မြန်မာနိုင်ငံရှိ သဘာဝ သယံဇာတ ထုတ်ယူ ရောင်းချနေသည့် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများကို ပွင့်လင်း မြင်သာမှု ရှိရန်နှင့် ရရှိလာသည့် ငွေများ အကျိုးရှိစွာ အသုံးပြုနိုင်ရေး အတွက် ထိရောက်သည့် ပြုပြင်ပြောင်းလဲမှုများ ဆောင် ရွက်နိုင်ရန် စီစဉ်လျက် ရှိကြောင်း သတင်း ရရှိသည်။
ဖေဖော်ဝါရီ ၂၁ ရက်က နေပြည်တော်ရှိ Horizon Lakeview Hotel တွင် ကျင်းပသည့် တွင်းထွက် သဘာဝ သယံဇာ တ ထုတ်ယူ သုံးစွဲမှုနှင့် သက်ဆိုင်သော နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေး ပွဲ အဖွင့် မိန့်ခွန်းတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားခြင်း ဖြစ်သည်။
၎င်းက“သယံဇာတ ကျိန်စာ ဆိုတာ ကမ္ဘာကတောင် လက်ခံထားတဲ့ စကား ဖြစ်ပါတယ်။ ဒါကြောင့် စနစ်တကျ ထုတ် ယူ သုံးစွဲမှု မရှိဘူး။ ပွင့်လင်း မြင်သာမှု မရှိဘူး ဆိုရင် ပြည်သူ အတွက်လည်း တာဝန် မကျေရာ ရောက်ပါတယ်။ ဒါကြောင့် ဒီနေ့ အလုပ်ရုံ ဆွေးနွေးပွဲ ကနေ ပြုပြင် ပြောင်းလဲမှုတွေကို ဆောင်ရွက်ဖို့ မူဝါဒ ပိုင်းဆိုင်ရာ အကြံပြုချက် တွေ ရရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။
၂၀၁၅ ခုနှစ်မှ စတင်သည့် မြန်မာနိုင်ငံ သဘာဝ သယံဇာတ အရင်းအမြစ်များ တူးဖော် ထုတ်လုပ်သည့် လုပ်ငန်းများ ပွင့်လင်း မြင်သာမှု ဖော်ဆောင်ရေး (EITI) လုပ်ငန်းစဉ်တွင် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ ဖြစ်သော မြန်မာ့ ကျောက် မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်း၊ မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်း၊ အမှတ်(၁) သတ္တုတွင်း လုပ်ငန်း၊ အမှတ်(၂) သတ္တုတွင်း လုပ်ငန်း၊ မြန်မာ့ သစ်လုပ် ငန်း၊ မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း စသည့် လုပ်ငန်းများ ပါဝင်သည်။
ပြည်သူ့ လွှတ်တော် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်း က “EITI ရဲ့ လုပ်ငန်းစဉ်မှာ သယံဇာတက ထုတ်ထားတဲ့ ငွေတွေကို ထွက်လာတဲ့ အကျိုးအမြတ် အပေါ်မှာ ဘယ်လို သုံးစွဲလဲ၊ လုပ်ငန်းကြီးတွေမှာ ဘယ်လို သုံးတယ်။ နိုင်ငံတော် အတွက် ဘယ်လောက် ယူလဲ။ ပြည်သူတွေ အတွက် ဘယ် လောက်ရတယ် ဆိုတာကိုပဲ ပွင့်လင်း မြင်သာမှု ရှိအောင် ဆောင်ရွက်တဲ့ လုပ်ငန်း ဖြစ်ပါတယ်”ဟု ပြောသည်။
နိုင်ငံအတွင်းရှိ တိုက်ရိုက် ထိန်းချုပ်နိုင်သည့် စီးပွားရေး လုပ်ငန်းများ ရှိသလို၊ မထိန်းချုပ်နိုင်သည့် လုပ်ငန်းများ ရှိ ကြောင်း၊ ယခုကဲ့သို့ အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ခြင်းဖြင့် ပွင့်လင်း မြင်သာမှု ရှိလာသော်လည်း လုပ်ဆောင်မှုများ မှာ အားနည်းချက်များ ရှိနေကြောင်း ၎င်းက ဆိုသည်။
