ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်၊ ဆတ်ကျွန်းကျေးရွာမှ ရေလုပ်သားတစ်ဦးမှာ ကပ်ဗေလေး မြစ် အတွင်း ၌ ပိုက်ထောင်နေစဉ် ယမန်နေ့ နံနက်ပိုင်းက မိကျောင်းကိုက်ချီ သွားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
မိကျောင်းကိုက်ချီသွားသည့်ရေလုပ်သားမှာ အသက် ၂၄ နှစ်အရွယ်ရှိသည့် ရေလုပ်သား ကိုငထွန်းဖြစ် ပြီး ဇနီးဖြစ်သူ မတူး နှင့်အတူ ဆတ်ကျွန်းကျေးရွာအုပ်စု တပ်ဗေလေးမြစ်ဘေး၌ ပိုက်ထောင်နေစဉ် ယမန်နေ့ နံနက် ၁၀ နာရီခန့်က မိကျောင်း ဆွဲခံရခြင်းဖြစ်ကြောင်း သိရသည်။
“ကိုငထွန်းက ရေထဲဆင်းပြီး ဘဝင်းပိုက် မြှုပ်နေတုန်း မိကျောင်းဆွဲခံရပြီး ရေထဲမြုတ်သွားတယ်။ နောက်တော့ကိုငထွန်း ရေထဲက တခေါက် ပြန်ပေါ်လာ ပြီးတော့ ပြန်မြုပ်သွားတယ်။ မိကျောင်းက လည်း မြစ်ထဲမှာ ဟိုဘက်ကူးလိုက် ဒီဘက်ကူး လိုက်နဲ့ ခဏတော့ ပြန်ပေါ်နေသေးတယ်။ နောက်တော့ မိကျောင်းက မြစ်ထဲကို ဆွဲသွားတာ ရေထဲကနေ ပေါ်မလာတော့ ဘူး”ဟု မိကျောင်းဆွဲခံရသည့် ရေလုပ်သား ကိုငထွန်း၏ ဇနီးဖြစ်သူ မတူးက ဧရာဝတီကို ပြောသည်။
မိကျောင်းဆွဲခံရသူ ကိုငထွန်း၏အလောင်းအား ဆတ်ကျွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ရွာသားများ လိုက်လံရှာဖွေလျှက်ရှိပြီး ယနေ့နေ့လည်ပိုင်း အချိန် အထိ အလောင်းရှာမတွေ့သေးကြောင်း ဆတ်ကျွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့် က ဆိုသည်။
“ကျနော်တို့လည်း ပတ်ဝန်းကျင်က ရွာသားတွေနဲ့ လူစုပြီး အလောင်းတွေ့လို့တွေ့ငြား လိုက်ရှာနေ တယ်။အခုချိန်အထိ တော့ အစအန လုံးဝရှာမတွေ့သေးဘူး”ဟု သူက ပြောသည်။
ဆတ်ကျွန်းကျေးရွာအုပ်စုတွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း၌ မိကျောင်းကိုက်ခံရ၍ လူ ၃ ဦး ဒဏ်ရာရရှိခဲ့သော်လည်း သေဆုံးသူမရှိခဲ့ရာ ယခု ကိုငထွန်းဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်အတွင်း မိကျောင်းကိုက်၍ ပထမဆုံး လူသေဆုံးမှုဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်း တောရိုင်း တိရိစ္ဆာန် ဘေးမဲ့တောတွင် မိကျောင်းအကောင်ရေပေါင်း ၁၁၀ ကျော်ရှိ ကြောင်း ၂၀၁၅ ခုနှစ်က ကောက်ယူသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာနစာရင်းများအရ သိရသည်။
သစ်တောပြုန်းတီးမှု၊ အလွန်အကျွံ ငါးဖမ်းဆီးမှု များကြောင့် အစာရေစာရှားပါးလာသည့်အတွက် ယခုနှစ်များအတွင်း မိကျောင်းများမှာ ဒေသခံများနှင့် အိမ်မွေး တိရိစ္ဆာန်များကို ကိုက်ဖြတ်စား သောက်မှုများရှိနေသဖြင့် သစ်တောဌာနက “မိကျောင်း အန္တရာယ်ရှိသည်”ဟူသော ဆိုင်းဘုတ်များ ထောင်၍ သတိပေးထားပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ သွားလာခြင်းမပြုရန် တားမြစ်ဧရိယာအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
ဘိုကလေးမြို့နယ်၌ ၂၀၁၃ ခုနှစ်တွင် ရွှေပြည်အေးကျေးရွာမှ တတိယတန်းကျောင်းသားတဦး၊ ၂၀၁၄ ခုနှစ်တွင် ဆတ် ကျွန်းရွာမှ ကိုရင်လေးတပါး၊ ၂၀၁၅ ခုနှစ်တွင် ဆတ်ကျွန်း ရေကမြင်းကျေးရွာမှ တံငါသည် တဦး၊ ၂၀၁၆ ခုနှစ်တွင် လှေလုံး ကွဲကျေးရွာမှ တံငါသည် ဦးစောနောင်နှင့် ၂၀၁၇ ခုနှစ်တွင် ကြိမ်ချောင်းကြီးအုပ်စု၊ ဆင်အိုင်ကျေးရွာမှ မခိုင်ခိုင်ဦး၊ ၂၀၁၈ ခုနှစ်တွင် စက်ဆန်းကျေးရွာမှ ၂၈ နှစ်အရွယ် မသင်းသင်းတို့အား မိကျောင်းကိုက်သည့်အတွက် ဒဏ်ရာရ သေဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်း ဘိုကလေးဒေသခံများထံမှ သိရသည်။
၅၂.၇၈ စတုရန်းမိုင်ကျယ်ဝန်းသည့် ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်းအား ၁၉၉၄ ခုနှစ်မှ စတင်၍ တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တော အဖြစ် အစိုးရက သတ်မှတ်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံ၏ တတိယမြောက် ကမ္ဘာ့အရေးပါသော ရေဝပ်ဒေသ စာရင်းဝင်နေရာ ရမ်ဆာဒေသအဖြစ် သတ်မှတ်ခဲ့သည်။
အဆိုပါ မိန်းမလှကျွန်း၌ မိကျောင်းများအပြင် ရေပျော်ငှက်၊ ကုန်းတွင်းပိုင်းနေငှက်များ၊ တွားသွား သတ္တဝါများ၊ နို့တိုက်သတ္တဝါများနှင့် ရေနေသတ္တဝါများ ခိုအောင်း နေထိုင်သည်။
ဆက်စပ်သတင်း – ဘိုကလေး၌ ရေလုပ်သားတဦး မိကျောင်း ကိုက်ခံရ၍ ခြေထောက်ပြတ်
မိကျောင်းကိုက်ချီသွားသည့် အမျိုးသမီးအား ရှာဖွေမှုရပ်ဆိုင်း
ဘိုကလေးမှာ အမျိုးသမီးတဦးကို မိကျောင်း ကိုက်ချီသွား