုအနေဖြင့် တပ်မတော်၏ လုပ်ဆောင်ချက်များကို ဝိုင်းဝန်း ကူညီ ပူးပေါင်း ဆောင်ရွက်နိုင်ရေး တိုက်တွန်းကြောင်း အဆိုအား မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်သွားခဲ့သည်။
ယင်းအဆိုအား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး သက်ဦးမောင်က ယနေ့ ကျင်းပခဲ့သော ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေး၌ တင်သွင်းခဲ့ခြင်း ဖြစ်ပြီး မဲခွဲဆုံးဖြတ်ရာတွင် ဆန္ဒမဲပေးခွင့် ရှိသူ ၃၄ ဦးအနက် ထောက်ခံသူ ၁၁ ဦး၊ ကန့်ကွက်သူ ၂၂ ဦး၊ ကြားနေ ၁ ဦးဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
ယင်းအဆိုအား ကန့်ကွက်ခဲ့သည့် ကျောက်ဖြူ အမတ် ဦးဖိုးစံ က “ဒီအဆိုက ပြည်နယ် အဆင့်နဲ့ မသင့်တော်ပါဘူး။ ပြည်နယ်အဆင့်နဲ့ ဘယ်လိုမှ ကိုင်တွယ်ဖြေရှင်းလို့ မရတဲ့ အတွက် ကန့်ကွက်ရခြင်း ဖြစ်တယ်။ ပြည်ထောင်စု အဆင့်ကသာ ဒီကိစ္စကို ကိုင်တွယ် ဖြေရှင်း နိုင်ပါမယ်” ဟု သတင်းထောက်များကို ပြောသည်။
ယင်းအဆိုနှင့် ပတ်သက်ပြီး လွှတ်တော်တွင် လက်ခံဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ သဘေားကို ရယူရာတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက သဘောတူကြောင်း သဘောထားပေးသော်လည်း ရခိုင်အမျိုးသားပါတီ (ANP) နှင့် အခြားပါတီအချို့မှ လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ကြသည်။
၎င်းအဆိုအား မတ်တပ်ရပ် စနစ်ဖြင့် လွှတ်တော်တွင် မဲခွဲခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်မတော် (AA) ထိုးဖောက်ဝင်ရောက်လာမှုများကို ထိထိရောက်ရောက် တားဆီးကာကွယ်နိုင်ခြင်း မရှိပါက နိုင်ငံတော် အစိုးရ၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး တည်းဟူသော အချုပ်အခြာ အာဏာများ နယ်မြေ တခုချင်းစီအလိုက် တဖြည်းဖြည်း ဆုံးရှုံးသွားမည်ဖြစ်ပြီး ပြည်ထောင်စုပြိုကွဲသည်အထိ ဖြစ်လာနိုင်ကြောင်း ဗိုလ်မှူး သက်ဦးမောင် က လွှတ်တော်တွင် အဆိုတင်ခဲ့သည်။
ဗိုလ်မှူး သက်ဦးမောင် က “တပ်မတော်သားများရဲ့ အသက်သွေးချွေးများကို စတေးပြီး စွန့်လွှတ် အနစ်နာခံကာ မဖြစ်မနေ တိုက်နေရတာ ဖြစ်ကြောင်း သိရှိနားလည်ပြီး လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် တကွ လွှတ်တော် ကိုယ်စားလှယ်များက နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးကို ရှေ့ရှုပြီး နယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေး ဆောင်ရွက်နေမှုများကို ကူညီဆောင်ရွက် ပေးကြပါရန် လိုအပ်ကြောင်း အဆိုတင်သွင်း အပ်ပါတယ်” ဟု တင်ပြခဲ့သည်။
ဗိုလ်မှူး သက်ဦးမောင်၏ အဆိုအား တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တဦး ဖြစ်သည့် ဗိုလ်ကြီး ကျော်မြင့်သန်း ကလည်း ထောက်ခံ ဆွေးနွေးခဲ့သည်။
