ဘင်္ဂလားဒေ့ရှ် မြို့တော်ဒါကာတွင် မော်တော်ယာဉ်တစီး တွင် တပ်ဆင်ထားသည့် သဘာဝဓာတ်ငွေ့ ရည်အိုး ပေါက်ကွဲရာမှ လမ်းဘေးရှိ ဆိုင်များသို့ ကူးစက်လောင်းကျွမ်းရာ လူ ၁၁၀ သေဆုံးသွားသည်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၂၀ရက်နေ့ ညက အဆိုပါ သဘာဝဓာတ်ငွေ့သုံး မော်တော်ယာဉ်မှာ ဈေးအနီးမှ ဖြတ်၍ မောင်းစဉ် ဓာတ်ငွေ့အိုး ပေါက်ကွဲပြီး တိမ်းမှောက် ရာ လမ်းဘေးစား သောက်ဆိုင်သို့ ကူးစက် ၍ ထိုမှတဆင့် မီးရှိန်မြင့်ပြီး အနီးရှိ ပလတ်စတစ်ပစ္စည်း ရောင်းသည့် ဆိုင်သို့ ကူးကြောင်း၊ ၎င်း ဆိုင် တွင် တရားမဝင် သိုလှောင်ထားသော ဓာတုပစ္စည်းများ ပေါက်ကွဲကာ အလွန်အားကောင်းသော မီးတောက်အဖြစ် သို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။
ထိုမှတဆင့် မီးသည် လမ်းပေါ်သို့ ကူးပြီး စက်ဘီးသုံးဘီးတပ်ယာဉ်များ၊ မော်တော်ယာဉ်များ၊ လူအများနှင့် လမ်း တလျှောက် ရှိ အရာဝတ္ထုတိုင်းကို ဆက်လက်လောင်ကျွမ်းရာမှ လူပေါင်း ၁၁၀ သေဆုံးရခြင်းဖြစ်သည်။
အဆိုပါ မီးလောင် ပေါက်ကွဲမှုကြောင့် ဗုဒ္ဓဟူးညက ဒါကာမြို့တွင် လမ်းများပိတ်ဆို့နေခဲ့သည်။
မျက်မြင်တဦးဖြစ်သည့် စားသောက်ဆိုင် မန်နေဂျာ မိုဟာမက် ရာကစ်က“လူတွေအများကြီး လွတ်ရာ ထွက်ပြေးဖို့ ကြိုးစား ကြတယ်၊ သွေးပျက်စရာပါပဲ။ ကျနော်လည်း စားသောက်ဆိုင်ထဲက ထွက်ပြေး လာတာ ပိုက်ဆံတွေအကုန်လုံး ဆိုင်ထဲ ကျန်ခဲ့တယ်ဗျာ”ဟု ဆိုသည်။
သုံးဘီးတပ် ယာဉ်မောင်း တဦးသည် မီးတောက်ထဲမှ လွတ်အောင် ထွက်ပြေးရန် ရုန်းကန်စဉ် အရှင် လတ်လတ်မီးလောင် သေဆုံး သွားသည်ကို မြင်ရကြောင်း ၎င်းက ဆိုသည်။
အာရှတိုက်ရှိ အဆင်းရဲဆုံးနိုင်ငံ ဖြစ်သော ဘင်္ဂလားဒေ့ရှ်သည် လူနေအလွန်ထူထပ်ပြီး အမေရိကန်ရှိ အိုင်အိုဝါပြည်နယ် သာသာ ရှိသော်လည်း လူဦးရေမှာ သန်း ၁၇၀ ကျော်ရှိပြီး အိုင်အိုဝါ လူဦးရေ၏ အဆ ၅၀ ကျော်မျှဖြစ်သည်။
“ဒီမီးလောင်မှုက ဆင်းရဲမွဲတေမှုကြောင့်မဟုတ်ပါဘူး။ လောဘကြောင့်ဖြစ်ရတာပါ။ လူနေအဆောက် အဦတွေထဲမှာ လူတွေက ဓါတုပစ္စည်းတွေ မတရားလှောင်ထား ကြတယ်လေ။ သူတို့မှာ ကားတွေရော၊ အိမ်ကောင်းကောင်း ရောရှိနေပြီး သူတို့ ကလေးတွေကို နိုင်ငံခြားမှာ ပညာသင်ပို့ထားနိုင်တဲ့လူတွေ” ဟု ဒါကာမြို့ရှိ ဗိသုကာတဦးဖြစ်သူ နီဇာမက်ဒင် အာမက်က ပြောသည်