ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ သံတောင်နယ်မြေရဲစခန်းကို လက်နက်ချရန် ရက္ခိုင့်တပ်မတော် (AA) က ပြောဆိုပြီး ရဲတပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တွဲဘက် အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီကို ပြောသည်။
သံတောင်နယ်မြေရဲစခန်းအနီးတွင်လည်း ယနေ့ မနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားထားသည်။
ပစ်ခတ်မှုများ မဖြစ်ပွားမီ မနက် ၄ နာရီဝန်းကျင်တွင် သံတောင်ကျေးရွာမှ ရွာသားများ ရဲစခန်းသို့ ရောက်လာပြီး လက်နက်များ တွေ့သဖြင့် လိုက်ကြည့်ရန် လာခေါ်ခြင်းကြောင့် စခန်းမှူး ဒုရဲအုပ် ဆလိုင်းဘီးဗာ၊ ရဲတပ်ကြပ်တဦးနှင့် တပ်သား တဦးတို့ လိုက်သွားခဲ့သည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
သံတောင်ကျေးရွာ၊ ဘောလုံးကွင်းနား အရောက်တွင် AA တပ်ဖွဲ့ဝင်များက စခန်းမှူးကို ဖမ်းဆီးလိုက်ပြီး ရဲတပ်ကြပ်နှင့် တပ်သားကို စခန်းကို ပြန်သွားရန် လွှတ်ပေးလိုက်သည်ဟု သိရသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ” ပြန်လွှတ်ပေးလိုက်တဲ့ အကြောင်း ကလည်း စခန်းကိုသွား၊ ရဲစခန်းကို လက်နက်ချခိုင်းတာ။ ရဲတပ်ကြပ်ကြီးက လက်နက် မချဘူး။ လက်နက်မချတဲ့ အတွက်ကြောင့် ၄ နာရီ ၄၀ လောက်မှာ ရဲစခန်းကို လက်နက်ကြီးတွေနဲ့ စပစ်တယ်။ ၅ နာရီလောက်မှာ ခဏ ရပ်သွားတယ်။ ၈ နာရီ ၁၅ လောက်မှာ လက်နက်ငယ်တွေနဲ့ ထပ်ပစ် တယ်” ဟု ဆိုသည်။
မနက် ၈ နာရီခွဲတွင် ပစ်ခတ်မှုများ ငြိမ်သွားပြီး ရဲစခန်းမှာလည်း ကျဆုံးခြင်း မရှိသလို ရဲတပ်ဖွဲ့ဝင်များလည်း ထိခိုက်ဒဏ်ရာရခြင်း၊ လက်နက်ဆုံးရှုံးခြင်းများလည်း မရှိပါဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
“စခန်းမှူးနဲ့ ဖမ်းသွားတဲ့ နောက်တယောက်ကတော့ ကျနော်တို့လည်း အခြေအနေ အခုထိ မသိရသေးဘူး။ နယ်မြေရှင်းလင်းတာက ကျနော်တို့ ဆက်လုပ်နေတယ်။ နောက်က လိုက်သွားတာလည်း လိုက်နေတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောသည်။
ယနေ့မနက်ပိုင်းတွင် သံတောင်နယ်မြေရဲစခန်း၏ စခန်းမှူး အပြင် သံတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးချားဟော်ကိုလည်း AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်။
ဧရာဝတီမှ ဆက်သွယ်မေးမြန်းထားသည့် သံတောင်ကျေးရွာသား အချို့မှာ မနက်အစောပိုင်းတွင် AA က လက်နက်များ တောင်းရာ မပေးသဖြင့် စခန်းမှူးနှင့် အုပ်ချုပ်ရေးမှူးတို့ကို ဖမ်းခေါ်သွားခြင်း ဖြစ်ပြီး မနက် ၈ နာရီဝန်းကျင်တွင်သာ ပစ်ခတ်သံများ ကြားရသော်လည်း ရဲစခန်းကို ဝင်ရောက်ပစ်ခတ်ခြင်း မရှိပါဟု ပြောဆိုကြသည်။
ဧရာဝတီမှ သံတောင်နယ်မြေ ရဲစခန်းသို့ မေးမြန်းရန် ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း မရသဖြင့် သီးခြားမှတ်ချက်ရယူနိုင်ခြင်း မရှိပါ။
ဧရာဝတီမှ AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခကို မေးမြန်းရာ ၎င်းက နယ်မြေခံတပ်မှူး များနှင့် အဆက်အသွယ် မရသေးသဖြင့် သံတောင်ကျေးရွာအတွင်း ဖြစ်ပွားသည့် အခြေအနေများကို အတည်မပြု ပေးနိုင်သော်လည်း စခန်းမှူးနှင့် အုပ်ချုပ်ရေးမှူးတို့ကို မိမိတို့ တပ်ဖွဲ့ဝင်များ ဖမ်းဆီးသွားသည်မှာ ဖြစ်နိုင် ချေရှိသည်ဟု ပြောသည်။
AA ၏ နယ်မြေခံတပ်မှူးများက AA တပ်ဖွဲ့ဝင်များအကြောင်းကို တပ်မတော်ဘက်သို့ သတင်းပေးနေသည့် သူများ၊ ရွာသူရွာသားများနှင့် AA အဆက်အသွယ်ရှိသည်ကို နှောင့်ယှက်နေသူများကို အရေးယူခြင်းများ ပြုလုပ် လျက် ရှိပါသည်ဟု ဦးခိုင်သုခက ဆိုသည်။
ဦးခိုင်သုခက “ကျနော်တို့ရဲ့လုပ်ငန်းစဉ်တွေကို အနှောင့်အယှက်ပေးနေတဲ့ အစိုးရ အုပ်ချုပ်ရေးမှူးတွေကို ကျနော်တို့ရဲ့ နယ်မြေခံ တပ်မှူးတွေက လိုအပ်သလို ကိုင်တွယ်တာက ရှိနိုင်ပါတယ်”ဟုလည်း ပြောသည်။
တပ်မတော်နှင့် AA သည် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်တွင်းရှိ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင် မြို့နယ်တို့တွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်မှ စ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်နှင့် အမ်းမြို့နယ်အတွင်းထိ တိုက်ပွဲဧရိယာများ ကျယ်ပြန့်လာသည်။
နိုဝင်ဘာလ ၃၀ ရက်မှ ယနေ့ထိ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်တွင်း စစ်ဘေးရှောင် ဒုက္ခသည် ၅၀၀၀ ကျော် ရှိလာပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင်လည်း စစ်ဘေးရှောင်ဒုက္ခသည် ၂၅၀ ကျော် သောင်တင်နေသည်။
တိုက်ပွဲကာလတွင်း ဇန်နဝါရီလ ၂၆ ရက်တွင် ရသေ့တောင်မြိုကနယ်၊ သမီးလှရွာသစ် ကျေးရွာတွင် အသက် ၇ နှစ်အရွယ် မောင်နိုင်စိုး လက်နက်ကြီးကျည်ထိကာ သေဆုံးခဲ့ပြီး ဖေဖော်ယါရီလ ၂၀ ရက်တွင် ရသေ့တောင် မြို့နယ်၊ မင်းဖူးကျေးရွာတွင် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတဦး ကျည်ထိ သေဆုံးခဲ့သည်။
AA ဘက်မှ ၅ ဦးထက် မနည်းသည့် စခန်းမှူးနှင့် အုပ်ချုပ်ရေးမှူးများကို ခြိမ်းခြောက်သတိပေးစာများ ပေးပို့ခဲ့သည်။
တပ်မတော်နှင့် AA တို့၏ ပဋိပက္ခများကြောင့် ဇန်နဝါရီလ ၁၅ ရက်တွင် ရသေ့တောင်မြို့နယ်တွင်း ကျေးရွာအုပ်ချုပ်ရေးမှူး ၃၀ ခန့် ရာထူးမှ နှုတ်ထွက်သွားကြပြီး ဖေဖော်ဝါရီလ ၁၂ ရက်တွင် မင်းပြားမြို့နယ်၊ သာယာကုန်းကျေးရွာ ရာအိမ်မှူး ဦးမောင်ကျော် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။
တပ်မတော်ဘက်ကလည်း ပလက်ဝမြို့နယ်မှ ကျောက်တော်မြို့သို့ ခေတ္တတိမ်းရှောင်လာသည့် ရခိုင်အမျိုးသား ၂၄ ဦးကို ဇန်နဝါရီလ နောက်ဆုံးပတ်က ဖမ်းဆီးခဲ့ပြီး ထိုထဲမှ ၁၃ ဦးကို AA ဖြင့် ဆက်သွယ်မှု၊ မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေဖြင့် လက်ရှိတွင် အမှုဖွင့်ထားသည်။
AA သည် ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့ကလည်း ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြားစောင့် ရဲစခန်း ၄ ခုကို မနက် ၆ နာရီခွဲခန့်တွင် တပြိုင်တည်း ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ပြီး လက်နက်ချရန် တောင်းဆိုခဲ့သည်။
ရဲစခန်း ၄ ခု အနက် ကျောင်းတောင်နှင့် ငမြင်းဘော် စခန်းတို့ကို AA က ၂ နာရီခန့် ဝင်ရောက်သိမ်းပိုက်ပြီး လက်နက် ငယ်မျိုးစုံ ၄၀ ၊ ကျည် ၁၆၀၀၀ ကျော်၊ လက်နက်ကိုင်စကားပြောစက် ၁ လုံး တို့ကို သိမ်းယူ သွားသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ဝန်ထမ်း ၁ဦး၊ အမျိုးသမီး ၄ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦးတို့ကို လည်း ဖမ်းဆီးသွားခဲ့ပြီး AA က ပြန်လွှတ်ပေးခဲ့သည်။
တိုက်ခိုက်မှုတွင် ရဲ ၁၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ နယ်ခြားစောင့်တပ်ရဲစခန်း ၄ ခုကို တိုက်ခိုက်မှုကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက AA ကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ အပါအဝင် လက်နက်ဥပဒေများဖြင့် အမှုဖွင့်ထားပြီး နိုင်ငံတော်သမ္မတရုံးက AA သောင်းကျန်းသူစစ်ဆင်ရေး ဆင်နွဲရန်အတွက် တပ်အင်အား၊ လေကြောင်းအင်အားများ အသုံးပြု တိုက်ခိုက်ရန် တပ်မတော်နှင့ ်သဘောတူထားသည်။