နေပြည်တော် ပြည်ထောင်စု လွှတ်တော်အနီးတွင် ဒရုန်း (Drone) လွှတ်ခွင့် မရှိဟု မည်သူကမှ သတင်း အချက် အလက် မပေးခဲ့သဖြင့် ကြိုတင် သိရှိခဲ့ခြင်း မရှိကြောင်း နေပြည်တော်တွင် ဒရုန်းလွှတ်သဖြင့် အဖမ်းခံထားရသည့် ပြင်သစ် နိုင်ငံသား ဖြစ်သူ Mr Arthur Desclaux က ပြောသည်။
ယနေ့ နေပြည်တော် ဥတ္တရသီရိ မြို့နယ် တရားရုံးတွင် ပြင်သစ် နိုင်ငံသား Mr Arthur Desclaux ကို ဒရုန်း တရား မဝင် ကိုင်ဆောင်မှုဖြင့် ပထမဆုံး အကြိမ် ရုံးထုတ် စစ်ဆေးစဉ် အထက်ပါ အတိုင်း ပြောဆိုခြင်း ဖြစ်သည်။
၎င်းက“ဒီဖြစ်စဉ် အတွက် အရမ်း စိတ်မကောင်း ဖြစ်မိပါတယ်။ ဘယ်သူကမှလည်း ဒရုန်း လွှတ်လို့ မရဘူးဆိုတဲ့ သတင်း အချက်အလက်ကို လာမပေးကြပါဘူး။ မြန်မာတွေမှာလည်း ဒရုန်းတွေ ရှိပါတယ်။ ထောင်ထဲမှာလည်း အခြား သူတွေနဲ့ အဆင်ပြေအောင် နေခဲ့ပါတယ်။ အရမ်းကို ပင်ပန်းတဲ့ ကာလတွေ ဖြစ်ခဲ့ပါတယ်”ဟု မြို့နယ် တရားသူကြီး ကို ပြောသည်။
ယင်း ပြင်သစ် နိုင်ငံသားသည် ထိုင်းနိုင်ငံမှ မြဝတီသို့ ဇန်နဝါရီလ ၃၀ ရက်က စက်ဘီးနှင့် ဝင်ရောက်ခဲ့ပြီး နေပြည် တော် သို့ ဖေဖော်ဝါရီလ ၇ ရက်တွင် ရောက်ရှိလာကြောင်း၊ နေပြည်တော်တွင် မည်သည့် နေရာတွင်မှ မတည်းခိုသေး ဘဲ ဒရုန်း လွှတ်တင်နေစဉ် အဖမ်းခံခဲ့ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ယနေ့ တရားရုံးသို့ ရောက်ရှိလာပြီး တရားခွင်သို့ တရားသူကြီး ဝင်ရောက်လာသည်နှင့် ပြင်သစ် နိုင်ငံသားက ယနေ့ “လွှတ်ပေးမှာလား” ဟု စတင် မေးမြန်းခဲ့ရာ မြို့နယ် တရားသူကြီး ဒေါ်စုမြတ် က ဒရုန်း တရားမဝင် ကိုင်ဆောင်သဖြင့် ပို့ကုန်၊ သွင်းကုန် ဥပဒေ ပုဒ်မ ၈ ဖြင့် အရေးယူထားသည်ကို စတင် စစ်ဆေးခြင်း ဖြစ်ကြောင်း၊ မေးခွန်းများ၊ သိလို သည် များကို အမှု စတင် စစ်ဆေးချိန်တွင် မေးမြန်းနိုင်ကြောင်း ပြန်လည် ဖြေကြားသည်။
ထို့ပြင် ယခု တရားစွဲတင်ထားသည့် ပုဒ်မသည် အမြင့်ဆုံး ပြစ်ဒဏ် ထောင်ဒဏ် ၃ နှစ် အထိ ပေးနိုင်သဖြင့် အာမခံပေး ၍ မရဘဲ အချုပ်နှင့်သာ ရင်ဆိုင်ရမည် ဖြစ်ကြောင်း၊ ရှေးဦးစွာ တရားလို ရဲအရာရှိနှင့် ၎င်းကို ဖမ်းခဲ့စဉ်က ရှိခဲ့သည့် တရား လိုပြ သက်သေများကို စစ်ဆေးရမည် ဖြစ်ကြောင်း မြို့နယ်တရားသူကြီးက တရားခွင်တွင် ဆက်လက် ပြောကြားသည်။
ပြင်သစ်နိုင်သား Mr Arthur Desclaux က“ကျနော်က ခရီးသွား တယောက်သာ ဖြစ်ပါတယ်။ ဒရုန်းမှာ လိုင်စင်တွေ ဘာတွေ ယူလာရမယ်လို့ ကျနော့်ကို ဘယ်သူကမှ မပြောခဲ့ပါဘူး”ဟု ပြောသည်။
