သတင်း

သံထောင်အုပ်ချုပ်ရေးမှူးနှင့် စခန်းမှူး AA က ဖမ်းဆီးခေါ်ဆောင်သွား

Want create site? Find Free WordPress Themes and plugins.

ချင်းပြည်နယ် ပလက်ဝမြို့နယ် ဖုန်းလောင်းဒေသ သံထောင်ကျေးရွာအုပ်ချုပ်ရေးနှင့် စခန်းမှူးတို့ ကို ရက္ခိုင့်တပ်မတော် ( AA ) မှ ယနေ့ နံနက် ၃ နာရီ အချိန်ခန့်က လာရောက် ခေါ်ဆောင်သွား ကြောင်း သတင်း ရရှိသည်။

ထိုသို့ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရဲစခန်းမှူး တို့ကို AA က ခေါ်ဆောင်သွားရာတွင် အပြန်အလှန် ပစ်ခတ်မှုမျိုး မရှိ ကြောင်း သံထောင်ကျေးရွာသားများက ပြောသည်။

ယနေ့ မနက်ပိုင်းက AA တပ်ဖွဲ့မှ လာရောက်ပြီး ဦးစွာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချားဟော်ကို ရဲစခန်းရှေ့သို့ ခေါ် ဆောင်သွားပြီးနောက် စခန်းမှူး စခန်းမှူးရဲအုပ် ဆလိုင်းဘီးဗာကို စခန်းအပြင်သို့ ခေါ်ထုတ်ကာ လက်နက်ငယ်ယမ်းများကို တောင်းခံကြောင်း ၊ စခန်းမှူးက လက်နက်များကို မပေး သည့်အတွက် အုပ်ချုပ်ရေးမှူးနှင့် အတူ စခန်းမှူးကို ပါ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။

သံတောင် ကျေးရွာသား ဦးနိုင်ထန်က “ဒီနေ့ မနက်ပိုင်း ၃ နာရီလောက်မှာ ကျနော်တို့ရွာက အုပ်ချုပ် ရေးမှူး ကို AAက စခန်းရှေ့ကို ခေါ်သွားပါတယ်။ ပြီးရင် စခန်း အပြင်ကနေ စခန်းမှူးကို ခေါ်ယူပြီး လက်နက်တွေကို ထုတ်ပေးဖို့ တောင်းတာ စခန်းမှူက မပေးတော့ ဖမ်းခေါ်သွားတယ်လို့ အဲဒီလိုပဲ ကျနော်တို့ရွာသားတွေ သိရပါတယ် ” ဟု ဧရာဝတီသို့ပြောသည်။

ယင်းနောက် မနက် ၈ နာရီကျော် အချိန်တွင် ရွာချောင်း တဘက်ကမ်းမှနေ တဖန် လက်နက် ပစ်ခတ် သံများကို ကြား ရသည့်အတွက် စခန်းမှ ရဲတပ်ဖွဲ့ဝင်များကလည်း ပြန်လည် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ် များ ရှိကြောင်း ရွာသားများက ဆိုသည်။

ယနေ့ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် ကျေးရွာသားများ ထိခိုက်မှု မရှိသော်လည်း စိုးရိမ်ကြောက်လှန့်များ ကြောင့် ဘေးလွတ်ရာတွင် အုပ်စုလိုက် ပုန်းရှောင်နေရကြောင်း ကျေးရွာသားများက ပြောသည်။

သံတောင်ကျေးရွာနေ ဦးလွင်အိုင်က “ သူတို့ ( AA )က စခန်းကို ဝင်ပစ်တာတော့ မရှိဘူး။ စခန်း အပြင် ခြံစည်းရိုးကနေ စခန်းမှူးကို ခေါ်ထုတ်ပြီး ဖမ်းသွားတာလို့ ပဲ ကျနော်တို့သိရတယ်။ ပြီးရင် ချောင်း ဟိုဘက်ကနေ သေနတ်ပစ်သံတွေ ကြားရတယ်။ တိုက်ပွဲဖြစ်တာလား ၊ ကြောက်လှန့်ပြီး ပစ်တာလား ဆိုတာတော့ ကျနော်တို့လည်း မသိဘူး ” ဟု ဧရာဝတီသို့ ပြောသည်။

ချင်းပြည်နယ် ပလက် ဝမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းထွန်းဝင်ကတော့ သံထောင်ရဲစခန်းမှူး ဖမ်းသွား သည့် ကိစ္စ အသေးစိတ် မသိရသေးကြောင်း ပြောသည်။

ရဲမှူးထွန်းထွန်းဝင်က “သံတောင်ကိစ္စအသေးစိတ် ပြောလို့မရသေးဘူး ။ ကျနော်တို့ လုပ်ကိုင် ဆောင်ရွက်နေတုန်း အချိန်ပဲ ရှိပါသေးတယ် ” ဟု ဧရာဝတီသို့ ဖြေကြားသည်။

ရက္ခိုင့်တပ်မတော် ( AA ) သတင်းနှင့် ပြန်ကြားရေးဝန်တာဝန်ခံ ဦးခိုင်သုခကတော့ ယင်း သံတောင် ကျေးရွာ ဖြစ်စဉ်အား အသေးစိတ်မရှိရသေးသော်လည်း AA ၏ လုပ်ငန်းဆောင်ရွက် ချက်များကို အကောင်အထည်ဖော်ရာတွင် အနှောင့် အယှက်ပေးသည့် လူများကို တော့ အောက်ခြေ တပ်မှူးများက ခေါ်ယူ ဆုံးမသည့် ဖြစ်စဉ်များ ရှိနိုင်ကြောင်း ဖြေကြား သည်။

“သံတောင် ဖြစ်စဉ်ကတော့ ကျနော့်ဆီကို သတင်း မရောက်သေးဘူးဗျ။ သို့သော် ကျနော်တို့၏ ရက္ခိတ လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ချက်များကို အနှောင့်အယှက်ပေးတဲ့အတွက် အဲဒီနယ်မြေက တပ်မှူး တွေက သူတို့ကို ခေါ်ယူ ဆုံးမတဲ့ ဖြစ်စဉ်တွေကတော့ ရှိနိုင်တယ် ” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

အဆိုပါ သံတောင်ကျေးရွာ ချောင်းတဘက်ကမ်းတွင် ညနေ့ မွန်းလွဲပိုင်းက လက်နက်ကြီး ၊ လက်နက် ငယ်ပစ်ခတ်သံ တချို့ကို ကြားရပြီး စခန်းမှူး ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသည့်အတွက် လက်ရှိ သံတောင်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ မှာလည်း အသင့်အနေအထားဖြင့် စခန်းတွင် လုံခြုံရေး ဆောင်ရွက်နေသည့် အခြေအနေများ ကိုလည်း မြင်တွေ့ရကြောင်း ကျေးရွာသားများက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading