အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဦးဆောင် ကြိုးပမ်းနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ချက်သည် ကြိုတင်ညှိနှိုင်းမှုမရှိဘဲ လွှတ်တော်တွင်း မဲခွဲ ဆုံးဖြတ်မည် ဆိုပါက အောင်မြင်မှု မရှိနိုင်ကြောင်း သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိန်းက နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီတွင် ပါဝင်ရန် ကျန်ရှိနေသည့် တပ်မတော်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ကြံ့ခိုင်ရေး) ပါတီတို့က စာရင်းပေးပြီး ဖြစ်သော်လည်း လွယ်ကူသည့် ပုဒ်မများကို အရင်မပြင်ဘဲ ခက်သည့် ပုဒ်မများကို ဦးစားပေး ပြင်ဆင်မည် ဆိုပါက ကြိုတင်ညှိနှိုင်းမှု မရှိဘဲ မအောင်မြင်နိုင်ကြောင်း ကယားပြည်နယ် ရှားတော အမျိုး သား လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ၎င်းက ပြောသည်။
ဦးစိုးသိန်းက“မအောင်မြင်နိုင်ဘူး။ မဲထည့်ရမှာ ချည်းကိုး။ မဲခွဲရင် ဘယ်လိုလုပ် နိုင်မှာလဲ။ ခုနကလို ညှိနှိုင်းရမှာ။ ညှိပြီး တော့ ဖြစ်နိုင်တာလေးတွေကို ရွှေ့ရတာ။ အခု ၂၆၁ ဆိုပါတော့ ဖြစ်နိုင်တယ်။ တိုင်းရင်းသားတွေကလည်း ကြိုက် တယ်။ တပ်မတော်ကလည်း လက်ခံတယ်။ လွယ်တာပေါ့။ ခက်တာ သွားလုပ်လို့ မရဘူး။ နောက်သိပ်ဖြစ်ချင်လွန်း လို့ လည်း မရဘူး”ဟု ပြောသည်။
ပုဒ်မ ၂၆၁ ဆိုသည်မှာ တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များကို ဒေသဆိုင်ရာ လွှတ်တော်များက ရွေးကောက် တင် မြှောက် ခွင့် ရှိရေး ပြင်ဆင်ရန် ကြံ့ခိုင်ရေးပါတီက ကြိုးစားနေသည့် ပုဒ်မ တခု ဖြစ်သည်။
ထို့ကြောင့် ယခု ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းပုံကို ပြင်မည် ဆိုပါက ၇၅ ရာခိုင်နှုန်းနှင့် အထက် မဲပေးရုံဖြင့် ပြင်ဆင်နိုင်သော ပုဒ်မများကို အရင် ပြင်ဆင်သင့်ပြီး တချို့ ပုဒ်မများမှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်မှ ရမည်ဖြစ် ရာ လွယ်သည့် ပုဒ်မများကို အရင် ပြင်သင့်ကြောင်း ဦးစိုးသိန်းက အကြံပြုသည်။
ဦးစိုးသိန်းက ဆက်၍“ဒီမိုကရေစီမှာ မဖြစ်နိုင်ဘူး။ အင်ဒိုနီးရှားတောင် နှစ်၂၀ ကြတယ်။ တောင်ကိုရီးယားမှာ ၁၅ နှစ် ကြာတယ်။ အဲဒီလို ကြာဖို့ ပြောတာ မဟုတ်ပါဘူး။ ဒီမှာ ၇ နှစ်ပဲ ရှိသေးတယ်။ ဖြည်းဖြည်း ရွေ့သွား၊ ပြင်နိုင်တာကို ပြင်ဖို့ ပြောတာ”ဟု ပြောသည်။
တပ်မတော်ကလည်း ၎င်းတို့သည် ပြည်ထောင်စု လွှတ်တော်တွင် ပူးပေါင်း ကေ်ာမတီ ဖွဲ့စည်းမှုကို ဥပဒေနှင့် မညီ၍ သဘောမတူသော်လည်း ပါဝင်ရန် ဆုံးဖြတ်လိုက်ပြီး ကေ်ာမတီတွင် ဆွေးနွေးကြသည့် အခါနိုင်ငံတော်နှင့် တိုင်းရင်း သား ပြည်သူလူထု၏ အကျိုးစီးပွားကို ထိခိုက်လာနိုင်သည့် ဖွဲ့စည်းပုံ ပြင်ဆင်ချက်များကို ဆွေးနွေးလာပါက ကန့်ကွက် သွားမည် ဖြစ်ကြောင်း တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က ပြောဆိုသည်။
“နိုင်ငံတော်နဲ့ တိုင်းရင်းသား ပြည်သူ လူထုရဲ့ အကျိုးစီးပွားကိုလည်း မထိခိုက်ဘူး။ တကယ်လည်း ပြင်သင့်တယ်လို့ အားလုံး လက်ခံတယ် ဆိုလည်း တပ်မတော်သား ကိုယ်စားလှယ်တွေက ထောက်ခံသွားမှာ ဖြစ်ပါတယ်”ဟု ဗိုလ်မှူး ချုပ် မောင်မောင်က ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို လက်ခံသော်လည်း နိုင်ငံ၏ အကျိုးစီးပွား ဖြစ်သည့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တို့ကို အပျက်ခံ၍ မရကြောင်း ကြံ့ခိုင်ရေး ပါတီ ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် ဦးသောင်းအေးက ပြောဆိုသည်။
