တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မရေးထိုးရသေးသော ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် အစိုးရတို့ ယနေ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့မှုအပေါ် အားရကြောင်း SSPP က ပြောသည်။
SSPP ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းဖုန်းဟန်က “ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးကို ဘယ်လို ရှေ့ဆက်သွားရင် ကောင်းမလဲ အလွတ်သဘော ဆွေးနွေးတာပါ၊ နောက်ပြီးတော့ အစိုးရနဲ့ တပ်မတော်ကို မတွေ့ဖြစ်တာကြာပြီလေ ဒါကြောင့် တွေ့တာလည်းပါတယ်။ ဆွေးနွေး ပွဲက အောင်မြင်တယ်လို့ ပြောလို့ရပါတယ်” ဟု ပြောသည်။
နေပြည်တော်တွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး ဆွေးနွေးပွဲကို ငြိမ်းချမ်းရေးကော်မရှင် (PC) ဒုဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဦးခင်ဇော်ဦး၊ ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်သား ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ အတိုင်ပင်ခံရုံးမှ ဦးခင်မောင်တင့်နှင့် ဦးဇော်ဌေးတို့ တက်ရောက်ခဲ့ကြသည်။
SSPP ဘက်မှ ဒုဥက္ကဋ္ဌ (၂) ဗိုလ်ချုပ် စဝ်ခွန်ဆိုင်း ဦးဆောင်၍ ဗဟို ကော်မတီဝင်များ ဖြစ်သည့် စဝ်နော်လိတ်၊ စိုင်းဖုန်းဟန်တို့ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုတွင် ငြိမ်းချမ်းရေး ဖြစ်စဉ်၌ အခက်အခဲကြုံနေသည့်အချက်များ အပါအဝင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်ကြရေးနှင့် ယုံကြည်မှု တည်ဆောက်ရေး စသည့် ကိစ္စ များကို အလွတ်သဘော ဆွေးနွေးခဲ့ကြကြောင်း SSPP ဘက်က ပြောသည်။
ထိုတွေ့ဆုံမှုတွင် SSPP ဘက်က NCA တွင် အားလုံး ပါဝင် လက်မှတ် ရေးထိုးလာနိုင်ရေး အစိုးရဘက်မှ ကြိုးပမ်း ဆောင်ရွက် ပေးရန် တင်ပြခဲ့ရာ အစိုးရဘက်ကလည်း အားလုံးပါဝင်ရေးအတွက် လမ်းဖွင့်ပေးထား ကြောင်းနှင့် ဆက်လက် ကြိုးစားသွားမည်ဟုလည်း ပြန်လည် မှတ်ချက်ပေးခဲ့သည်ဟု သိရသည်။
တပ်မတော်က အပစ်အခတ်ရပ်စဲကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ကြေညာပြီးနောက် NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနက်မှ SSPP သည် NRPC ကို ပထမဆုံး လာရောက်တွေ့ဆုံသည့် အဖွဲ့ဖြစ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူချုပ်၊ ဦးဇော်ဌေးက “ဒေသဖွံ့ဖြိုးရေးပေါ့။ နောက်တခုက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ SSPP အနေနဲ့ ရှေ့ဆက်ပြီး တော့ ဘာတွေဆောင်ရွက်မလဲဆိုတာ ကျနော်တို့ နှစ်ဘက်ပွင့်ပွင့်လင်းလင်း ဆွေးနွေးတယ်။ SSPP ဘက်က စိုးရိမ်ချက်တွေ၊ NCA ထိုးတဲ့အခါ သူတို့မှာ ဘာတွေ စိုးရိမ်ချက်တွေရှိလဲဆိုတာ ဆွေးနွေးတယ်။ ဒီနေ့ ဆွေးနွေးတာက တရားဝင်ဖြစ်ပါတယ်” ဟု ပြောသည်။
အစိုးရအနေဖြင့် SSPP ဝမ်ဟိုင်းဒေသ ဒေသဖွံ့ဖြိုးရေးအတွက် ဆက်သွယ်ရေးကွန်ရက်ရရှိရန် နှင့် လျှပ်စစ်မီး၊ မီးသတ်ကား စသည်တို့ကို ဆောင်ရွက်ပေးခြင်းများရှိပြီး လမ်း၊ စာသင်ကျောင်း၊ ဆေးပေးခန်းစသည့် အခြေခံအဆောက်အဦများကို ဆက်လက် ပံ့ပိုးပေးရန် SSPP ဘက်မှ ထပ်မံတောင်းဆိုခဲ့သဖြင့် ယင်းတောင်းဆိုချက်ကိုလည်း NRPC အကြီးအကဲများထံ တင်ပြကာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဦးဇော်ဌေး က “NCA ထိုးနိုင်ဖို့ အတွက်ကြားထဲမှာ ဘာတွေအခက်အခဲရှိလဲ။ တဆင့်တဆင့် ဘယ်လိုတွေသွားကြမလဲဆိုတာ ကျနော်တို့ ဆွေးနွေးတယ်။ သို့သော်သူတို့ ဘက်ကလည်း ဟိုဘက်မှာ တင်ပြရမဲ့ ကိစ္စတွေရှိတယ်။ ကျနော်တို့ဘက်ကလည်း ပြန်ပြီး တင်ပြပြီး လုပ်ရမှာတွေရှိတယ်။ နောက်ထပ်လည်း ထပ်ပြီး အမြန်ဆုံးတွေ့ဆုံသွားဖို့ရှိပါတယ်” ဟု ပြောသည်။
ယခုတွေ့ဆုံပွဲသည် အောင်မြင်သည့် ဆွေးနွေးပွဲဖြစ်ခဲ့ပြီး နိုင်ငံတော် အစိုးရ၊ တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော်တို့ ယုံကြည်မှုတည်ဆောက်ရေး တဆင့်တက်လာသည်ကို တွေ့ရကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ ဒုတိယဥက္ကဋ္ဌ စဝ်ခွန်ဆိုင်ကလည်း ပြောသည်။
စဝ်ခွန်ဆိုင်က “အားလုံးတူညီတာကတော့ စစ်ပွဲကအဖြေမဟုတ်ဘူး။ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းကလွဲလို့ တခြားနည်းလမ်းမရှိဘူး။ ဒါကို ဆက်အကောင်အထည်ဖော်ရင်း ယုံကြည်မှုတည်ဆောက်ရင်း ကျနော်တို့ လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ သဘောတူကြတယ်။ ဒီအထဲမှာ ဘယ်လိုသွားကြမလဲဆိုတာကတော့ သူ့အဆင့်ဆင့် ကဏ္ဍအလိုက်ရှိမှာပေါ့” ဟု ပြောသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍လည်း “ NCA က ကောင်းပါတယ်။ အဲဒီအတိုင်း သွားကြမှာပါပဲ။ ဒါပေမယ့် ကျနော်တို့လည်း ပြောပါတယ်။ NCA က ပိုပြီး ပြည့်စုံဖို့လိုတယ်” ဟု စဝ်ခွန်ဆိုင် က ဆက်ပြောသည်။
တွေ့ဆုံမှုကို မနက် ၁၀ နာရီမှ ၁၂ နာရီထိ တွေ့ဆုံခဲ့ကြပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် တပ်မတော်မှ ကိုယ်စားလှယ်များဖြင့် သီးသန့် ထပ်မံတွေ့ဆုံရန်လည်း ၂ ဖက် နားလည်မှု ရယူနိုင်ခဲ့ကြောင်း အစိုးရနှင့် နီးစပ် သူ တဦးက ပြောသည်။
SSPP သည် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ရေးထိုးထားသည့် ရှမ်းလက်နက်ကိုင် အဖွဲ့ဖြစ်ပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ထိုးနိုင်ရေး ကြိုး ပမ်းနေဆဲ ဖြစ်သည်။
လက်ရှိတွင် SSPP သည် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင် အဖြစ် ရှိနေပြီး အားလုံး ပါဝင်လက်မှတ်ထိုးရေးကို ကြိုးပမ်းလျက်ရှိနေသည်။
FPNCC အဖွဲ့တွင် “ဝ”ပြည်သွေးစည်းညွတ်ရေး တပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA-မိုင်းလားအဖွဲ့)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်မတော် (AA) တို့ ပါဝင်ကြသည်။
(ကျော်မျိုး ပူးပေါင်းရေးသားသည်။)