လာမည့် ထိုင်းရွေးကောက်ပွဲ၌ အရှေ့မြောက်ဒေသ မဟာဆရခမ်း ပြည်နယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည့် ထိုင်းပြည်တွင်း အင်အား ပါတီမှ ကိုယ်စားလှယ်လောင်း ၏ မလုံ့တလုံ ပုံများ လူမှုကွန်ရက်ပေါ်တွင် ယခုတပတ်အတွင်း ပေါ်ထွက်လာရာ လူအများ အာရုံစိုက်ခြင်းခံနေရကြောင်း Khaosad သတင်းကဆိုသည်။
ယင်း လွှတ်တော်ကိုယ်စားလှယ်လောင်းမှာ ပလွိုင်းပီလင်း ရက်တနာ စတီယမ် ဆိုသူဖြစ်ပြီး၊ ၎င်းမှာ ယခင်က မော်ဒယ်ဟောင်း တဦးဖြစ်ကြောင်း၊ ဤပုံများသည် ၎င်း၏ ပုံဟောင်းများသာ ဖြစ်၍ အများပြည်သူများ အနေဖြင့် စိတ်အနှောက်အယှက် မဖြစ်ကြရန် ထိုင်းပြည်တွင်း အင်အားပါတီမှ ပြောရေးဆိုခွင့်ရှိသူက မေတ္တာရပ်ခံခဲ့သည်။
ကာယကံရှင် ပလွိုင်းပီလင်း အနေဖြင့် အကြောင်းအရင်းကို ထုတ်ဖော်ပြောဆိုလိုဟန် မရှိကြောင်း သိရသည်။
ပါတီ၏ ပြောခွင့်ရ ချွင်ချော့ ကောင် အူဒွန်က “မစ္စပလွိုင်းပီလင်းဟာလည်း ဥပဒေနဲ့မဆန့်ကျင်ဘဲနဲ့ သူမရဲ့အလှကို အသုံးတော်ခံခဲ့တာပါ၊ သူ့ဓာတ်ပုံတွေက သူ့ကိုယ်ရေးကိုယ်တာကိစ္စပဲဖြစ်ပါတယ်။ သူဟာ အပြင်မှာ ဒီအလုပ်လုပ် လာတာကြာပြီ ဆိုတော့ ဒါကို ဆက်မလုပ်ဖို့ ကျနော်တို့တားလို့ မရပါ ဘူး”ဟု ဆိုသည်။
ကာယကံရှင် လွှတ်တော်ကိုယ်စားလှယ်လောင်း ပလွိုင်းပီလင်း၏ အမတ်လောင်း အမည်စာရင်း တင်သွင်းခြင်းကို မကြာသေးမီက ရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့၍ ၎င်း၏မဲဆွယ်ပံ့ပိုးမှုကို ရုတ်သိမ်းရန်အကြောင်းမရှိဟု ၎င်း ပါတီပြောခွင့်ရသူက ဆိုသည်။
“သူ့တိုင်းပြည်အတွက် လုပ်ပေးနိုင်ဖို့ သူ့ကို အခွင့်အလမ်းပေးကြပါလို့ ကျနော်က (အားလုံးကို) တိုက်တွန်းချင်ပါတယ်။ သူ့အသွင်အပြင်ကို ကြည့်ပြီးတော့ အဆုံးအဖြတ်ပေးကြပါနဲ့” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါ ဓာတ်ပုံများသည် ၂၀၁၈ ခုနှစ်က ရိုက်ကူးထားပြီး ဖေ့စ်ဘွတ်စာမျက်နှာအများအပြားတွင် လွှင့်တင်ထားကြောင်း တွေ့ရသည်။ ထိုင်းနိုင်ငံသားအချို့က ဗုဒ္ဓဟူးနေ့တွင် ဖေ့စ်ဘွတ်ပေါ် share အပြန်အလှန် share ကြပြီး အချို့ သဘော ထား မှတ်ချက်များမှာ လိင်ပိုင်းဆိုင်ရာ ကြမ်းတမ်းစွာ ရေးသားထားကြသည်။
“အခုဟာက ရွေးကောက်ပွဲလား၊ မော်တော်ကားပြပွဲလား” ဟု ကိုယ်ဟန်ပြမယ်များသုံး၍ နှစ်စဉ် ကျင်း ပလေ့ရှိသော ကားပြပွဲကို ရည်ညွှန်းလျက် Vattikorn Sophonrat ဆိုသူက သဘောထား မှတ်ချက် ရေးသားထားသည်။
ပြည်တွင်ရှိ ထိုင်းဘာသာဖြင့် ထုတ်ဝေနေသည့် မီဒီယာများသည် အဆိုပါသတင်းမျိုးဆိုလျှင် မြိန်ရေ ယှက်ရေ ဖြင့် ထုတ်လွှင့်နေကျဖြစ်ရာ Naewna သတင်းဝက်ဘ်ဆိုက်တွင်“အလိုလေး … ဖရဲသီးတစုံ ပါလားဟ” ဟု ယခုဖြစ်စဉ်ကို သတင်းခေါင်းစဉ်တပ်၍ ဖော်ပြထားကြောင်း တွေ့ရသည်။
Sanook အမည်ရှိ online portal ကမူ ပလွိုင်းပီလင်းနှင့် အင်တာဗျူး လုပ်ရာ ပလွိုင်းပီလင်းက သူမသည် အာဏာရ ရေးအတွက် မည်သည့်အခါမှ မလုပ်ခဲ့ကြောင်း၊ သို့သော် ထိုင်းပြည်တွင်း အင်အားပါတီ၏ မူဝါဒများကို သူမ သဘောတူ၍ ယခုနှစ်ရွေးကောက်ပွဲ မဲဆွယ်မှုများတွင် ပါဝင် လှုပ်ရှားဖြစ်ကြောင်း ဖြေကြားသည်။
ပလွိုင်းပီလင်း၏ မဲဆွယ် ပိုစတာများတွင် အခမဲ့ပညာရေး၊ မူးယစ်နှိမ်နင်းရေးနှင့် ဒေသထွက်ကုန်များ မြှင့်တင်ရေး တို့ကို ကတိပေးထားသည်။
ထိုင်း ပြည်တွင်း အာဏာပါတီကို လုပ်ငန်းရှင် သူဌေး ချက်ချာဝယ် ကောင် အူဒွန်က ဦးဆောင်နေ သည်။ ချက်ချာဝယ်သည် ဘန်ကောက်အနီးရှိ Tao Poon ဒေသတွင် သြတိက္ကမကြီးမားပြီး အထူး ထင်ရှားသူဖြစ်သည်။ ဘန်ကောက်မြို့၊ ဆီလုံလမ်းမကြီးတွင် LGBT ပွဲတော်ကို ကျင်းပပေးခဲ့သူလည်း ဖြစ်သည်။