သတင်း

ရန်ကုန် မြို့ပြင် ပတ်လမ်း စီမံကိန်း စတင်ရန် စီစဉ်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန် မြို့ပြင် ပတ်လမ်းကို အပိုင်း ၄ ပိုင်းခွဲ၍ တည်ဆောက်ရာတွင် အရှေ့ဘက် အခြမ်းကို စတင် အကောင်ထည် ဖော်ဆောင်ရွက်ရန် စီစဉ်နေကြောင်း ဆောက်လုပ်ရေး ဝန်ကြီး ဌာန လမ်းတံတား ဦးစီးဌာနက သိရသည်။

အဆိုပါ မြို့ပြင် ပတ်လမ်း အပိုင်း ၄ ပိုင်းမှာ သီလဝါဇုန်မှ လှည်းကူးမြို့နယ် အထိ အရှေ့ဘက် အခြမ်း၊ လှည်းကူး မြို့ နယ်မှ လှိုင်သာယာမြို့နယ် အထိ မြောက်ဘက် အခြမ်း၊ လှိုင်သာယာမြို့နယ်မှ ဒလမြို့နယ် အထိ အနောက်ဘက် အခြမ်းနှင့် ဒလမြို့နယ်မှ သန်လျင်မြို့နယ် အထိ တောင်ဘက် အခြမ်း ဟူ၍ ပိုင်းခြားထားသည်။

လမ်းတံတား ဦးစီးဌာနမှ ဒု ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က“အရှေ့ဘက်အခြမ်းကို အရင်တည်ဆောက်ဖို့ လျာ ထား တယ်။ ၂၀၂၁ ခုနှစ်လောက်မှာတော့ စနိုင်မယ်။ ၆ လမ်းသွား လမ်းမကြီး ဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏ လည်း များတယ်”ဟု ပြောသည်။

ယင်း အရှေ့ဘက်အခြမ်း လမ်းပိုင်း၌ လမ်းအရှည် ၆၉ ကီလိုမီတာ၊ ၁ ဒသမ ၄ ကီလိုမီတာရှိ ပဲခူး မြစ်ကူး တံတား တစင်း၊ မိုင်နှုန်း ၁၀၀ ကီလိုမီတာ အထိ မောင်းနှင်နိုင်သော ၆ လမ်းသွား အမြန်လမ်းမကြီးကို သီလဝါ အထူးစီးပွားရေး ဇုန်နှင့် ရန်ကုန်- မန္တလေး အမြန်လမ်းကို ချိတ်ဆက် ပေးနိုင်မည် ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

“ဒီလမ်းမှာ လမ်းနယ်က ပေ ၃၀၀ ရှိတယ်။ လမ်းလွဲှက ၇ ခုနဲ့ လမ်းဆုံ ၂ခု ပါဝင်မှာ ဖြစ်တယ်။ လမ်းဒီဇိုင်းတွေ ထုတ်ပြီး သွားရင်တော့ ရင်းနှီးမြှုပ်နှံမှု ပမာဏကို တွက်ချက်လို့ ရတယ်။ အစိုးရရော၊ ပုဂ္ဂလိကရော နှစ်ခုလုံး ပူးပေါင်းပြီး ရင်းနှီး မြှုပ်နှံတဲ့ စနစ်နဲ့ သွားမှာ ဖြစ်တယ်”ဟု ဦးကြည်ဇော်မြင့်က ပြောသည်။

မြို့ပြင်ပတ်လမ်း၏ တချို့ နေရာများကို မိုးပျံလမ်း ပုံစံ ဆောက်လုပ်သွားမည် ဖြစ်ကာ အများစုကို အမြန်လမ်း ပုံစံ အသစ် နှင့် ဖောက်လုပ်သွားမည် ဖြစ်ပြီး ဂျပန် အပြည်ပြည်ဆိုင်ရာ အေဂျင်စီ (JICA )၏ ၂၀၄၀ Master Plan အရ ရန်ကုန်မြို့ကို စက်ဝိုင်းပုံစံ ပတ်မည့် အတွင်းပတ်လမ်း အပြင်ပတ်လမ်း နှစ်ခုကို တည်ဆောက်မည် ဖြစ်ကြောင်း သိရ သည်။

အတွင်းပတ်လမ်း၌ မိုးပျံလမ်းပုံစံ တည်ဆောက်မည် ဖြစ်ပြီး မိုးပျံလမ်းကို ကမ်းနားလမ်းမှ ပုဇွန်တောင်-ဝေဇယန္တာ- မင်္ဂ လာဒုံ စက်မှုဇုန် အထိ အရှည် ကီလိုမီတာ ၂၀ ကျော် ရှိကြောင်း၊ ယင်းမှတဆင့် ခရေပင်လမ်း၊ အောက် မင်္ဂလာဒုံလမ်း မကြီး၊ ကြည့်မြင်တိုင်လမ်း အတိုင်း ဆင်း၍ ကမ်းနားလမ်းတွင် ပြီးဆုံးမည့် အပိုင်း ၁ ကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် နှစ်ကုန် ပိုင်း က တင်ဒါခေါ်ထားသည်။

ရန်ကုန် မိုးပျံ အမြန်လမ်း စီမံကိန်း အပိုင်း ၁ အတွက် ဆန်ခါတင် အရည်အသွေး ပြည့်မီသည့် ရွေးချယ်ထားသော ကုမ္ပဏီ ၁၀ ခုမှ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီကို လာမည့် မေလအတွင်း ကြေညာပေးမည် ဖြစ်ပြီး စီမံကိန်းကို ၂၀၁၉ ခုနှစ် အတွင်း လုပ်ငန်း စတင်ရန် ပြင်ဆင်ထားကြောင်း သိရသည်။

စီမံကိန်း ကာလမှာ ၃ နှစ်ခန့် ကြာမြင့်မည် ဖြစ်ပြီး ရွေးချယ်ထားသော ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ ၁၀ ခု ရှိကြောင်း၊ ပြည်ပ အနေနှင့် တရုတ် ကုမ္ပဏီ အများဆုံး ပါဝင်၍ ပြင်သစ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း- တရုတ် ဖက်စပ် ကုမ္ပဏီများနှင့် မြန်မာ ဖက်စပ် ကုမ္ပဏီများ ပါဝင်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီး ဌာနမှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အတွင်းက ကြေညာ ထား သည်။

ဆက်လက်၍ ရန်ကုန် မိုးပျံ အမြန်လမ်း စီမံကိန်း အပိုင်း ၂ အတွက်လည်း ယခုနှစ် အတွင်း တင်ဒါ ဆက်လက် ခေါ်ယူ သွားမည် ဖြစ်ကြောင်း ဒုညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ပြောသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း၍ Public Private Partnership (PPP) အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ယင်း စီမံကိန်းသည် အစိုးရ၏ ဦးစားပေး ဆောင်ရွက် နေ သည့် စီမံကိန်းတခု ဖြစ်ပြီး ရန်ကုန်မြို့၏ ဆိုးရွားသည့် ယာဉ်ကြော ပိတ်ဆို့မှုအား လျော့ကျစေရန်နှင့် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများအတွက် ဆက်သွယ်ရေး ပိုမို ကောင်းမွန်လာစေရန် အတွက် အကောင်အထည် ဖော်ဆောင်ရွက်မည့် စီမံကိန်းတခု ဖြစ်သည်ဟု ဆိုသည်။

ယင်း စီမံကိန်းသည် ရန်ကုန် မြို့တွင် ရန်ကုန် ဆိပ်ကမ်း၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မင်္ဂလာဒုံ စက်မှုဇုန်နှင့် ရန်ကုန်-မန္တလေး အမြန်လမ်း တို့ကို ဆက်သွယ် ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

လှည်းကူးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းတန်က“စီမံကိန်းနဲ့ ပတ်သက်ပြီး လက်တွေ့ ကတော့ ကောင်းတဲ့ အလားအလာ ပေါ့နော်။ ကျနော်တို့ကတော့ လက်ခံတာပေါ့။ အခု မြို့ပြင် ပတ်လမ်း အရှေ့ခြမ်း မှာ ပါတဲ့ ပဲခူးမြစ်ကူး တံတားပေါ့နော်။ သပြု နဲ့ ဒါးပိန်ဘက်ပေါ့။ လှည်းကူး ဆိပ်ကူးတဲ့ နေရာမှာ လျော်ဖို့အတွက် လယ် သမားတွေနဲ့ ညိုနှိုင်းပေးရတယ်။ လမ်းနဲ့ မလွတ်တာက ဧက ၅၀ ကျော်လောက် ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီးလည်း ယခုလဆန်းအတွင်းက ဆောက်လုပ်ရေး ဝန်ကြီး ဌာနနှင့် ညိုနှိုင်းပြီး လျော်ကြေး နှုန်း ထားကို သတ်မှတ်ထားကြောင်း ၎င်းက ဆိုသည်။

“စီမံကိန်းက ကြီးတော့ မြေမလွတ်တာတော့ ရှိတာပေါ့လေ။ အများဆုံး လယ်မြေပေါ့နော်။ အခုဆို ကျွဲကူးဆိပ်မှာ ၁ ဧက ကို ကျပ်သိန်း ၄၀ နဲ့ ညိုလိုက်တယ်။ ဒါကို လယ်သမားတွေ လက်ခံတယ်ပေါ့။ ဒီလိုမျိုး ဒေသပေါက် ဈေးလေးတွေ နဲ့ ညိုနှိုင်း လုပ်သွားမှာပါ”ဟု ဦးသိန်းတန်က ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading