မန္တလေးတိုင်း ဒေသကြီး မြင်စိုင်း မြို့ဟောင်း အနီး ကျောက်မိုင်းခွဲမှုများကြောင့် ပင်းယခေတ် လက်ရာ နံရံဆေးရေး ပန်းချီများ ပြိုကျ ပျက်စီးမှုများ ရှိနေ၍ မိုင်းခွဲမှုများ ရပ်ဆိုင်းရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ရှေး ဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနက ညွှန်ကြား ထားကြောင်း သိရသည်။
ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က “မြင်စိုင်းဘက်မှာ ကျောက်မိုင်းခွဲတာတွေ၊ မြေတူးတာတွေ အားလုံး ရပ်ခိုင်းထားဖို့ မြို့နယ်နဲ့ ခရိုင် အုပ်ချုပ်ရေးပိုင်းကို မှာထားခဲ့ပါတယ်။ ကျနော်တို့ ဌာနအနေနဲ့ ဒီလောက်ပဲ တတ်နိုင်တယ်။ ဒေသ အာဏာပိုင်နဲ့ လုပ်မှရမှာ ဖြစ်တဲ့အတွက် အားလုံးကို ရပ်ခိုင်း ပေးဖို့ပဲ ပြောထားပါတယ်” ဟု ပြော သည်။
ယခုလ အတွင်း ကျောက်ဆည်မြို့နယ် မြင်စိုင်း မြို့ဟောင်း အနီး ထုံးကျောက်တောင်များမှ ကျောက် ထုတ်ယူရန် မိုင်းခွဲ မှုများကြောင့် စိတ္တဂုတ္တဂူ အတွင်းရှိ ပင်းယခေတ် (၁၄ ရာစု) နံရံဆေးရေး ပန်းချီ များ ပြိုကျ ပျက်စီးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။
အဆိုပါကဲ့သို့ ကျောက်မိုင်းခွဲမှုကြောင့် နံရံဆေးရေး ပန်းချီများ ပြိုကျ ပျက်စီးခဲ့သဖြင့် ဒေသခံများက သက်ဆိုင်ရာ ဌာနများ သို့ အကြောင်းကြားမှုများ ပြုလုပ်ခဲ့ရာ ရှေး/သုက စိတ္တဂုတ္တဂူ အတွင်းရှိ နံရံ ဆေးရေး ပန်းချီများ ပြိုကျ ပျက်စီးခဲ့မှုနှင့် ပတ် သက်၍ ကွင်းဆင်း စစ်ဆေးမှုများလည်း ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ဦးကိုကိုနိုင်က “ကျနော်တို့ဆီက ကွင်းဆင်း စစ်ဆေး ပြီးပါပြီ။ ထိန်းသိမ်းဖို့ အတွက် ကျနော်တို့ဆီကို တွက်ချက်ပြီးတော့ တင်ပြခိုင်းထားပါတယ်။ အဲဒီလို တွက်ချက်ပြီး တင်ပြလာတဲ့ အပေါ်မှာ ဘတ်ဂျက် အရ ကျနော်တို့ ထိန်းသိမ်းနိုင်မလား၊ ဘာဆက်လုပ်ရမလဲ ဆိုတာ ကိုတော့ တင်ပြလာတဲ့ အပေါ်မှာ မူတည်သွားမှာပါ ခင်ဗျ။ ထိန်းသိမ်းနိုင်လို့ ရတဲ့ အတိုင်း အတာ ရှိရင် ချက်ချင်း လုပ်သွားမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ၌ ထိန်းသိမ်းရေး၊ သန့်ရှင်းရေးနှင့် ပစ္စည်းစုဆောင်းရေး အပိုင်းများကို လုပ်ဆောင်လျက် ရှိကြောင်း ၎င်းက ဆို သည်။
မြင်စိုင်း မြို့ဟောင်းရှိ စိတ္တဂုတ္တဂူနှင့် ရွှေဥမင်ဂူ၌ နံရံဆေးရေး ပန်းချီ အရုပ်ပေါင်း ၆၀၀ ကျော် ရှိ ကြောင်း၊ ယခုကဲ့သို့ နံရံ ဆေးရေး ပန်းချီများ ပြိုကျ ပျက်စီးခြင်းနှင့် အတူ ရှေးဟောင်း အဆောက် အအုံများ ထိခိုက်ပျက်စီးမှု ထပ်မံ မဖြစ်ပေါ်စေ ရန် အတွက်လည်း အစိုးရက ထိန်းသိမ်း ပေးစေလို သည်ဟု ဒေသခံများက ပြောဆိုသည်။
