သမဝါယမ ဦးစီးဌာနက စိုက်ပျိုးရေး ချေးငွေဟု ခေါင်းစဉ်တပ်၍ တရုတ်နိုင်ငံ သွင်းကုန်/ထုတ်ကုန် ဘဏ် (EXIM Bank) မှ ချေးယူထားသော ဒေါ်လာ သန်း ၁၀၀ နှင့်ပတ်သက်ပြီး လွှတ်တော်တွင် မေးခွန်းထုတ်ကြောင်း သတင်း ရရှိသည်။
အဆိုပါ ချေးငွေကို ကျေးလက်နေ တောင်သူ လယ်သမားများ အတွက် ထုတ်ချေးခြင်း မရှိဘဲ လက်သင့်ရာ လူ၊ အစုအဖွဲ့ တခု အတွက်သာ ထုတ်ချေးမှု ပြုနေသဖြင့် နိုင်ငံအတွက် အမှန်တကယ် အကျိုးအမြတ် ရှိ မရှိကို ယမန်နေ့က ကျင်းပ သည့် အမျိုးသား လွှတ်တော်တွင် မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၇ မှ ကိုယ်စားလှယ် ဦးကျော်တုတ်က မေးမြန်းသည်။
ဦးကျော်တုတ်က“တကယ်တမ်း ကျတော့ မြေပြင်မှာ စိုက်ပျိုးရေး လုပ်နေတဲ့ သူတွေကို ချေးတာ မဟုတ်ဘူး။ မြို့ပေါ်မှာဆို လည်း လုပ်ငန်းရှင်တွေကို အထာက်အပံ့ ဖြစ်အောင် ချေးတာ မဟုတ်ဘူး။ ပြောရမယ် ဆိုရင် လူတစု တဖွဲ့ကိုသာ ချေးသ လို ဖြစ်နေတာပေါ့။ ဒါကြောင့် ဒီမေးခွန်းကို မေးတာပါ”ဟု လွှတ်တော် အစည်းအဝေး အပြီး မီဒီယာများကို ပြောဆိုသည်။
ယင်း ချေးငွေနှင့် ပတ်သက်၍ ဦးကျော်တုတ်က သမဝါယမ ဦးစီးဌာနက စိုက်ပျိုးရေး ချေးငွေ အစီအစဉ်ဟု အမည်တပ် ဆောင်ရွက်ခဲ့ပြီး ယခုအခါ မူလ မတည်ငွေရင်း၊ ချေးငွေ အမျိုးမျိုး၊ အတိုးအရင်း၊ ပြန်လည် ပေးဆပ်မှု အခြေအနေနှင့် ပတ် သက်သည့် ဘဏ္ဍာရေးနှင့် ငွေကြေး အနှစ်ချုပ် အစီရင်ခံစာ၊ လုပ်ငန်း အောင်မြင်မှု အတိုင်းအတာနှင့် မည်သူများက တာ ဝန်ခံမှု အဆင့်ဆင့်ဖြင့် ဆောင်ရွက်သည် စသည့် အခြေအနေ အရပ်ရပ်အား သိရှိလိုကြောင်း လွှတ်တော်သို့ မေးမြန်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ချေးငွေသည် လွန်ခဲ့သည့် ၅ နှစ်က တရုတ်နိုင်ငံ သွင်းကုန်/ထုတ်ကုန်ဘဏ်က အတိုးနှုန်း ၄ ဒသမ ၅ ရာနှုန်းဖြင့် သမဝါယမ ဦးစီးဌာန ကျေးလက်ဖွံ့ဖြိုးရေး အစီအစဉ်မှ စိုက်ပျိုးရေး ချေးငွေ အမည်တပ်ပြီး ထုတ်ချေးခဲ့ခြင်း ဖြစ်သည်။
စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနမှ ဒု ဝန်ကြီး ဦးလှကျော်က သမဝါယမ ဦးစီးဌာနမှ အသင်း ဥပဒေ၊ နည်း ဥပဒေများနှင့် အညီ ၆ လ တကြိမ် ဘဏ္ဍာရေး ရှင်းတမ်းများကို စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ရုံးကလည်း China EXIM Bank ချေးငွေ လုပ်ငန်းကို ဘဏ္ဍာရေးနှစ် အလိုက် စစ်ဆေးလျက် ရှိကြောင်း လွှတ်တော်တွင် ပြန်လည် ဖြေကြားခဲ့သည်။
