ဗဟိုဘဏ် လုပ်ထုံးလုပ်နည်းများမှ ကင်းလွတ်သော ငွေကြေးယူနစ်နှင့် ငွေလွှဲပြောင်းမှုပြုလုပ်နိုင်သည့် လျှို့ဝှက်နည်းပညာငွေကြေး (cryptocurrency) ကို အခြေတည်ကာ ပါဝင်မည့်သူ အားလုံးအတွက် လမ်းဖွင့်ပေးသည့် အီလက်ထရွန်းနစ်နိုင်ငံသား စနစ်ကို အခြေခံသည့် လွတ်လပ်သော နိုင်ငံရေးနယ်ပယ်တခုကို တည်ထောင်မည့် တရုတ်ကုမ္ပဏီအကြောင်း လုံးဝ မသိကြောင်း တရုတ်-မြန်မာ နယ်စပ်ရှိ မိုင်းလား အထူးအုပ်ချုပ်ခွင့်ရဒေသ အထွေထွေအတွင်းရေးမှူးက ပြောကြားလိုက်သည်။
တရုတ်ကုမ္ပဏီတခုဖြစ်သော Shanghai Shellpay Internet Technology သည် မိုင်းလားအထူးအုပ်ချုပ်ခွင့်ရဒေသ (၄) တွင် ယုန်ဘန် ဘလောက်ချိန်း Yongbang Blockchain အထူးစီးပွားရေးဇုန်ကို ထူထောင်ရန်စီစဉ်နေကြောင်း စင်ကာပူ သတင်းရုပ်သံ Channel News Asia က Inside the Crypto Kingdom ဟူသော အစီအစဉ်တွင် ထုတ်လွှင့်ခဲ့သည်။ ထို အထူးစီးပွားရေးဇုန်တွင် ကိုယ်ပိုင်လွတ်လပ်မှုမြင့်မားသည့် ဒစ်ဂျစ်တယ် စီးပွားရေးစမ်းသပ်မှုဖြစ်ပြီး လွတ်လပ်သော အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးစနစ်များ ပါဝင်သည်ဟု Shanghai Shellpay Internet Technology ၏အမှုဆောင်အရာရှိချုပ် ကျန့်ဟုန်က ထိုရုပ်သံတွင်ပြောသည်။ ထိုဇုန်တွင် အီလက်ထရွန်းနစ် နိုင်ငံသားစနစ်နှင့် ယုန်ဘန် လျှို့ဝှက်ငွေကြေးကို အသုံးပြုမည်ဟု ကျန့်ဟုန်က ပြောသည်။

သို့သော် မိုင်းလား အထူးအုပ်ချုပ်ခွင့်ရဒေသ(၄) အထွေထွေအတွင်းရေးမှူးဦးကြည်မြင့်က “ဒါ လုံး၀ မဖြစ်နိုင်ဘူး။ သူတို့ ဘာတွေ ပြောနေလဲ ကျနော်တို့နားမလည်ဘူး” ဟု ဧရာဝတီ သတင်းဌာနသို့ပြောသည်။ “ဒီ ဗီဒီယိုအရဆိုရင် တော်တော်ကြီးမားတဲ့ စီမံကိန်းကြီးပဲ။ ဒါမျိုးလုပ်ရင် ကျနော်တို့ သိကို သိရမယ်။ အခု ကျနော်တို့ မသိဘူး။ ဘာအဓိပ္ပါယ်မှ မရှိဘူး”ဟုလည်း ပြောသည်။
မိုင်းလားကို ယခင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် – ရှမ်းပြည်အရှေ့ပိုင်း (NDAA) က ထိန်းချုပ်ထားသည်။ ထိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းသည် ှဗမာပြည်ကွန်မြူနစ်ပါတီ (BCP) မှ ၁၉၈၉ ခုနှစ်တွင် ခွဲထွက်ခဲ့သော အဖွဲ့ဖြစ်သည်။ NDAA သည် ၁၉၈၉ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ဦးသိန်းစိန်အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့သည်။
