သတင်း

အဆာဟိရှင်ဘွန်သတင်းစာ တောင်းပန်စာပို့ထားဟု တပ်မတော်ပြော

Want create site? Find Free WordPress Themes and plugins.

ဂျပန်အခြေစိုက် အဆာဟိရှင်ဘွန်သတင်းစာ၏ ဖော်ပြမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီထံ တိုင်ကြားမှုအား သတင်းစာဘက်မှ တရားဝင်တောင်းပန်စာ ပြန်လည်ပေးပို့ထားပြီး ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

အဆာဟိရှင်ဘွန်သတင်းစာ ရန်ကုန်ဌာနမှူး Mr.Ryuta SOMETAYA နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ အင်တာဗျူးဖြေကြားချက်များအား ကာကွယ်ရေး ဦးစီးချုပ်ရုံးသို့ ပြန်လည်ပေးပို့ အတည်ပြုခြင်းမရှိဘဲ ဖော်ပြခဲ့ခြင်းနှင့် ဖော်ပြချက်များ တိကျပြည့်စုံမှန်ကန်မှု မရှိဟုဆိုကာ ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် တပ်မတော်က တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ကျနော်ဆီက ကန့်ကွက်စာပို့တာမှန်ပါတယ်၊ အဆာဟိရှင်ဘွန်းဘက်ကလဲ တောင်းပန်စာလေးပြန်လာပါတယ်၊ ဟိုဘက်က တရားဝင် တောင်းပန်ထားတယ်ဆိုတော့ ပြေလည်သွားပြီလို့ ပြောလို့ရပါတယ်၊ သတင်းစာက ဂျပန်စာနဲ့ဖော်ပြပြီးပြီ၊ ပြန်ဖြုတ်ပေးတာတော့ ဘယ်လိုလုပ်ရမတုန်း၊ တောင်းပန်စာနဲ့ပဲပေါ့”ဟု  ဧရာဝတီသို့ပြောသည်။

အင်တာဗျူးကို ဖေဖော်ဝါရီ ၁၄ ရက်နေ့က နေပြည်တော်ရှိ ဘုရင့်နောင်ဧည့်ရိပ်သာတွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အကြောင်းအရာကွဲလွဲခြင်း၊ နားလည်မှုလွဲမှားခြင်းများ မဖြစ်ရေးအတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးသို့ ပေးပို့အတည်ပြုပြီးမှသာ ဖော်ပြရန် ကြိုတင်မေတ္တာရပ်ခံခဲ့သော်လည်း ၎င်း၏သဘောဖြင့် ဖေဖော်ဝါရီ ၁၅ ရက်နေ့ထုတ် အဆာဟိရှင်ဘွန် သတင်းစာတွင် ထည့်သွင်းဖော်ပြခဲ့ကြောင်း တိုင်ကြားစာတွင်ဆိုထားသည်။

အဆာဟိရှင်ဘွန်သတင်းစာ၏ ကျန်ရှိလွဲမှားခဲ့သည်ဆိုသည့် အသေးစိတ်အချက်အလက်များအား သိရှိနိုင်ရန် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီထံသို့ တယ်လီဖုန်းဖြင့်ထပ်မံ အတည်ပြုမေးမြန်းခဲ့သော်လည်း ဖုန်းဖြေဆိုခြင်းမရှိခဲ့ပေ။

တိုင်ကြားမှုအပေါ် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေဖြင့် နှစ်ဖက်တာဝန်ရှိသူများအားခေါ်ယူတွေ့ဆုံခြင်း မပြုလုပ်နိုင်သေးဘဲ မည်သည့်အချက်များ ကျန်ရှိလွဲမှားသည်ကို အသေးစိတ် သိရှိနိုင်ရန် တပ်မတော်ဘက်မှ ထပ်မံပေးပို့ရန် ယမန်နေ့က စာပေးပို့ထားကြောင်း ကောင်စီတွဲဘက် အတွင်းရေးမှူး ၁ ဦးမြင့်ကျော်ကပြောသည်။

ဦးမြင့်ကျော် က “ကျနော်အမြင်ကတော့ ပြန်ပြမယ်လို့ ကတိနဲ့ သဘောတူထားရင်တော့ အဲ့ဒီ ကတိအတိုင်းလုပ်ပေးရမယ့်သဘောရှိတာပေါ့၊ အင်တာဗျူးဖြစ်နေလို့ပါ၊ သတင်းလိုမျိုး ရေးတဲ့နေရာမှာတော့ ပြန်ပြရမယ့်ဟာမျိုးကို ကျင့်ဝတ်အရတော့ လုပ်စရာမလိုဘူးလို့ ခံယူတယ်”ဟု ပြောသည်။

ယင်းအင်တာဗျူးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ လွှတ်တော်တွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်းပါဝင်နေမှု၊ ဘင်္ဂါလီအရေးကိစ္စ၊ ပြည်တွင်းငြိမ်ချမ်းရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့၏ နိုင်ငံရေးရပ်တည်ချက်စသည်များအပေါ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သဘောထားအမြင်များအား မေးမြန်းခဲ့ခြင်းဖြစ်သည်။

အင်တာဗျူးအမေး အဖြေများ အားလုံးကိုလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဝက်ဆိုဒ်တွင် အပိုင်း ၁ နှင့် ၂ ခွဲကာ ဖော်ပြထားသည်ကို တွေ့ရသည်။

အဆာဟိရှင်ဘွန်၏ ဖော်ပြမှုနှင့်ပတ်သက်ပြီး ဖြေကြားချက်များအား တိကျမှန်ကန်ပြည့်စုံစွာ ရေးသားဖော်ပြခြင်းမရှိကြောင်း တွေ့ရှိရသည်အတွက် သတင်းဌာနအပေါ် ယုံကြည်မှု အတွက်များစွာ အနှောက်အယှက်ဖြစ်ရသည့်အပြင် ဖော်ပြချက်များကိုလည်း သဘောမတူကြောင်း တပ်မတော်ဘက်က ဆိုထားသည်။

Mr.Ryuta SOMETAYA အနေဖြင့် သတင်းမီဒီယာ ဥပဒေအခန်း (၄)၊ အပိုဒ် ၉(က)ပါ သတင်းတိုင်းအချက်အလက် တိကျမှန်ကန်စေရန်နှင့် တတ်နိုင်သမျှပြည်စုံစေရန် စိစစ်ခြင်းအား လိုက်နာဆောင်ရွက်မှုမရှိခြင်း၊ သတင်းမီဒီယာ ဥပဒေအခန်း (၁၀)၊ အပိုဒ် ၃၃(ဂ)၏ ဥပဒေပုဒ်မ (၉) ပါ သတင်းသမားများ၏ ကျင့်ဝတ်စည်းကမ်းများအား လိုက်နာမှုမရှိသည်ကို တွေ့ရကြောင်းလည်း တပ်မတော်ဘက်ပြောထားသည်။

မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီအနေဖြင့် တိုင်ကြားမှုအား ညှိနှိုင်းဖြေရှင်းရေးအတွက် အဆာဟိရှင်ဘွန်သတင်းစာနှင့် တပ်မတော်ဘက်က တာဝန်ရှိသူများအား မတ်လ ၁ ရက်နေ့တွင် လာရောက်ဆွေးနွေးရန် အကြောင်းကြားထားကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading