မန္တလေးခရိုင်၊ အမရပူရမြို့နယ်၊ တောင်သမာန်ကျေးရွာအုပ်စု၊ ထန်းတောရွာ၊ ရတနာပုံတက္ကသိုလ် ကျောင်းအနီး၌ ဖခင်ဖြစ်သူက ၄ နှစ်အရွယ် အမွှာသား ၂ ယောက်အား လည်ပင်းညစ်သတ်မှု ယနေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း အမရပူရမြို့မ ရဲစခန်းမှ သိရသည်။
အမရပူရမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦး က “ကလေး ၂ ယောက်ကို ဖခင်အရင်းက အရက်ကြောင် ကြောင်ပြီး သတ်လိုက်မိတာ။ တရားခံကိုမိထားပါပြီ။ အမှုလည်း ဖွင့်ထားပြီးပါပြီ”ဟု ပြောသည်။
ကျုးလွန်သူမှာ အသက် ၃၆ နှစ်အရွယ် သိန်းဦး (ခ) သိန်းဝင်းဖြစ်ပြီး အရက်ဖြတ်နေသူတဦးဟု သိရသည်။
ဖြစ်စဉ်မှာ သိန်းဦး (ခ) သိန်းဝင်းသည် နေအိမ်၌မိသားစုနှင့် အတူရှိနေစဉ် အရက်ကြောင်ကြောင်၍ အော်ဟစ်နေသဖြင့် ဇနီးဖြစ်သူ က အော်ဟစ်ခြင်း မပြုရန်တားမြစ်ရာမှ စကားများခဲ့ကြောင်း သိရသည်။
ထို့နောက် မခိုင်လဲ့ဖြိုးသည် ခင်ပွန်းဖြစ်သူက ရန်ပြုမည်ကို စိုးရိမ်သဖြင့် အသက် ၆ နှစ်အရွယ် သမီးဖြစ်သူအားခေါ်၍ နေအိမ်အပြင်သို့ ထွက်ခွာခဲ့ရာ နေအိမ်၌ အသက် ၄ နှစ်အရွယ် မောင်ဇာနည်ထွန်းနှင့် မောင်ဇေယျာထွန်း အမွှာသား ၂ ယောက်မှာ ဖခင်နှင့်အတူ ကျန်ရစ်ခဲ့သည်။
သိန်းဦး (ခ) သိန်းဝင်းသည် မွန်းလွဲ ၁ နာရီခန့်က အိမ်တွင် ကျန်ရစ်ခဲ့သည့် အမွှာညီအစ်ကိုသား၂ ယောက်အား ချီပိုး၍ ရတနာပုံ တက္ကသိုလ် တောင်ဘက်လမ်း မြေကွက်လပ်သို့ ခေါ်ဆောင်သွားပြီး ပါးစပ်ပိတ်ကာ လည်ပင်း ညစ်သတ်ခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။
ကျုးလွန်သူ သိန်းဦး (ခ) သိန်းဝင်းကို ဇနီးဖြစ်သူ မခိုင်လဲ့ဖြိုး(ခ)မဖြိုးဝေ က အရေးယူပေးရန် တရားလိုပြုလုပ်၍ တိုင်တန်းခဲ့ခြင်း ဖြစ်သည်။
ယခုအခါ သိန်းဦး(ခ)သိန်းဝင်းအား အမရပူရမြို့မရဲစခန်းက (ပ)၈၉/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂ လူသတ်မှုဖြင့် ဖမ်းဆီး အမှုဖွင့်၍ အရေးယူထားကြောင်း သိရသည်။