CNA ၏ ဗီဒီယိုအရ ကျန့်ဟုန်သည် ထိုအထူးစီးပွားရေးဇုန်၏ ဒစ်ဂျစ်တယ်စီးပွားရေးဗျူရို၏ ဒါရိုက်တာလည်း ဖြစ်သည်။ သူမသည် ရှန်ဟိုင်းရှိ ပရိသတ်များအား “ဒီနေ့ယုန်ဘန်ပြည်နယ် ထူထောင်ကြောင်း ကြေညာပါတော့မယ်။ သူတို့ဟာ နည်းပညာ စီးပွားရေးတခုအတွက် တရားစီရင်ခွင့်ကို စတင် ကျင့်သုံးပါတော့မယ်” ဟု ပြောကြားနေသည်ကို ထို ဗီဒီယိုတွင် တွေ့ရသည်။

ထို အထူးစီးပွားရေးဇုန်သည် စတုရန်းကီလိုမီတာ ၂၂၀ ကျယ်ဝန်းသည်ဟု သူပြောသည်။ ပထမအဆင့်အနေဖြင့် အီလက်ထရွန်နစ် နိုင်ငံသား အစီအစဉ်ကို စတင်မည်ဖြစ်ပြီး မည်သည့်နိုင်ငံမှ နိုင်ငံသားမဆိုအတွက် လမ်းဖွင့်ပေးထားကြောင်းလည်း ဆိုသည်။
“ကျမတို့လုပ်နေတာက ယုန်ဘန်မှာ အစိုးရတရပ်ကို ဖန်တီးဖို့ပဲ။ ဝန်ထမ်းမလိုတဲ့ အစိုးရ”ဟု ပရိသတ်ကို သူပြောသည်။
“ အဲဒီဒေသက လူတွေကို မြန်မာအစိုးရက မှတ်ပုံတင်ထုတ်မပေးတော့ သူတို့က အရမ်းဆင်းရဲကြတယ်။ သူတို့တွေက ကုန်းတွင်းပိတ်ဒေသလေ။ နိုင်ငံကူးလက်မှတ်မရှိတော့ သူတို့ ဘယ်ကိုမှ သွားလို့မရဘူး။ ကျမတို့က လူတိုင်းကို ဒစ်ဂျစ်တယ် မှတ်ပုံတင် ထုတ်ပေးနိုင်တယ်”ဟုလည်း သူပြောသည်။
မြန်မာနှင့် တရုတ်အစိုးရများသည် တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးမားလှသော ရပ်ဝန်းတခု၊ လမ်းတခု (BRI) အစီအစဉ်အရ တရုတ်-မြန်မာစီးပွားရေး စြင်္ကန် (CMEC) ကို အကောင်အထည်ဖေါ်ရန် သဘောတူထားသည်။ Shellpay Internet Technology ၏ အင်တာနက်စာမျက်နှာအရ ရှမ်းပြည်နယ်အစိုးရသည် BRI အရ ထိုအထူးစီးပွားရေးဇုန်တွင် ပါဝင်ရန် သဘောတူထားသည်ဟု သိရသည်။ ထိုအထူးစီးပွားရေးဇုန်ကို တရုတ်နှင့်မြန်မာနိုင်ငံတို့အကြား အစဉ်ခိုင်မာနေသော နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုနှင့် နှစ်နိုင်ငံဆက်ဆံရေးနှင့် BRI ၏ ဆက်လက်တိုးတက်မှုများအပေါ် အခြေခံကာ တည်ထောင်မည်ဟုလည်း ဆိုသည်။
ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီ ဦးစိုးညွန့်လွင်က “ဒီစီမံကိန်းအကြောင်းကို ရှမ်းပြည်နယ်အစိုးရ မသိပါဘူး။ ပြည်နယ်အစိုးရနဲ့ သူတို့နဲ့ ဘာသဘောတူညီချက်မှလည်း မရှိပါဘူး”ဟု ဧရာဝတီ သတင်းဌာနသို့ပြောသည်။

မိုင်းလားသည် ရှမ်းပြည်နယ်၏ အထူးအုပ်ချုပ်ခွင့်ရဒေသဖြစ်ကြောင်း ထိုဝန်ကြီးက ထောက်ပြသည်။ သို့သော် BRI နှင့် ပတ်သက်သည့် စီမံကိန်းများအားလုံးကို BRI ဦးဆောင်ကော်မတီ၏ စစ်ဆေးမှုကို စောင့်ပြီး ပြည်ထောင်စုအဆင့်မှ အဆိုပြုရန် လိုသည်။ ထိုဦးဆောင်ကော်မတီသည် စီမံကိန်းအားလုံးသည် သင့်မသင့်နှင့် ပြည်သူအတွက် အကျိုးရှိ မရှိ ဆုံးဖြတ်မည်ဖြစ်သည်။
