နယ်စပ်ဖြတ်ကျော်ပြီး စစ်ကိုင်းတိုင်းသို့ ဝင်ရောက်လာသည်ဟု စွပ်စွဲထားသော အိန္ဒိယမှ ကသည်းသူပုန်များကို မထောက်ခံရန် သို့မဟုတ် ခိုလှုံခွင့်မပေးရန် မြန်မာတပ်မတော်ဘက်က ဆက်လက်ဖိအားပေးလျှက်ရှိကြောင်း နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ခက်ပလန် (NSCN-K) ကပြောကြားလိုက်သည်။
“ ကသည်းတွေကို ဝေးဝေးရှောင်ဖို့ သူတို့က ကျနော်တို့ကို ဖိအားပေးနေတယ်။ ကျနော်တို့ဒေသထဲကိုလာပြီး ကသည်းတွေကို ရှာမယ်လို့တောင် သူတို့က ကျနော်တို့ကိုပြောတယ်” ဟု NSCN-K ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးကျော်ဝင်းစိန်က ဧရာဝတီ သတင်းဌာနသို့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကပြောသည်။
ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်အတွက် NSCN-K ထိန်းချုပ်ဒေသများတွင် ရှာဖွေမှုများရပ်ရန် စစ်ဘက်ကို ပြောကြားထားပြီးဖြစ်သည်။
“ကျနော်တို့ဒေသမှာ လုပ်နေတဲ့ စစ်ဆင်ရေးတွေရပ်ပြီး ဆုတ်ခွာဖို့ သူတို့ကိုပြောပြီးသား။ ဒါပေမယ့် သူတို့က မရပ်ဘူး” ဟု ဦးကျော်ဝင်းစိန်က ဆက်လက်ဖိအားပေးလျှင် တိုက်ပွဲများဖြစ်လာနိုင်သည်ဟုပြောသည်။
“ကျုပ်တို့က လူသားတွေဗျ။ ဘယ်အချိန် စိတ်မထိန်းနိုင်မယ်ဆိုတာ ကျနော်တို့မသိဘူး။ ကျနော်တို့ဒေသမှာ စစ်ဆင်ရေးမရပ်ရင် ဒီဒေသအတွက် ပြဿနာရှိတယ်” ဟုသူပြောသည်။
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဖေဖော်ဝါရီလ ၈ ရက်နေ့နှင့် ၁၉ ရက်နေ့က ပြုလုပ်သော စစ်ဆင်ရေးများအတွင်း လက်နက်ကိုင်တပ်ဖွဲ့ဝင် ၄ ဦးကို ဖမ်းမိပြီး စခန်းတခုကို သိမ်းမိကာ လက်နက် ၅၃ လက်နှင့် ခဲယမ်းများ သိမ်းမိသည်ဟု နိုင်ငံပိုင် သတင်းစာက ဖော်ပြသည်။
မြန်မာ့တပ်မတော်သည် ကသည်းများ ထိုဒေသတွင် ခိုလှုံနေကြောင်း သတင်းရရှိပြီးနောက် ဇန်နဝါရီလ ၂၉ ရက်နေ့က NSCN-K ဌာနချုပ်ကို သိမ်းယူခဲ့သည်။
ထိုအချိန်မှစတင်ပြီး NSCN-K အဖွဲ့ဝင် ၆ ဦးနှင့် အခြားလက်နက်ကိုင်အဖွဲ့အစည်းဝင် ၆ ဦးကို ဖမ်းဆီးကာ လက်နက် ၇၉ လက်သိမ်းဆည်းခဲ့သည်ဟု ကြေညာသည်။
ကိုယ့်နေရာကိုယ်ပြန်ရန် NSCN-K က မြန်မာ့တပ်မတော်နှင့် အစိုးရကိုပြောထားပြီးဖြစ်ကြောင်း ဦးကျော်ဝင်းစိန် ပြောသည်။
NSCN-K သည် ၂၀၁၂ ခုနှစ် ဧပြီလတွင် ဒေသတွင်းအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို အစိုးရနှင့် လက်မှတ်ရေးထိုးခဲ့သည်။ အစိုးရက ထိုအဖွဲ့ကို တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးရန် တိုက်တွန်းနေသည်။
သို့သော် NSCN-K က မြန်မာနိုင်ငံ အနောက်ပိုင်းနှင့် အိန္ဒိယအရှေ့ပိုင်းရှိ နာဂအသိုင်းအဝန်းများအားလုံး အကျုံးဝင်သော ငြိမ်းချမ်းရေး အစီအစဉ်မှသာ လက်ခံမည်ဟု ပြောကြားထားသည်။
(Lawi Weng ၏ Naga Rebel Group Warns of ‘Problems’ if Military Keeps Up Pressure ကို ဆီလျော်အောင်ဘာသာပြန်သည်။)
—