အဆိုရှင် ဗိုလ်မှူး သက်ဦးမောင်က AA လက်နက်ကိုင်အဖွဲ့သည် လွှတ်တော်လမ်းကြောင်းက ရသင့် ရထိုက်သည့် အခွင့်အရေးများကို မတောင်းဆိုဘဲ လက်နက်ကိုင်ပြီး တောခိုနေခြင်းမှာ ဒေသအတွင်း မတည် မတည်မငြိမ် ဖြစ်စေရန်တမင် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ၊ ယင်းအပြင် ARSA အကြမ်းဖက် အဖွဲ့နှင့် ဟန်ချက်ညီညီ ပူးပေါင်းပြီး မေယုတောင်တန်း ဒေသတွင် စစ်ရေးလှုပ်ရှားမှုများကို လုပ်ဆောင် နေခြင်းမှာလည်း ဒေသကို ကာကွယ်နေသည့် တပ်မတော်အပေါ် နောက်ကျောကို ဓားဖြင့် ထိုးခြင်းသာ ဖြစ်ကြောင်း လွတ်တော်တွင် စွပ်စွဲ တင်ပြခဲ့သည်။
တိုက်ပွဲများဖြစ်ပွားလျှင် ဒေသခံများသာ ဒုက္ခရောက်ကြခြင်းဖြစ်၍ စစ်ပွဲများတိုက်ခိုက်နေမည့် အစား နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာမှ သာလျှင် အထိအခိုက်နည်းမည်ဖြစ်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး မင်းသူက တိုက်တွန်းပြောဆိုသည်။
ဒုဗိုလ်မှူးကြီး မင်းသူက “ဒေသခံပဲ ဒုက္ခရောက်တာလေ။ တိုက်ပွဲဖြစ်လာရင်တော့ ဒီအကျိုးဆက်ကတော့ ပေါ်မှာပဲ။ ဒါကို ရပ်ဖို့အတွက် နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးပြီးတော့ ရပ်မှဘဲ အထိအခိုက်နည်းမှာ ဒါမှမဟုတ်ဘဲ အများကြီးပဲ စစ်ပွဲတွေက ဆက်ပြီး ဆင်နွှဲနေမယ်ဆိုရင် ပိုပြီးတော့ ထိခိုက်လာမယ်။ ကျယ်ပြန့်လာမယ်ဆိုရင် ဒီထက်၊ ဒီထက်ပိုပြီးတော့ ကြီးမားလာနိုင်တယ်” ဟု သတင်းထောက်များကို ရှင်းပြသည်။
ထို့အတူ မဲခွဲဆုံးဖြတ်ရာ၌ ရှုံးနိမ့်မှုအပေါ်တွင်လည်း “ဒါကတော့ သူတို့လုပ်ထုံး လုပ်နည်းအရ လွှတ်တော်ကလည်း သူ့ရဲ့လုပ်နည်း၊ သူ့ရဲ့လုပ်ပိုင်ခွင့်အရ လုပ်တာ ကျနော်တို့ (စိတ်ထဲ) ဘာမှတော့ မရှိပါဘူး” ဟု ဒုဗိုလ်မှူးကြီး မင်းသူက ပြောသည်။
တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး တပ်မတော်နှင့် AA တို့ နှစ်ဘက်လုံးတွင် တာဝန်ရှိကြောင်း၊ ယင်းတိုက်ပွဲဖြစ်ပွားမှုကို ဗဟိုအစိုးရမှ ကိုင်တွယ် ဖြေရှင်းရန် လိုအပ်ပြီး AA အဖွဲ့ကို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လမ်းကြောင်းပေါ် ရောက်အောင် ခေါ်ယူရန် လိုအပ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးစံ က ပြောသည်။
ဦးဖိုးစံ က “NCA လမ်းကြောင်းပေါ် AA ကို ရောက်အောင်ခေါ်ရမယ်။ လက်မှတ်ရေးထိုးခိုင်းပြီး ၂၁ ရာစု ပင်လုံကို တက်နိုင်အောင် သူတို့ (ဗဟိုအစိုးရ) က လုပ်ရမှာ အခုဟာက အဲဒီလို နှစ်ဦး နှစ်ဘက် ညှိနှိုင်းတိုင်ပင်ပြီး မလုပ်ဘဲနဲ့ ဟိုဘက်နဲ့ ဒီဘက် တိုက်ပွဲသာ ဖြစ်နေမယ် ဆိုလို့ ရှိရင် ကြားက ကျနော်တို့ ပြည်သူလူထုက အနစ်နာဆုံးပါပဲ” ဟု ပြောသည်။
ယနေ့ ကျင်းပသော ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးသို့ လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့် အပါအဝင် ပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီး တဦးတယောက်မှ တက်ရောက်ခြင်း မရှိပေ။