“CMEC သဘောတူညီချက်အရ ကျနော်တို့က နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဇုန်တွေကို ရှမ်းပြည်နဲ့ ကချင်ပြည်နယ်မှာ တည်ဆောက်ရမယ်။ ယုန်ဘန် အထူးစီးပွားရေးဇုန်ဆိုတာ ကျနော်တို့ မကြားဖူးဘူး” ဟုလည်း ဦးစိုးညွန့်လွင်က ပြောသည်။
ထိုကုမ္ပဏီ အင်တာနက်စာမျက်နှာအရ ယုန်ဘန်နိုင်ငံသားများသည် ဗဟိုချုပ်ကိုင်မှုမရှိသော အများသို့ဖြန့်ချိထားသည့် ငွေပေးငွေယူမှတ်တမ်း နည်းပညာ (distributed ledger technology ) ကို အသုံးပြုပြီး ၎င်းတို့၏ တိုကင်လက်မှတ်ထားထုတ်ကာ စီးပွားရေးလုပ်နိုင်မည်ဟု ဆိုသည်။ နိုင်ငံသားများသည် ယုန်ဘန်ငွေဒင်္ဂါး တပြားကို သုံးပြီး ၎င်းတို့ပိုင် ဒင်္ဂါး တသိန်းထုတ်လုပ်နိုင်မည်ဖြစ်သည်။ နိုင်ငံသားများသည် ယုန်ဘန် ဒင်္ဂါးများကို Apple ၏ AirDrop တွင် သို့မဟုတ် ငွေလဲကောင်တာတခုခုတွင် ဝယ်ယူနိုင်မည်ဖြစ်သည်။ ယုန်ဘန် အာဏာပိုင်များသည် မည်သည့်အခါမျှ အခွန်ကောက်မည် မဟုတ်ဘဲ စီးပွားရေးလုပ်ငန်း မှတ်ပုံတင်ခြင်းကို ယုန်ဘန်စီးပွားရေး၏ တိုကင်စနစ်ဖြင့် အစားထိုးသွားမည်ဖြစ်သည်ဟု ထို အင်တာနက်စာမျက်နှာ၏ အစီအစဉ်အရ သိရသည်။ ထိုစီးပွားရေးတွင် ပါဝင်ခွင့်ကိုလည်း တကမ္ဘာလုံးအတွက် လမ်းဖွင့်ထားသည်ဟုလည်း ဆိုသည်။
“ယုန်ဘန် ဒင်္ဂါးလို့ခေါ်တဲ့ ငွေကြေးကို ကျနော်တို့ထုတ်ဝေမယ်။ ဒါဟာ လူမှုစမ်းသပ်မှုပဲ။ ယုန်ဘန်မှာ ကျနော်တို့က ဒစ်ဂျစ်တယ် စီးပွားရေးအတွက် အစိုးရတခု တည်ဆောက်မယ်။ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့ အဆောက်အအုံတွေရှိတဲ့ လူ့အဖွဲ့အစည်းမှာနေရင် ကမ္ဘာကြီးကို ပြောင်းလဲရတာ ခက်တယ်” ဟုလည်း ဗီဒီယိုထဲတွင် ကျန့်ဟုန်က ပြောသည်။
ထိုအင်တာနက်စာမျက်နှာ၏ အဆိုအရ Shellpayသည် ဒူဘိုင်းနိုင်ငံ၏ ပြည်တွင်းအခြေချနေထိုင်မှုနှင့် နိုင်ငံခြားသားများရေးရာဌာန(DNRD) အတွက် ဘလောက်ချိန်း အခြေပြု နိုင်ငံကူးလက်မှတ်မဟုတ်သော ထိန်းချုပ်စနစ်ကို ၂၀၁၇ ခုနှစ်က တည်ထောင်ပေးခဲ့သည်ဟု သိရသည်။
ဖေ့ဘွတ်တွင် CNA ၏ ဗီဒီယိုဖိုင်သည် မြန်မာပြည်သူများအကြားပျံ့နှံ့သွားခဲ့ပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းအဖြစ် ဆန့်ကျင်ခံရသည်။ ထိုဒေသတွင် ဒစ်ဂျစ်တယ်အစိုးရ ဖွဲ့စည်းရန် လျှို့ဝှက်နည်းပညာငွေကြေး အသုံးပြုမှု ခွင့်ပြုခြင်းကြောင့် ပေါ်ပေါက်လာနိုင်သော အန္တရာယ်များကို ထောက်ပြကြသည်။