ဒေါ်လာ သန်း၁၀၀ အတွက် မြန်မာငွေ ကျပ် ၉၇ ဒသမ ၉၈၁ ဘီလီယံကို မူလ မတည်ငွေရင်း အဖြစ် ရရှိခဲ့ပြီး တိုင်းဒေသ ကြီး၊ ပြည်နယ် ၁၅ ခု၊ မြို့နယ်၂၅၅ မြို့နယ်၊ အသင်းပေါင်း ၁၅၉၈၄ သင်း၊ အသင်းသားပေါင်း ၁၀၈၂၅၆၄ ဦးသို့ ကျပ် ( ၁၀၉.၅၄၆) ဘီလီယံကို ၆ လ တကြိမ် ထုတ်ချေး ပြန်ဆပ် စနစ်ဖြင့် ဆောင်ရွက်ခဲ့သည်မှာ ၁၀ ကြိမ်မြောက် ရှိပြီ ဖြစ် ကြောင်း ၎င်းက ရှင်းလင်း ပြောဆိုသည်။
ဦးလှကျော်က အဆိုပါ ချေးငွေကို၂၀၁၃ ခုနှစ် ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေး၏ အတည် ပြုချက်နှင့် ချေးယူခဲ့ခြင်းဖြစ်ကာ ချေးငွေ ကာလမှာ ဆိုင်းငံ့ကာလ ၂ နှစ်၊ ပြန်ဆပ်ကာလ ၈ နှစ်၊ ချေးငွေ သက် တမ်း စုစုပေါင်း ၁၀ နှစ် ဖြစ်ပြီး အတိုးနှုန်း အနေနှင့် ၁ နှစ်လျှင် ၄ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ကြောင်း ပြောသည်။
သမဝါယမ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးအောင်ကလည်း“စာချုပ်မှာတည်းက တောင်သူ လယ်သမားကိုပဲ ထုတ်ချေး မယ်လို့ ပါပြီးသားပါ။ ကျနော်တို့က စာချုပ်အတိုင်း မလုပ်ရင် ဟိုက (တရုတ်ဘက်) ကွန်ပလိန်း တက်မှာ”ဟု ဆိုသည်။
စိုက်ပျိုးရေး ချေးငွေဟု အမည်တပ်၍ ငွေချေး ယူရာတွင် အမှန်တကယ် လယ်သမားများကိုသာ ထုတ်ချေးရကြောင်း၊ ထို သို့ ထုတ်ချေးရာတွင် ဗဟို သမဝါယမ အသင်းမှ တိုင်းဒေသကြီး၊ ပြည်နယ် သမဝါယမ ဦးစီးဌာန အသင်းစုချုပ်များ၊ မြို့ နယ် သမဝါယမ ဦးစီးဌာန အသင်းစုများ အခြေခံ သမဝါယမ အသင်းများက အသင်းသားများကို ထုတ်ချေးရာတွင် ဝိုင်း ကြီးချုပ် စာချုပ်များ ချုပ်ဆိုပြီး အဆင့်ဆင့် ထုတ်ချေးရခဲ့ရကြောင်း ၎င်းက ရှင်းပြသည်။
ဦးကျော်တုတ်က ချေးငွေ ရရှိရန် အတွက် သမဝါယမ အသင်းဝင် ဖြစ်ရမည် ဖြစ်သဖြင့် အသင်းဝင် ဖြစ်ရန် ဝင်ကြေး ၅၀၀၀ ကျပ် ပေးသွင်းရမည် ဖြစ်ကာ ပထမအကြိမ် ကျပ် ၁ သိန်း ထုတ်ချေးပြီးပါက ၅ သိန်းအထိ ထုတ်ချေးခွင့် ရှိကြောင်း ပြောဆိုသည်။
၎င်းက ဆက်လက်၍ စိုက်ပျိုးရေး ချေးငွေ ဆိုသော်လည်း လယ်ယာ လုပ်ပိုင်ခွင့် လက်မှတ် ပုံစံ(၇) ပြစရာ မလို၊ စိုက်ဧက လည်း ပြောစရာ မလိုကြောင်း၊ မြို့ပေါ် ရှိသူများကိုလည်း လုပ်ငန်း လုပ်ပိုင်ခွင့် ပြစရာမလို ဆိုသဖြင့် အလျဉ်းသင့် သလို လူတစု၊ လူတဖွဲ့သာ ထုတ်ချေးသလို ဖြစ်နေကြောင်းကိုလည်း လွှတ်တော်သို့ မေးမြန်းစဉ် ထည့်သွင်း ပြောကြားခဲ့သည်။
သမဝါယမ ဝန်ကြီး ဌာနအား လွတ်လပ်ရေး ရပြီးနောက် ၁၉၅၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ခေတ်တွင် နိုင်ငံတဝန်း သမဝါယမ စနစ် ကျင့်သုံးခဲ့သော်လည်း အောင်မြင်မှု မရှိဘဲ ၂၀၁၆ ခုနှစ်တွင် ဝန်ကြီးဌာနကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန လက်အောက်တွင် ဦးစီးဌာန အနေဖြင့် ထားရှိသည်။