မြင်စိုင်းမြို့ဟောင်း ဒေသခံ ကိုဆန်းမင်းထွန်းက “စိတ္တဂုတ္တဂူ ဧရိယာ နောက်ကျောဘက်မှာ မိုင်းခွဲတဲ့ အခါ ဂူထဲမှာ ရှိတဲ့ ကောက်ကြောင်း ပန်းချီတွေ က အက်ပြီး ပြုတ်ကျ ကုန်တယ်။ မှန်စက်ရုံလည်း ရှိတယ်၊ ကျောက်မိုင်းခွဲတာတွေလည်း ရှိ တာတော့ သိတယ်။ ဘယ်သူတွေက မိုင်းခွဲတယ်တော့ မသိဘူး။ မြင်စိုင်း နယ်မြေမှာ ဂူပေါင်းက ၉၉ လုံး ရှိတယ်လို့ ရှေး လူကြီးတွေက ပြောကြတယ်။ အခုလို နံရံဆေးရေး ပန်းချီတွေ ရှိတာကတော့ စိတ္တဂုတ္တဂူရယ်၊ ရွှေဥမင်ဂူရယ်မှာ ရုပ်ပေါင်း ၆၀၀ ကျော်လောက် ရှိတယ်” ဟု ပြောသည်။
၎င်းက ဆက်လက်၍ “ရှေးဟောင်းကနေတော့ လာသွားတယ်။ မိုင်းခွဲတာတွေ မလုပ်ဖို့ အတွက် ညှိနှိုင်းပေးမယ် လို့တော့ ပြောသွားပါတယ်။ ဒေသခံ တယောက်အနေနဲ့ ပြောရမယ်ဆိုရင် ရှေးဟောင်း အမွေတွေကို မပျောက်ကွယ်အောင် ထိန်း သိမ်း ပေးစေချင်ပါတယ်။ အခုလို စိတ္တဂုတ္တဂူရဲ့ဧရိယာထဲမှာ မိုင်းတွေ ထပ်ခွဲမယ် ဆိုရင်တော့ ယဉ်ကျေးမှု အမွေတွေက ပျောက်ကွယ်သွား နိုင်တယ်” ဟု ဆိုသည်။
အဆိုပါ မြင်စိုင်းမြို့ဟောင်း အနီးရှိ ထုံးကျောက်တောင်များမှ ထုံးကျောက်ကုန်ကြမ်းများကို မိုင်းခွဲ ထုတ်ယူခြင်းများ ကြောင့် စိတ္တဂုတ္တဂူ အတွင်း နံရံဆေးရေးပန်းချီများ ပြိုကျ ပျက်စီးခြင်းများ အပြင် မြင်စိုင်းနန်းဦး စေတီတော် အက်ကွဲ ပြိုကျခြင်း၊ ရွှေဥမင်ဂူ အတွင်းရှိ နံရံဆေး ရေးပန်းချီများ ပြိုကျ ပျက်စီးခြင်းနှင့် အခြား ရှေးဟောင်း အဆောက်အအုံများ လည်း ထိခိုက် ပျက်စီးမှုများ ရှိနေကြောင်း ဒေသခံများထံက သိရသည်။
ရှေး/သု ဦးစီးဌာန အနေနှင့် မြင်စိုင်း မြို့ဟောင်းရှိ ရှေးဟောင်း အမွေအနှစ်များကို ကွင်းဆင်း၍ စာရင်းပြုစုပြီး ထိန်းသိမ်းမှု လုပ် ငန်းများကို စနစ်တကျ လုပ်ဆောင်သွားမည် ဟု သိရသည်။
ဦးကိုကိုနိုင်က “မြင်စိုင်းမှာ ရှိတဲ့ ရှေးဟောင်း အမွေအနှစ်တွေထဲက ပြိုကျနိုင်တဲ့ အနေအထားတွေ ရှိနေတာကိုလည်း နည်းပညာ ထိန်းသိမ်းမှု အပိုင်းနဲ့ လုပ်ဆောင်သွားမယ်” ဟု ပြောသည်။
ထို့အပြင် နိုင်ငံအတွင်းရှိ ရှေးဟောင်း အမွေအနှစ်များ ပျက်စီး ဆုံးရှုံးနေရခြင်းသည် နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် သဘာဝ ဘေးအန္တရာယ်များနှင့်လည်း သက်ဆိုင်နေပြီး ဒေသခံများ အနေဖြင့် ရှေးဟောင်း အမွေအနှစ်များကို ထိန်းသိမ်းလိုပါက ပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
