နိုင်ငံ ပြိုကွဲစေရန် ရည်ရွယ် လုပ်ဆောင်နေသည့် နိုင်ငံတကာ အဖွဲ့အစည်းများကို နိုင်ငံသား အားလုံး စည်းလုံး ညီညွတ် စွာဖြင့် ထိထိရောက်ရောက် တုံ့ပြန်ရန် အစိုးရအား တိုက်တွန်းကြောင်း အဆို ဒုသမ္မတဟောင်း တဦး ဖြစ်သူ ဦးဉာဏ်ထွန်း က တင်သွင်းသည်။
ဖေဖော်ဝါရီ ၂၁ ရက်က ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင် ရေး) ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်ထွန်းက တင်သွင်း ပြောဆိုခြင်း ဖြစ်သည်။
အစ္စလမ္မစ် နိုင်ငံများ အဖွဲ့(OIC)၊ ဥရောပ သမဂ္ဂ (EU)၊ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့ က မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အခြေအနေ ဆုံးဖြတ်ချက်အား ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် အတည် ပြု ခဲ့ ပြီး စဉ်ဆက်မပြတ် လုပ်ဆောင်နေမှုများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းစဉ်ကို အကြပ် အတည်း အတွင်း တွန်းပို့ကာ နိုင်ငံ ပြိုကွဲ ပျက်စီးစေရန် ထောင်ချောက်ဆင် ဖော်ဆောင်နေခြင်း ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါ တီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်ထွန်းက လွှတ်တော်တွင် ပြောသည်။
ကုလသမဂ္ဂ အထွေထွ ညီလာခံက ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ဆုံးဖြတ်ချက် အမှတ် ၅ ကို အတည်ပြုခဲ့ပြီး စွပ်စွဲထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို တရားစွဲဆိုနိုင်ရန် အဖွဲ့ဝင် ၆၂ ဦးပါ တရား ဝင် သက်သေခံ မှတ်တမ်းများ ရယူရေးအဖွဲ့ အတွက် အမေရိကန်ဒေါ်လာ ၂၆ သန်း သုံးစွဲရန် သဘောတူခဲ့ကြောင်း ၎င်းက ဆိုသည်။
ယင်းတို့မှာ မြန်မာနိုင်ငံကို အကျပ်အတည်း ဖြစ်စေရန် OIC, EU နှင့် လူ့အခွင့်အရေး ကောင်စီတို့က အကွက်ချ စီမံခဲ့ခြင်း ဖြစ်ပြီး ၃၉ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ တင်သွင်းခဲ့သည့် မြန်မာနိုင်ငံ ဆိုင်ရာ အချက်အလက် ရှာဖွေရေး မစ်ရှင်၏ အစီရင်ခံစာသည် ပိုမို ဆိုးရွားစေရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်းလည်း ပြောသည်။
ဦးဉာဏ်ထွန်းက“အဲဒီ အဖွဲ့ကို ပေးထားတဲ့ လုပ်ပိုင်ခွင့် (Mandate) ဟာ မြန်မာလုံခြုံရေး တပ်ဖွဲ့များရဲ့ ကျူးလွန်မှုကိုသာ စစ်ဆေးဖို့ ပေါင်ခတ်ထားပြီး တဖက်စောင်းနင်း နိုင်လှပါတယ်။ လုပ်ထုံးနည်းနာ (Methodology) ကို ကြည့်ရင်လည်း ARSA ခြိမ်းခြောက်ခံ နေရသူတွေကိုသာ ရွေးချယ် တွေ့ဆုံ မေးမြန်းတာ၊ ဘက်လိုက်မှု မကင်းတဲ့ NGOs INGOs လူ့ အခွင့် အရေး အုပ်စုတွေဆီက သတင်း အချက်အလက် ရယူထားတာတွေသာ ဖြစ်ပြီး ခိုင်မာတဲ့ အထောက်အထား မရှိပါဘူး”ဟု ပြောဆို သည်။
ရခိုင်ပြည်နယ်တွင် ရခိုင်-ရိုဟင်ဂျာ ကယ်တင်ရေး တပ် (ARSA) မွတ်စလင် အကြမ်းဖက် အဖွဲ့က အစိုးရ ရဲကင်း စခန်း များကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ယင်း အကြမ်းဖက်မှုကို ပြန်လည် တုံ့ပြန်သည့် အနေဖြင့် တပ်မတော်က နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်သည့် အခါ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ သိန်းနှင့် ချီကာ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ခွာသွားခဲ့သည်။
ထို့ပြင် တပ်မတော်၏ ဆောင်ရွက်ချက်များတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဟု ဆိုကာ နိုင်ငံတကာ ရာဇဝတ် ခုံရုံး တင်ရန် အထိပင် လုပ်ဆောင်သည်ကို တွေ့ရသည်။
အမှန်တကယ်တွင် မြန်မာနိုင်ငံ ဆိုင်ရာ အချက်အလက် ရှာဖွေရေး မစ်ရှင် အစီရင်ခံစာသည် မြန်မာနိုင်ငံ အပေါ် မတော် မတရား စွပ်စွဲထားခြင်း ဖြစ်သည် ဟုလည်း ဦးဉာဏ်ထွန်းက ဆက်လက် ပြောသည်။
ARSA အဖွဲ့သည် ဒေသခံ တိုင်းရင်းသားများ၊ ဟိန္ဒူ လူမျိုးများကို ရက်ရက်စက်စက် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ သော်လည်း အစီရင်ခံစာတွင် ယင်းအကြမ်းဖက်မှုများကို လျှော့ပေါ့ ဖော်ပြခဲ့ပြီး အကြမ်းဖက်သမားများကို ခုခံ ကာကွယ် ခဲ့သော လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အင်အားသုံးမှုကို ဥပဒေမဲ့ လုပ်ရပ် အဖြစ် ပုံဖော်ကာ လူမျိုးသုဉ်း သတ်ဖြတ်ရန် ရည် ရွယ်ချက် (Genocidal Intent) ရှိသည်ဟု အလွယ်တကူ တံဆိပ် တပ်ခဲ့ကြောင်း၊ လုံခြုံရေး တပ်ဖွဲ့များ အနေဖြင့် UN Code of Conduct for Law Enforcement Officials တွင်ပါရှိသည့် အခြေခံမူများနှင့် အညီ ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ် ကြောင်း ၎င်းက ဆိုသည်။
ယင်းအဆိုကို တပ်မတော်တွင် ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး တာဝန် ထမ်းဆောင်ခဲ့သည့် ကြံ့ခိုင်ရေး ပါတီမှ ဗိုလ်ချုပ်ကြီး ဟောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်းက ထောက်ခံ ဆွေးနွေးခဲ့ပြီး ကန့်ကွက်သူ မရှိ၍ လွှတ်တော်က လက်ခံ ဆွေးနွေးရန် အတည်ပြုခဲ့သည်။
ပထဝီဝင် နိုင်ငံရေး အရ မြန်မာနိုင်ငံသည် အင်အားကြီး နိုင်ငံများ၏ အကျိုးစီးပွား ဆုံမှတ် ဖြစ်နေပြီး မြေရှားသည့် နိုင်ငံများ ၏ လူဦးရေ ပေါက်ကွဲမှု နောက်ဆက်တွဲ ဆိုးကျိုး ခံစားရမည့် နိုင်ငံ ဖြစ်၍ နိုင်ငံရေး ဖိအားများပြားလာမည် ဖြစ်ရာ အမျိုး သား အကျိုးစီးပွားကို ခိုင်မာစွာ ကာကွယ်ရန် လိုအပ်ကြောင်း ဦးလှဌေးဝင်းက ထောက်ခံ ဆွေးနွေးခဲ့သည်။
“နိုင်ငံတော် အစိုးရ အနေနဲ့လည်း အင်မတန် ယုတ်မာ ရက်စက်ပြီး အင်အားကောင်းတဲ့ ရန်သူနဲ့ ရင်ဆိုင်နေရတာ ဖြစ်တဲ့ အတွက် ပေါ့ပေါ့ဆေဆ သွားလို့ မရဘူး။ ရန်သူ ဘာလုပ်လာရင် တို့ ဘာလုပ်မယ် ဆိုတဲ့ ကြိုတင် ကာကွယ် တားဆီးနိုင်တဲ့ မဟာဗျူဟာ ချမှတ် ဆောင်ရွက်သွားဖို့ လိုပါတယ်။ သံတမန်ရေး နည်းလမ်းတွေနဲ့လည်း ဆောင်ရွက်ရပါမယ်”ဟု ဦးလှဌေးဝင်း က လွှတ်တော် ခေတ္တ ရပ်နားချိန်တွင် မီဒီယာများကို ပြောသည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်မှု၊ လူမျိုးသုဉ်း သတ်ဖြတ်မှုများ မရှိကြောင်းနှင့် ရှိပါက သက်သေပြပေးလျှင် အရေးယူပေး မည် ဟု အစိုးရနှင့် တပ်မတော်ဘက်က ပြောကြားထားပြီး အင်းဒင် သတ်ဖြတ်မှု ဖြစ်စဉ်တွင်လည်း ပြစ်မှု ကျူးလွန်သူများ ကို တပ်မတော်က အရေးယူ အပြစ်ပေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ သို့ရာတွင် နိုင်ငံတကာ ဖိအားများက ရပ်တန့် မသွားဘဲ နိုင်ငံတကာ ရာဇဝတ် ခုံရုံးတင်၍ အရေးယူနိုင်ရန် ကြိုးစားနေသည့် အခြေအနေ ဖြစ်ကြောင်း ရခိုင် အမျိုးသား ပါတီမှ ဦးဖေသန်းကလည်း ပြောဆိုသည်။
ဦးဖေသန်းက“နိုင်ငံတကာ ကတော့ သူတို့ လုပ်စရာ ရှိတာ ဆက်လုပ်မှာပဲ။ ဒီလိုဖြစ်လာတဲ့အခါ ကျနော်တို့ဘက်က ဘာ ဆက် လုပ်မလဲ ဆိုတဲ့ အစီအစဉ်တွေ ရှိဖို့ လိုတာပေါ့။ အစီအစဉ် မရှိဘဲ ပြောနေရုံလောက်နဲ့တော့ မဖြစ်ဘူး။ ဒီနေ့ မဟုတ် ရင် မနက်ဖြန် ထိပ်တိုက် တွေ့လာမယ့် အရာ၊ ဒီအပေါ်မှာ အစိုးရ အနေနဲ့ ဘယ်လို ပြင်ဆင်ထားမလဲ။ ပြည်သူကိုလည်း စည်းရုံး မလဲ နှိုးဆော်ဖို့ လိုတယ်။ အစိုးရနဲ့ တပ်မတော် တသားတည်း ရပ်နိုင်အောင် ပြည်သူ ပါလာဖို့ လိုတယ် ဆိုရင် အစီအစဉ်တွေ၊ ချမှတ်ဖို့လည်း လိုတယ်”ဟု ဆိုသည်။
ဦးဉာဏ်ထွန်း တင်သွင်းသည့် ယင်းအဆိုကို ပါဝင် ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်းကို ဖေဖော် ဝါရီ ၂၂ ရက် နောက်ဆုံးထား တင်သွင်းရန် လွှတ်တော်က တောင်းခံထားသည်။