ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါး အမှုဖြင့် သေဒဏ်ချမှတ်ခံထားရသည့် မြန်မာနိုင်ငံသား နန်းမြင့်သိန်း အေးနှင့် ဆက်နွယ်နေ သည်ဟု သံသယရှိသည့် မူးယစ်မှောင်ခိုဂိုဏ်းဝင် ၃ဦးကို ဖမ်းဆီးကာ ဘတ် သန်း ၁၀၀ ဖိုးရှိ အဆင့်မြင့်အိမ်များနှင့် ဇိမ်ခံ ကားများအပါအဝင် ပိုင်ဆိုင်မှုများကို သိမ်းဆည်း လိုက်သည်။
အင်္ဂါနေ့ နံနက်စောစောက ဘန်ကောက်မြို့ရှိ နေရာ ၆ ခုကို စီးနင်းခြင်း ဖြစ်ပြီး၊ ဘန်ကပိခရိုင် နေအိမ် တလုံးမှ အသက် ၄၂နှစ် အရွယ်ရှိ ပီရာချက် ဝစ်ချာဒီလော့နှင့် ခင်ပွန်းဖြစ်သူ အသက် ၃၀ အရွယ် ကစ်တီပေါင် ဦသန်ဆပ် ကိုဖမ်းဆီး လိုက် ခြင်းဖြစ်ပြီး၊ ထိုဇနီးမောင်နှံသည် မူးယစ်မှောင်ခိုရာတွင် ပူးပေါင်းကြံစည်မှုအတွက် ရာဇဝတ်တရားရုံးက အလိုရှိကြောင်း ရာဇဝတ်တရားရုံးက ဝရမ်းထုတ်ပြန် ခံထားရသူများဖြစ်သည်။
ထိုနောက်အရာရှိများသည် ဘန်ကောက်ရှိ ဘူးလ်ဘတ် ရက်ချဒါရမ် အင်ထရာ အဆင့်မြင့်အိမ်ရာရှိ အိမ်တလုံးကို ဝင် ရောက်ရှာဖွေပြီး ပီရာချက်၏ ချစ်သူတဦးဖြစ်သူ အသက် ၃၉ နှစ်အရွယ် အိမ်ပိုင်ရှင် အမ်ပွန်း ဟမ်းမင်းကို ဖမ်းဆီးခဲ့သည်။
ထိုအဖွဲ့သည် အခြားနေရာများရှိ ထိုသံသယရှိသူများ ပိုင်ဆိုင်သော နေရာများကိုလည်း စီးနင်းခဲ့ကြပြီး ပိုင်ဆိုင်မှုများကို သိမ်းယူခဲ့သည်။
သိမ်းယူခဲ့သော ပိုင်ဆိုင်မှုများတွင် အဆင့်မြင့်အိမ် ၄ လုံး၊ ကွန်ဒိုမီနီယမ် တိုက်ခန်း ၂ ခန်း၊ တိုယိုတာ အဲလ်ဖတ် ၁ စင်း၊ ပိုရှေး ကားသစ် ၁ စင်း၊ မာစီးဒီး ဘင့် ၁ စင်း၊ ဟာလေ ဆိုင်ကယ် ၄ စင်း၊ အခြား ဆိုင်ကယ် ၃ စင်းနှင့် ကျော်ကြားသော ကုန်အမှတ်တံဆိပ်နှင့် အိတ်များပါဝင်ပြီး စုစုပေါင်း ဘတ် သန်း ၁၀၀ ခန့်တန်ကြေးရှိသည်။
ထိုသုံးဦးကို ဖမ်းဆီးခြင်းနှင့် ပတ်သက်ပြီး ထိုင်အမျိုးသားရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ ရဲဗိုလ်ချုပ် ချာလန်ကီယပ် ဆရီဗိုရာခန်နှင့် ထိပ်တန်းရဲအရာရှိများက အင်္ဂါနေ့တွင်ပင် သတင်းစာရှင်းလင်း ပွဲပြုလုပ်ခဲ့သည်။
၎င်းတို့သည် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်များအတွင်းက အဓိက မူးယစ်ဆေးဝါးအမှုများတွင် ထိုသံသယရှိသူများ ပါဝင် ပတ်သက်ကြောင်း ထင်ရှားသော အထောက်အထားများ ရရှိပြီးနောက် ထိုဖမ်းဆီးမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ချင်းမိုင် ပြည်နယ် ဒုတိယ စုံစမ်းစစ်ဆေးရေးအကြီးအကဲ ဒုတိယ ရဲမှူးကြီး နာရစ် ဆွန်ဒစ်ကပြောသည်။
အဆိုပါ အမျိုးသမီး ပီရာချက်သည် ဘန်ကောက်၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်း ဒေသများတွင် ရောင်းချ ရန် အတွက် မူးယစ်ဆေးဝါးများကို မြောက်ပိုင်းမှ မှာယူရာတွင် တာဝန်ရှိပြီး ၎င်းသည် ရရှိသော အမြတ်များကို မြောက်ပိုင်းနှင့် အိမ်နီး ချင်းနိုင်ငံများသို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ ထိုငွေကြေး ကွင်းဆက်များကြောင့် ပီရာချက်သည် ၂၀၁၈ ခုနှစ်က ဖမ်းဆီးပြီး နောက်ပိုင်းတွင် သေဒဏ်ပေးခံရ သည့် နန်းမြင့်သိန်းအေးနှင့်ဆက်စပ်နေကြောင်းသိရသည်။
ပီရာချက်သည် ထိုင်းနိုင်ငံမှ မူးယစ်ဆေး ရောင်းရငွေများကို မြန်မာနိုင်ငံရှိ မူးယစ်ဂိုဏ်းများသို့ လွှဲပြောင်းပေးရန် ထိုင်းနိုင်ငံ တွင် ဘဏ်စာရင်းဖွင့်သည့် လာအို စီးပွားရေးသမား မွန်ဖက်အရွန်း နှင့်လည်း ပတ်သက်နေသည်။
ပီရာချက်တွင် အမြဲတမ်းအလုပ်အကိုင်မရှိသော်လည်း သူ၏ငွေစာရင်းများတွင် ဘတ် သန်း ၁၀၀ ကျော် ခန့်ရှိနေသည်။ သူ၏ ပိုင်ဆိုင်မှုအများစုကို ကစ်တီပေါင်၏ အမည်ဖြင့်ထားရှိသည်ဟု အထက်ပါရဲအရာရှိကပြောသည်။
သို့သော် ကစ်တီပေါင်က သူသည် မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွင် ပါဝင်ခြင်းမရှိကြောင်း ဇနီးဖြစ်သူ မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းတွင် ပါဝင်ပတ်သက်နေသည်ကိုလည်း မသိကြောင်း ပြောသည်။
နေအိမ်များနှင့်ဇိမ်ခံကားများကို ယခုပိတ်လိုက်ပြီဖြစ်သောစားသောက်ဆိုင်လုပ်ငန်းမှ ဝင်ငွေဖြင့် အရစ်ကျဝယ်ယူခဲ့သည်ဟု ၎င်းကဆက်ပြောသည်။