“မြင်စိုင်းမှာ နံရံဆေးရေး ပန်းချီတွေနဲ့ စေတီ အချို့ အက်ကြောင်းတွေ ဖြစ်ရတာက မိုင်းခွဲတာကြောင့် သက်ရောက်မှု ရှိသ လို သဘာဝ ဘေးအန္တရာယ်တွေနဲ့လည်း သက်ဆိုင်နေတယ်။ ကျနော်တို့ တိုင်း ပြည်ရဲ့သဘာဝ ရေမြေ အခြေအနေ အရ ငလျင်က တလကို ၂ ကြိမ်၊ ၃ ကြိမ်လောက် လှုပ်နေ တာတွေ ကြောင့်လည်း ထိခိုက်မှု ရှိပါတယ်။ နောက်တခုက ဒေသခံ တွေကနေ သူတို့ ဘာသာ သူတို့ ထိန်း သိမ်းပါ့မယ်။ ရှေးဟောင်း ဖြစ်နေတာမို့ ထိန်းသိမ်းဖို့ အတွက် ဘယ်လိုလုပ်ရမလဲ ဆိုပြီး အကူအညီ တောင်းလာရင်လည်း ကျနော်တို့ ပညာရှင်တွေ လွှတ်ပေးပြီး ဆောင်ရွက်သွားမှာပါ”ဟု ဦးကိုကိုနိုင်က ဆက်လက် ပြောသည်။
မြန်မာနိုင်ငံ ရှေးဟောင်း သုတေသန ပညာ အသင်းကလည်း မြင်စိုင်းမြို့ဟောင်း ပင်းယခေတ် နံရံဆေးရေး ပန်းချီများ ပြိုကျပျက်စီးမှုနှင့် ပတ်သက်၍ အသင်းအနေဖြင့် ပျက်စီး ဆုံးရှုံးသည့် အမွေအနှစ်များအပေါ် စိုးရိမ်မကင်း ဖြစ်ရပြီး သက် ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး အစိုးရ အနေဖြင့် အဆိုပါ ဖြစ်ရပ်အပေါ် ဆောလျင်စွာ အရေးယူ ဆောင်ရွက် ပေးရန် ကြေညာချက်ကို ဖေဖော်ဝါရီ ၁၄ ရက်က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ ရှေးဟောင်း သုတေသန ပညာအသင်း အတွင်းရေးမှူး ဦးသူရအောင်က “မြို့ဟောင်းရဲ့ အနီးမှာ စက်ရုံတွေက လိုအပ်တဲ့ ကုန်ကြမ်းကို မြို့ဟောင်းနဲ့ ကပ်နေတဲ့ တောင်တွေကနေ ထုတ်ယူ တယ်။ ကုန်ကြမ်း ထုတ်နေတဲ့ တောင်တွေမှာ လည်း ရှေးဟောင်း ဘုရားတွေ၊ ဂူတွေ၊ နံရံဆေးရေး ပန်းချီတွေကလည်း ရှိနေတယ်။ အဲဒီတော့ တောင်တွေကနေ ကုန် ကြမ်းကို မိုင်းခွဲ ထုတ်နေတဲ့အတွက် ရှေးဟောင်းတွေ အကုန် ထိခိုက်ကုန်တယ်။ ပြောချင်တာက ဒါတွေကို သက်ဆိုင်ရာ ကနေ စနစ်တကျ ကာကွယ်သင့်တယ်၊ ပြန်ပြီးတော့လည်း စိစစ်မှ ဖြစ်မယ်လို့ မြင်ပါတယ်” ဟု ပြောသည်။
မြင်စိုင်း မြို့ဟောင်းသည် ပင်းယခေတ် သမိုင်းကို ပြန်လည် ဖော်ထုတ်နိုင်သည့် တခုတည်းသော မြို့ဟောင်း ဖြစ်သည့် အပြင် ပုဂံခေတ်နှောင်းပိုင်း ကာလ သမိုင်းကို လေ့လာရန် အရေးကြီးသော ရှေးဟောင်း အမွေအနှစ် ဆိုင်ရာ အထောက် အထားများ ကိန်းအောင်းနေသည့် အရေးကြီး နေရာ ဖြစ်နေသလို နိုင်ငံတော် အဆင့် ကာကွယ် စောင့်ရှောက်ခံ ယဉ်ကျေး မှု အမွေအနှစ် အဖြစ်၂ဝဝ၈ ခုနှစ် သြဂုတ်လ၂၅ ရက်က စာရင်းဝင်ထားသော အမျိုးသား ယဉ်ကျေးမှု အမွေအနှစ် တခု လည်း ဖြစ်ကြောင်း သိရသည်။