လျှို့ဝှက်နည်းပညာငွေကြေး (cryptocurrency) ဆိုသည်မှာ ရုပ်ဝတ္တုပုံစံမရှိသော အင်တာနက်ပေါ်မှ အမည်ခံ ဒစ်ဂျစ်တယ်ငွေကြေးဖြစ်ပြီး ထိုငွေကြေးများကို မည်သည့် ဗဟိုဘဏ်ကမျှ စည်းကမ်းထိန်းကြောင်းခြင်း မရှိပေ။ လျှို့ဝှက်နည်းပညာငွေကြေးကို ဗဟိုချုပ်ကိုင်မှုမဲ့ ထိန်းချုပ်ခြင်းကို ထုံးစံအားဖြင့် အများပြည်သူ ဘဏ္ဍာရေး လုပ်ငန်းဆောင်တာများကို ပြုလုပ်ပေးသော ဘလောက်ချိန်းကွန်ရက်ဖြစ်သည့် အများသို့ဖြန့်ချိထားသည့် ငွေပေးငွေယူမှတ်တမ်း နည်းပညာ (distributed ledger technology ) အပေါ် မှီခိုထားသည်။
လျှို့ဝှက်နည်းပညာငွေကြေးသည် ၂၀၀၉ ခုနှစ်က ဘစ်ဒင်္ဂါး Bitcoin ကို တည်ထောင်ခြင်းဖြင့် အများပြည်သူ အာရုံစိုက်မိလာသည်။ ထိုငွေကြေးကွန်ရက်၏ လုပ်ထုံးလုပ်နည်း ကင်းမဲ့ခြင်းကြောင့် အခွန်တိမ်းရှောင်ပြီး ငွေကြေးခဝါချလိုသူ ရာဇဝတ်မှု ကျူးလွန်သူများကို အားပေးသည်ဟု ဝေဖန်ခံရသည်။ ထိုလျှို့ဝှက်နည်းပညာငွေကြေးများသည် မည်သည့် ဘဏ်လုပ်ငန်းစနစ်မဆိုမှ ကင်းလွတ်နေပြီး အခွန်ရှောင်ခြင်းကို ပိုမိုလွယ်ကူစေသည်။
Bitcoin ကိုယ်တိုင်သည်လည်း ဆိုက်ဘာ တိုက်ခိုက်ခြင်းနှင့် ခိုးယူခြင်းများ မကြာခဏခံနေရပြီး နှစ်စဉ် ဒေါ်လာဘီလျှံများစွာ ကုန်ကျနေသည်။ ၂၀၁၄ ခုနှစ်က အကြီးမားဆုံး Bitcoin အရောင်းကောင်တာဖြစ်သော Mt. Gox သည် ဖောက်သည်များ၏ ဒေါ်လာ ၄၇၃ သန်းတန်ဖိုးရှိသော bitcoins များ ဆိုက်ဘာခိုးယူမှုခံရပြီးနောက် ဒေဝါလီခံခဲ့ရသည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလနှင့် ဇွန်လများတွင် တိုကျိုအခြေစိုက် Coincheck နှင့် ကိုရီးယားအိပ်ချိန်း Coinrail တို့သည် အင်တာနက်တွင် ခိုးဝင်ခံရပြီး ဒေါ်လာ သန်း ၄၀၀ နှင့် ဒေါ်လာ ၃၇ သန်းစီ တန်ကြေးရှိသော လျှို့ဝှက်နည်းပညာငွေကြေးများ အသီးသီး ဆုံးရှုံးခဲ့သည်။ ထိုခိုးယူမှုများကြောင့် အဓိကကျသော လျှို့ဝှက်နည်းပညာငွေကြေးများ အားလုံးတန်ဖိုးများ ကျဆင်းစေခဲ့သည်။
မြန်မာနိုင်ငံတွင် လျှို့ဝှက်နည်းပညာငွေကြေးကို စည်းကမ်းထိန်းကြောင်းသည့် ဥပဒေမူဘောင် သို့မဟုတ် ယန္တရား မရှိပေ။ သို့သော် ထိုငွေကြေးကို အားပေးသူများသည် ၎င်းတို့တွင် ရင်းနှီးမြှုပ်နှံရန် နည်းမျိုးစုံဖြင့် အားပေးကြသည်။ လွန်ခဲ့သောနှစ်က လိမ်လည်မှု အများအပြားပေါ်ပေါက်ပြီးနောက် Bitcoin အပါအဝင် လျှို့ဝှက်နည်းပညာငွေကြေးများ ရောင်းဝယ်ခြင်းကို ပြည်ထဲရေးဝန်ကြီးဌာနက သတိပေးခဲ့သည်။ ထိုငွေကြေးရောင်းချသူများသည် ဈေးကွက်အကြောင်း မသိသော ကျေးလက်ဒေသများကို ပစ်မှတ်ထားကြကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက သတိပေးပြီး ထိုငွေကြေးသည် မတည်ငြိမ်ဘဲ အထူးဂရုစိုက်ရန် လိုသည်ဟုလည်း ဖေါ်ပြထားသည်။ ထိုကဲ့သို့သောငွေကြေးများတွင် ရင်းနှီးမြှုပ်နှံခြင်း မပြုရန်လည်း အကြံပေးထားသည်။
ယုန်ဘန်စီမံကိန်းသည် အစိုးရ၏အခန်းကဏ္ဍကို အနည်းဆုံးသို့လျှော့ချရန် စမ်းသပ်မှုဖြစ်သည်ဟု Shanghai Shellpay Internet Technology ၏ အင်တာနက်စာမျက်နှာက ဖေါ်ပြသည်။ မည်သည့်အခြေခံအဆောက်အအုံ သို့မဟုတ် အများပြည်သူ စီမံကိန်းများတွင် အများပြည်သူအနေဖြင့် တိုကင်လက်မှတ်များ ထုတ်ဝေခြင်းဖြင့် ပါဝင်နိုင်သည်ဟုလည်း ဆိုသည်။ ဥပမာအားဖြင့် နိုင်ငံသားများသည် လမ်းတခု တည်ဆောက်လိုပါက road chain တခုကို တည်ထောင်မည်ဖြစ်ပြီး နိုင်ငံသားအားလုံးသည် ဒင်္ဂါးများ ဝယ်ယူခြင်းဖြင့် ပါဝင်နိုင်မည်ဖြစ်သည်။ တိုကင်လက်မှတ်များ ရောင်းချရသည့်ငွေများဖြင့် လမ်းကို တည်ဆောက်မည်ဖြစ်သည်။ ထိုလမ်းတွင် အာရုံခံကိရိယာများ တပ်ဆင်ထားပြီး ဖြတ်သန်းသွားသော ကားများကို အသုံးပြုသည့် အကွာအဝေးအလိုက် အလိုအလျှောက် ဖြတ်သန်းခ ကောက်ခံမည်ဖြစ်သည်။ ထိုနောက် ဒင်္ဂါးများကို ရင်းနှီးမြှုပ်နံှသူများထံ ပြန်ပေးမည်ဖြစ်သည်။ ထိုသို့သော ငွေပေးငွေယူ အားလုံးကို ပွင့်လင်းမြင်သာသော ကွန်ရက် ငွေပေးငွေယူမှတ်တမ်း နည်းပညာ (blockchain ledger technology ) ဖြင့် အကောင်အထည်ဖော် မှတ်တမ်းတင်မည်ဖြစ်သည်။ နိုင်ငံသားများသည် ငွေပေးငွေယူမှတ်တမ်း နည်းပညာ (blockchain technology ) ဖြင့် ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်မည်ဟု ထိုအင်တာနက် စာမျက်နှာက ဆိုသည်။
၎င်းတို့ကုမ္ပဏီသည် ကချင်ပြည်နယ်တွင်လည်း အလားတူ အထူးစီးပွားရေးဇုန်ထူထောင်မည်ဟု ယုန်ဘန် အထူးစီးပွားရေးဇုန် ကော်မတီ အတွင်းရေးမှူး လျူကျန်ပင့်က ပြောသည်။ ကချင်ပြည်နယ်သည် ကမ္ဘာ့အရည်အသွေး အကောင်းဆုံး ကျောက်စိမ်း ထုတ်လုပ်သည်ဟုလည်း လျူကပြောသည်။
ထို အင်တာနက်စာမျက်နှာ၏ အဆိုအရ ယုန်ဘန်စီမံကိန်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် နယ်စပ်အနီး ရှမ်းပြည်နယ် မိုင်းယောင်းတွင် ရှိသည်ဟု ဆိုသည်။ “ရှမ်းပြည်နယ်က ကျနော်တို့ ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းလုပ်ဖို့ နေရာပေးထားတာ မြန်မာအစိုးရတောင် သိမယ်မထင်ဘူး” ဟု ကျန့်ဟုန်က CNA သို့ပြောသည်။
“အဲဒီနေရာက ကျနော်တို့ လုံးဝထိန်းချုပ်ထားတာ။ ဘယ်လိုဖြစ်နိုင်မှာလဲ။ မိုင်းလားခေါင်းဆောင်တွေတောင် မသိဘူး။ သူတို့တွေက လူလိမ်တွေဖြစ်မှာ” ဟု အထွေထွေအတွင်းရေးမှူး ဦးကြီးမြင့်က ပြောသည်။
( Nan Lwin ၏ Mongla Official Denies Chinese Firm Permitted to Set Up Autonomous Digital Economic Zone ကို ဆီလျော်အောင် ဘာသာပြန်သည်။)