ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး ယင်းတိုက်ပွဲများကြောင့် နှစ်ဘက်တပ်များ ထိခိုက်၊ ကျဆုံးမှု မြင့်တက်နေသကဲ့သို့ အရပ်သားများပါ ထိခိုက်သေဆုံး နေလျှက် ရှိသည်။
မြောက်ဦးမြို့နယ် အတွင်း ဖေဖော်ဝါရီ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် AA တပ်ဖွဲ့ဝင် ရုပ်အလောင်း ၉ လောင်းနှင့်အာပီဂျီ တလက် ရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူချုပ် ဇော်မင်းထွန်း ကလည်း “မြောက်ဦးမှာ ဖြစ်တဲ့ တိုက်ပွဲကတော့ ကျနော်တို့ ထုတ်ပြန်ထားတဲ့ အတိုင်းပဲ။ ကျနော်တို့ဘက်ကလည်း ထိခိုက်မှု ရှိတယ်။ AA ဘက်ကလည်း အလောင်း ၉ လောင်းနဲ့ အာပီဂျီ ၁လက်ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မြောက်ဦးမြို့နယ် အတွင်း တောင်ကုန်များပေါ်တွင် AA အဖွဲ့ဝင် ၁၀၀ ခန့်သည် လေ့ကျင့်ရေးစခန်းနှင့် စည်းရုံးရေး နယ်မြေတည်ဆောက်ရန် ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ရာမှ ထိတွေ့မှု ၂ကြိမ်ဖြစ်ပွားခဲ့ပြီး ယင်းကဲ့သို့ ထိခိုက်ကျဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ပွဲများ ဖြစ်ပွားခဲ့သောနေရာသည် ယခုနှစ် ဇန်နဝါရီလက ပြည်နယ်ဝန်ကြီးချုပ် ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရသည့် နေရာနှင့် ယခုလ ၁၇ ရက်နေ့က အရပ်ယာဉ်တစီး မိုင်းဆွဲ တိုက်ခိုက်ခံရသည့် နေရာများနှင့် မကွာဝေးကြောင်းလည်းထောက်ပြထားသည်။
AA ကတော့ မြောက်ဦးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော အဆိုပါ တိုက်ပွဲတွင် ၎င်းတို့၏ ရဲဘော် ၃ ဦးနှင့် အာပီဂျီ ၁ လက်သာဆုံးရှုံးခဲ့ပြီး တပ်မတော် ထုတ်ပြန်သည့် လေ့ကျင်းရေးစခန်းနှင့် စည်းရုံးရေး စခန်း တည်ဆောက်နေခြင်း မဟုတ်ကြောင်းတုန့်ပြန်သည်။
AA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ က “မနေ့က မြောက်ဦးမြို့နယ် အတွင်းမှာ ၃ နေရာ ဖြစ်တယ်။ ကျနော်တို့လှုပ်ရှား စစ်ကြောင်းကို တပ်မတော်က ချုံခိုတိုက်ခိုက်တဲ့အတွက် ကျနော်တို့ဘက်က ရဲဘော် ၃ ဦးနဲ့ အာပီ ဂျီ ၁ လက်ဆုံးရှုံးခဲ့တယ်။ တပ်ကထုတ်ပြန်သလို ၉ ဦးသေဆုံးတာ မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းအပြင် ယမန့်နေ့ ညနေ ၈ နာရီခန့်တွင် ကျောက်တော်မြို့နယ်ဘက်မှ စစ်ကူလိုက်လာသော တပ်မတော် စစ်ကားကိုမြောက်ဦးမြို့နယ် ကျောက်ကျပ် ကျေးရွာအနီးတွင် AA က ဖြတ်တိုက်ခဲ့မှုကြောင့် တပ်မတော်ဘက်မှ အရာရှိ စစ်သည် ၃၀ထက်မနည်း ကျဆုံးခဲ့ပြီး စစ်အသုံးအဆောင် ပစ္စည်းနှင့် လက်နက် ခဲယမ်းများကိုလည်း သိမ်းဆည်း ရမိခဲ့သည်ဟု ဦးခိုင်သုက ပြောသည်။
မြောက်ဦးမြို့နယ် အတွင်းတွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့မနက်ပိုင်းကလည်း တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများဆက်လက် ဖြစ်ပွားနေကြောင်း ကြားသိရသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကတော့ ဖေဖော်ဝါရီ ၂၀ ရက်နေ့မနက်ထိ တိုက်ပွဲဆက်ဖြစ်နေသည် ဆိုသည့် သတင်းနှင့်ဖေဖော်ဝါရီ ၁၉ ရက်နေ့က တပ်မတော် စစ်ကြောင်း ဖြတ်တိုက်ခံရသည်ဆိုသည့် သတင်းအပေါ် အတည်မပြုနိုင်သေးကြောင်းပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်ထွန်း က “အဲဒီ ကျောက်ကျပ်မှာ ဖြစ်တာနဲ့ ဒီနေ့ တိုက်ပွဲ အခြေအနေကိုတော့ ကျနော် မသိရသေးလို့ ဘာကိုမှ အတည်မပြုနိုင်သေးဘူး ” ဟု ဧရာဝတီသို့ ပြောသည်။
ထိုတိုက်ပွဲများကြောင့် မြောက်ဦးမြို့နယ်အတွင်းက ဒေသခံကျေးရွာသာများမှာ စိုးရိမ်မှုများမြင့်တက်လျှက် ရှိပြီး ကျေးရွာသားများ၏ ရှင်ပြုအလှူပွဲများမှာလည်း လူသူ အရောက် အပေါက် မရှိတော့ကြောင်း ကျေးရွာသားများက ပြောသည်။
မြောက်ဦးဒေသခံ ကိုအုန်းတော က “ရွာသားတွေတော့ ထိခိုက်မှု ဖြစ်တာ မရှိဘူး။ စိုးရိမ်ရတဲ့ အခြေအနေကတော့ အရမ်းများတယ်။ ရွာသားတွေက နေရာ ညပါ အိမ်ထဲကနေ အိမ်ပြင် မထွက်ရဲကြဘူး။ မနေ့က ကျီယာပြင်ကျေးရွာမှာ လုပ်တဲ့ ရှင်ပြုပွဲအလှူကို တယောက်မှ မရောက်တော့ဘူး။ တရားနာမယ့် လူတွေလည်း မရှိကြတော့ဘူး။ ဖြစ်သလို လုပ်လိုက်ရတာတွေ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားလာနေမှုသည် တဖြည်းဖြည်း ကားလမ်းမပေါ်ရှိ ကျေးရွာအနီးဝန်းကျင်များ သို့ပင် ရောက်ရှိလာနေကြသည်။ မြောက်ဦးမြို့နယ် ကျောက်ကျပ် ကျေးရွာအနီး ရန်ကုန်- စစ်တွေ ကားလမ်းမ ကွန်ကရစ်လမ်းပေါ်တွင် သွေးများ ပေကျန်နေသည့် အခြေအနေများကို ဒေသခံ ကျေးရွာ သားများ ယနေ့ နံနက်ပိုင်းက မြင်တွေ့ခဲ့ရသည်ဟု ပြောသည်။
မြောက်ဦးမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် က “လက်ရှိမှာတော့ ရွာပတ်ပတ်လည်မှာတပ်အင်အားတွေ တိုးချဲ့ ချထားတယ်ဆိုတာ သိရတယ်။ ရွာသားတွေ ထိခိုက်မှုတော့ မရှိဘူး။ ဒါပေမဲ့ စိုးရိမ်ပြီး ရွာသားတွေကတော့ ထွက်ပြေးနေကြတာ ရှိတယ်လို့တော့ သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မြောက်ဦးမြို့နယ် အတွင်း ဗူးရွက်မညိုးကျေးရွာနှင့် ပတ်ဝန်းကျင်းကျေးရွာများ အနီးပတ်ဝန်းကျင် ကျေးရွာအနီးတွင်ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက်ပိုင်းက တပ်မတော် ရဟတ်ယာဉ်များ ဖြတ်သန်းနေသည်ကို တွေ့မြင်ရကြောင်း ဒေသခံ ကျေးရွာသားများက ပြောသည်။
မြောက်ဦးဒေသခံ ကိုအုန်းတောက “ရဟတ်ယာဉ်တွေကတော့ ရွာထက်ကနေ ဖြတ်ပြီး ဗူးရွက်မညိုးရွာအနား ရမ်းချောင်းတောင်တန်းကို ဖြတ်သွားတာရှိတယ်။ ရွာသားတွေကတော့ စိုးရိမ်ရတာပေါ့” ဟု ပြောသည်။
တိုက်ပွဲများ ပြင်ထန်နေသော်လည်း လက်ရှိ ရန်ကုန်- စစ်တွေ ကားလမ်းမတလျှောက်တွင် ယာဉ်များ ပုံမှန် သွားလာလျက်ရှိပြီး ကျေးရွာသားများမှာလည်း ဘေးကင်းလုံခြုံစွာ ရှိကြောင်း မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး အောင်သူမျိုးကရှင်းပြသည်။
ဒုရဲမှူး အောင်သူမျိုး က “တိုက်ပွဲ အခြေအနေကိုတော့ ကျနော် ပြောလို့မရဘူး။ တပ်ကိစ္စ ကျနော် ဖြေလို့မရဘူး။ ဒီနေ့ ကျနော်အဲဒီ ရွာအနီးဝန်းကျင်ကို သွားကြည့်ပြီး ပြန်လာတာ။ ကားလမ်းမပေါ်မှာတော့ ယာဉ်တွေ ဖြတ်သန်း သွားလာနေတာတော့ ပုံမှန်ပါပဲ။ ရွာသားတွေ ထိခိုက်မှု ဖြစ်စဉ်တွေလည်း မရှိပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ရသေ့တောင်မြို့နယ် ၊ မယူကမ်းဒေသ နော်ဝေရွာနှင့် မင်းဖူးကျေးရွာကြားတွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် မင်းဖူးကျေးရွာသို့ ကျည်ဆန်များ ကျရောက်သဖြင့် အသက် ၁၉ နှစ် အရွယ် အမျိုးသမီးငယ် တဦးသေဆုံးခဲ့ကြောင်း သိရသည်။