ယခု အမှုအတွက် ရှေ့နေ ငှားမလားဟု တရားသူကြီးက စကားပြန်မှ တဆင့် မေးမြန်းရာ ရှေ့နေ ကုန်ကျစရိတ် မည် မျှ ရှိသနည်းဟု ပြင်သစ်နိုင်ငံသားက ပြန်လည် မေးခွန်းထုတ်သည်။
ရှေ့နေခ မတတ်နိုင်ပါက အစိုးရက ဖွဲ့စည်းပေးထားသည် ဥပဒေပြု အထောက်အကူ အဖွဲ့ထံတွင် အခမဲ့ ရှေ့နေ ခေါ် ယူနိုင်ကြောင်း တရားရုံးဘက်က ပြန်လည် ပြောဆိုသည်။
ယနေ့ ရုံးချိန်သို့ ရန်ကုန်မြို့ရှိ ပြင်သစ် သံရုံးမှ ကောင်စစ်ဝန်နှင့် စကားပြန် ဖြစ်သူတို့လည်း လာရောက်ခဲ့ပြီး စစ်ဆေး ခံနေရသည့် ပြင်သစ်နိုင်ငံသားနှင့် ၎င်းတို့က ယခု အမှုကို အမြန်ဆုံး စီရင်ချက်ချပေးရန်လည်း တောင်းဆိုကြသည်။
နိုင်ငံခြားသား တဦး အနေနှင့်လည်း လက်ရှိ အကျဉ်းထောင်ထဲ၌ အဆင်မပြေကြောင်း ပြောဆိုသည်။
မြို့နယ် တရားသူကြီး ဖြစ်သူ ဒေါ်စုမြတ်က“စစ်လို့ရတဲ့ သက်သေမှန်သမျှကို အကုန် ခေါ်စစ်ပေးပါ့မယ်။ အမြန်ဆုံး အမိန့် ချလို့ရအောင် ဆောင်ရွက်ပေးပါ့မယ်။ တရားလိုက ဒီနေ့ စစ်ချင်သလား၊ စစ်ဖို့ ဆန္ဒရှိရင် စစ်မယ်။ ရှေ့နေ ငှားချင်ရင် နောက်ရုံးချိန်းမှ စစ်မယ်”ဟု ပြောသည်။
ယနေ့ စစ်ဆေးမည် ဆိုပါက တရားလို ရဲမှူး တဦးကိုသာ စစ်ဆေးနိုင်မည် ဖြစ်သလို တရားခံဘက်မှ ရှေ့နေ မရှိသေး သဖြင့် မေးခွန်းများ မထုတ်နိုင်ဘဲ အခွင့်အရေး ဆုံးရှုံးနိုင်ကြောင်းလည်း တရားသူကြီးက ရှင်းပြသည်။
ထို့ပြင် နောက်ရုံးချိန်းကို မတ်လ ၆ ရက် သတ်မှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဖေဖော်ဝါရီ ၂၇ ရက်သို့ ရှေ့တိုး ပေးခဲ့သည်။ ထို့ကြောင့် နောက်ရုံးချိန်းတွင် အမှုကို စတင် စစ်ဆေးရန် ၂ ဖက် စလုံးက သဘောတူခဲ့ကြသည်။
အသက် ၂၇ နှစ် အရွယ် ပြင်သစ် နိုင်ငံသား ဖြစ်သူ Mr Arthur Desclaux သည် ရာဘာ ခြေညှပ် ဖိနပ်စီးထားပြီး အသားဖြူဖြူ၊ ဆံပင် ရွှေရောင်၊ မျက်လုံး ခဲရောင်၊ အကျီၤ အပြာရောင်၊ ဘောင်းဘီ အနက်ရောင်ဖြင့် လက်ထိပ်ခတ် ခံထားရ သည်ကို ယနေ့ တရားရုံးတွင် မြင်တွေ့ခဲ့ရသည်။
ပြင်သစ် သံရုံးက ယနေ့ ရုံးချိန်းသို့ ပြင်သစ် နိုင်ငံသားများကို အကူအညီပေးသည့် အနေဖြင့် လာရောက်ခဲ့ခြင်း ဖြစ်ပြီး ယမန်နေ့ကလည်း နေပြည်တော် အကျဉ်းထောင်သို့ သွားရောက် တွေ့ဆုံခွင့်ရခဲ့ကြောင်း၊ အကျဉ်းထောင် အာဏာပိုင် များက ကောင်းကောင်း မွန်မွန်ဆက်ဆံကြသော်လည်း ယနေ့ ရုံးချိန်း အပြီးတွင် ထောင်ထဲသို့ ပြန်သွားရသဖြင့် စိတ် မကောင်း ဖြစ်မိကြောင်း ကောင်စစ်ဝန် Mr Frederic INZA က ပြောသည်။