တပ်မတော် အစိုးရ လက်ထက်က နိုင်ငံအတွင်းမှ ထွက်ရှိသည့် သယံဇာတများ ထုတ်လုပ် ရောင်းချပြီးပါက ရရှိသည့် ငွေကြးများမှာ မည်သည့်နေရာသို့ ရောက်ရှိ၍ မည်သည့် နေရာသို့ စီးဆင်းသွားသည်ကို မသိရှိရကြောင်း၊ ယခု ကဲ့သို့ EITI စနစ်ဖြင့် မှန်မှန်ကန်ကန် ဆောင်ရွက်ပါက ပွင့်လင်းမြင်သာသည့် နိုင်ငံ၏ စီးပွားရေး စနစ်ကို တွေ့ရမည် ဖြစ် ကြောင်း နိုင်ငံရေး စိတ်ဝင်စားသူများက သုံးသပ် ပြောဆိုကြသည်။
သတ္တုတွင်း ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်သက်က“ဒီနေ့ အလုပ်ရုံ ဆွေးနွေးပွဲမှာ အဓိက လက်ရှိ စက်ရုံတွေ ရဲ့ လုပ်ငန်း ဆောင်ရွက်မှုတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီထဲက အားနည်းချက် အားသာချက်တွေကို ဒီထက်ပို ကောင်းအောင် ဘယ်လို လုပ်မလဲ ဆိုတဲ့ အကြောင်းအရာတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
ဖေဖော်ဝါရီလ ၇ ရက်က နေပြည်တော် ပြည်သူ့လွှတ်တော်၌ သဘာဝ သယံဇာတ တူးဖော်ခြင်းမှ ရရှိသည့် နိုင်ငံတော် ၏ ဝင်ငွေများကို နိုင်ငံသားများသို့ ပွင့်လင်းမြင်သာစွာ ချပြပြီး ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေသို့ အလုံးစုံ ဝင်ရောက်နိုင် ရေး အစီအမံများ မည်သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း NLD ပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်က လွှတ်တော်သို့ မေးခွန်းထုတ်ခဲ့သည်။
ပထမဆုံး မြန်မာ EITI အစီရင်ခံစာကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလက ထုတ်ပြန်ခဲ့သည်။
မြန်မာ EITI ညှိနှိုင်းရေးမှူးရုံးက ရေနံနှင့် သဘာဝ ဓာတ်ငွေ့၊ ကျောက်မျက်နှင့် ကျောက်စိမ်း၊ အခြား သတ္တု တူးဖော် ရေးနှင့် ပုလဲမွေးမြူရေးတို့ အပါအဝင် သယံဇာတ ထုတ်ယူသုံးစွဲသည့် ကဏ္ဍ ဆိုင်ရာ ဒုတိယ နှင့် တတိယ အကြိမ် မြောက် အစီရင်ခံစာများကို ၂၀၁၈ ခုနှစ် မတ်လ က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ EITI မှ ညှိနှိုင်းရေးမှူး ဦးစိုးဝင်း က“သယံဇာတနဲ့ ပတ်သက်တဲ့ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေနဲ့ သက်ဆိုင် တဲ့ အစိုးရ ဌာနများ၊ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများနဲ့ ပတ်သက်ပြီး လက်ရှိ ဆောင်ရွက်လျက် ရှိပြီး အခြား မိတ်ဖက် အဖွဲ့အစည်းများမှ အတွေ့အကြုံများ၊ စိန်ခေါ်မှု အခက်အခဲများ၊ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းနဲ့ ပတ်သက်တဲ့ ကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်”ဟု အဖွင့် မိန့်ခွန်းတွင် ပြောသည်။
ယနေ့ ပြုလုပ်သည့် တွင်းထွက် သဘာဝ သယံဇာတ ထုတ်ယူသုံးစွဲမှုနှင့် သက်ဆိုင်သော နိုင်ငံပိုင် စီးပွားရေး လုပ်ငန်း များ ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ သို့ လွှတ်တော်မှ သက်ဆိုင်ရာ ကော်မတီများ၊ MEITI မှ ညွန့်ပေါင်း အဖွဲ့ဝင်များ၊ MEITI ပါနိုင်ငံပိုင် လုပ်ငန်းများမှ အဆင့်မြင့် အစိုးရ အရာရှိများ၊ ဖွံ့ဖြိုးရေး လုပ်ငန်း မိတ်ဖက်များ၊ ဆက်စပ် အဖွဲ့အစည်းများက တက်ရောက်လာကြပြီး ဖေဖော်ဝါရီ ၂၂ ရက် အထိ ၂ ရက် ဆွေးနွေးသွားမည် ဖြစ် ကြောင်း သိရသည်။