ပျော်ဘွယ်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက“အဲဒါတွေနဲ့ ထိခိုက်လာမယ် ဆိုရင်တော့ အမျိုးသား အကျိုးစီးပွား အတွက် ကာကွယ်သွားရမှာ၊ အကြံပြု ဆွေးနွေး သွားရမှာ၊ ကန့်ကွက် သွားရမှာပဲ။ ကိုယ်တို့ ရပ်တည်တာလည်း အဲဒီ အတိုင်းပဲ”ဟုလည်း ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် တပ်မတော်သည် ဖွဲ့စည်းပုံ အခြေခံ ဥပေဒကို ကာကွယ် စောင့်ရှောက်ရမည်ဟု ဖော်ပြထားရာ ယခု ဖွဲ့စည်းပုံကို တပ်မတော်က ကာကွယ်စောင့်ရှောက်ရမည်ဟု ဆိုလိုခြင်း မဟုတ်ကြောင်း မြန်မာ့ အရေး လေ့လာစောင့်ကြည့်သူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောကြားသည်။
“ဘယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေပဲ ဖြစ်ဖြစ် ပြည်သူလူထုရဲ့ ဆန္ဒနဲ့ ရေးဆွဲပြီးတော့ လုပ်ထားတဲ့ ဖွဲ့စည်းပုံ ဆိုရင် တပ်မတော် က ကာကွယ် စောင့်ရှောက်ဖို့ တာဝန် ရှိတယ်”ဟုလည်း ၎င်းက ပြောသည်။
ထို့ကြောင့် ဖွဲ့စည်းပုံ ပြင်ဆင်မည့် ပူးပေါင်း ကော်မတီ အနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ တွင် စစ်ဘက်၊ အရပ်ဘက်နှင့် တိုင်းရင်းသားများကြား သဘောတူညီထားသည့် အခြေခံ အချက်များကို မဖြစ်မနေ ပြင် ဆင်နိုင်ရေး လိုအပ်မည် ဖြစ်ကြောင်း ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။
ယခု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် နိုင်ငံတော်ကို ပြည်ထောင်စု စနစ်ဖြင့် တည်ဆောက်သည်ဟု ရေးသားထား ပြီး ၂၁ ပင်လုံ၏ ပြည်ထောင်စု သဘောတူ စာချုပ်တွင် နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စု စနစ်ဖြင့် တည်ဆောက်မည်ဟု ဖော်ပြထားသည်။
ဝန်ကြီးဟောင်း ဦးစိုးသိန်းက“လွယ်တာလေးတွေ အရင်လုပ်ဖို့ ကောင်းတယ်။ နောက်တခုက ဒီမိုကရက်တစ် Reform မှာ အင်ဒိုနီးရှားတို့ အီဂျစ်တို့မှာ ပြောင်းတတ်မှ ပြောင်းလို့ ရတာ။ မပြောင်းတတ်တဲ့ အီဂျစ်က ကျကွဲ သွားတာပဲ။ ဒီမိုကရေစီကို ပြောင်းရတယ်ဆိုတာ ဖန်ခွက်ကလေး ကိုင်ထားရ သလိုပဲ။ ကျကွဲတတ်တယ်”ဟု ပြောသည်။
အခြေခံ ဥပဒေကို မပြင်ဘူးဟု ပြောဆိုသည့် အဖွဲ့အစည်း လုံးဝ မရှိသော်လည်း ဖွဲ့စည်းပုံကို မည်သည့် အတိုင်းအတာ အထိ ပြင်မလဲ ဆိုသည့် အပေါ်တွင်မူ မတူညီသည့် သဘောထားများ ရှိနေချိန်တွင် NLD ပါတီက ပြင်ဆင်ရေး ဥပဒေ ကြမ်းတခုကို တိုက်ရိုက်မတင်ဘဲ အားလုံးပါဝင် ဆွေးနွေးသည့် မူကြမ်းတခုဖြစ်ရန် ကြိုးစားနေသည်ကို တွေ့ရှိရသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဆောလျင်စွာ ပြင်ဆင်နိုင်ရေး အတွက် ပူးပေါင်း ကော်မတီ တခု ဖွဲ့စည်းနိုင်ရေး ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်း အရေးကြီး အဆိုကို NLD ပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဦးအောင်ကြည်ညွန့်က ဖေဖော်ဝါရီ ၈ ရက်က တင်သွင်းခဲ့ပြီး ကြံ့ခိုင်ရေး၊ တပ်မတော်တို့က လုပ်ထုံးလုပ်နည်း မညီ ဟုဆိုကာ ကန့်ကွက်သော်လည်း မဲခွဲ ဆုံးဖြတ်ပြီး အတည်ပြုခဲ့သည်။
လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသား ပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေး ပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်းရှိ သဖြင့် တပ်မတော်သည် ကိုယ်စားလှယ် အရေအတွက် ဒုတိယ အများဆုံး ရရှိထားသည့် အဖွဲ့အစည်း ဖြစ်သည်။