“နောက်တပတ် ရုံးချိန်း ၂၇ ရက်မှာတော့ သူ့ရဲ့ ကိစ္စပြီးမြောက်ပြီးတော့ သူ လွတ်မြောက်မယ်လို့ မျှော်လင့်ပါတယ်။ ရှေ့နေငှားဖို့ အတွက် လိုအပ်တဲ့ အဆက်အသွယ်တွေ၊ ဖုန်းနံပါတ်တွေ အကုန်လုံး ယူလာတယ်။ ရှေ့နေ ငှား၊ မငှား ဆို တာ ကာယကံရှင်ရဲ့ ဆုံးဖြတ်ချက် အတိုင်းပဲ လုပ်ပေးရမှာပေါ့။ သူ့မိသားစုနဲ့ သူစပြီး အဖမ်းခံရတဲ့နေ့ကစပြီး နေ့တိုင်း အဆက်အသွယ် ရှိပါတယ်။ ဒီမှာ သိရသမျှ အကုန်လုံးကို သူ့မိသားစုကို သတင်းပေး ထားပါတယ်”ဟု ကောင်စစ်ဝန်က သတင်းထောက်များကို ပြောသည်။
အဖမ်းခံထားရသည့် ပြင်သစ် နိုင်ငံသားသည် မြန်မာပြည်ကို အလည်လာသည့် ခရီးသွား တဦးသာ ဖြစ်ကြောင်း၊ နေပြည်တော်တွင် သတိမထားမိဘဲ ဒရုန်းသုံးခဲ့သည့်အတွက် ယခုလို ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း၊ တရားသူကြီး ကလည်း ၎င်း၏ အမှတ်မထင် လုပ်ရပ်ကို ယုံကြည်ပြီး ပြန်လွှတ်ပေးလိမ့်မည်ဟု မျှော်လင့်ကြောင့် ပြင်သစ် ကောင် စစ်ဝန်က ပြောဆိုသည်။
တရားလို ရဲမှူး မင်းတင် ကမူ အဖမ်းခံရသည့် ပြင်သစ် နိုင်ငံသားကို ရဲလုပ်ငန်းများ အရ စစ်ဆေးမှု ပြီးသဖြင့် ယနေ့ တွင် တရားရုံးသို့ တင်ပို့လိုက်ခြင်း ဖြစ်ကြောင်း ၎င်းကို ပို့ကုန်သွင်းကုန် ပုဒ်မ ၈ တခုတည်းဖြင့်သာ ရဲတပ်ဖွဲ့က စွဲတင် ထားကြောင်း ဆိုသည်။
ရဲမှူး မင်းတင်က“တရားလိုပြ သက်သေ ၁၀ ယောက်တော့ ရှိတယ်။ ဥပဒေ အရ လိုအပ်ရင် ၅ ယောက်နဲ့လည်း ပြီး သွားရင် ပြီးသွားမှာပေါ့။ ၉ ယောက်လုံး ပြီးရင်လည်း ပြီးသွားမှာပေါ့”ဟု သတင်းထောက်များကို ပြောသည်။
ပြင်သစ် နိုင်ငံသား စွဲတင်ခံထားရသည့် ပို့ကုန်/သွင်းကုန် ပုဒ်မ ၈ ဆိုသည်မှာ မည်သူမဆို ကန့်သတ် တားမြစ် ပိတ်ပင် ထားသည့် ပစ္စည်းများကို တင်ပို့ခြင်း၊ တင်သွင်းခြင်း၊ ခွင့်ပြုချက် ရယူရန် သတ်မှတ်ထားသည့် ပစ္စည်းများကို ခွင့်ပြုချက် မယူဘဲ တင်သွင်းခြင်း၊ တင်ပို့ခြင်း တို့ကို ကျူးလွန်ပါက ငွေဒဏ်၊ ထောင်ဒဏ်များ ချမှတ်နိုင်သည်။
ယင်းပြင်သစ် နိုင်ငံသား အဖမ်းခံရသည့် ကိစ္စကို မိသားစုသို့ အကြောင်းကြားပေးရန် ပြောဆိုခဲ့သလို ၎င်းတွင် မောင်နှ မ ၃ ဦးသာ ရှိရာ အကြီးဆုံး ဖြစ်ကြောင်း၊ ၁ နှစ်လျှင် ၆ လခန့် အလုပ်လုပ်ပြီး ကျန် ၆ လကို ခရီးထွက်သူ တဦး ဖြစ် ကြောင်း၊ အင်္ဂလိပ် ဘာသာ စကားကို ကောင်းမွန်စွာ ပြောဆိုနိုင်ပြီး မြန်မာနိုင်ငံတွင် ပျော်ကြောင်းလည်း ပြောဆိုခဲ့ သည် ဟု ရဲအသိုင်းအဝိုင်း က ပြောသည်။