ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မင်းဖူးရွာ၌ ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အသက် ၁၈ နှစ် အရွယ် မိန်းကလေး ၁ ဦး ဦးခေါင်း တွင် ကျည်ဆန် ထိမှန်၍ သေဆုံးခဲ့ရသဖြင့် ကျူးလွန်သူကို အရေးယူပေးရန် မိသားစုဝင်များက တောင်းဆိုကြောင်း သတင်း ရရှိသည်။
မင်းဖူးရွာ အနီးတွင် ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို ပစ်ခတ်မှုကြောင့် အသက် ၁၈ နှစ်ရှိ မရီရီစိုး ဦးခေါင်းတွင် ကျည်ဆန် ထိမှန်သေဆုံးခဲ့သည့် အပြင် အသက် ၄ နှစ် ကလေး ၁ ဦးနှင့် အမျိုးသမီး ၁ ဦးလည်း ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကာ စစ်တွေမြို့ ပြည်သူ့ ဆေးရုံ၌ အတွင်းလူနာ အဖြစ် ကုသမှု ခံနေရကြောင်း မိသားစု ဝင်များက ပြောသည်။
သေဆုံးသွားသူ မရီရီစိုး၏ ဖခင်ဖြစ်သူ ဦးမောင်ထွန်းလှက“ကျနော့် သမီးကို တပ်က ပစ်သွားတာပါ။ ကျနော် မကျေနပ် နိုင် ဘူး။ ကျနော့် သမီးကို ပစ်သွားတဲ့ လူတွေကို အရေးယူပေး စေချင်ပါတယ်”ဟု ပြောပြသည်။
မြန်မာ့ တပ်မတော် တပ်မ ၂၂ နှင့် တပ်မ ၃၃ ပူးပေါင်း စစ်ကြောင်းသည် ဖေဖော်ဝါရီ၂၀ ရက် နံနက်ပိုင်းက ရသေ့တောင် မြို့နယ် အတွင်း တည်ရှိသော နော်ဝေ ကျေးရွာတွင် အိမ်ထောင်စု စာရင်းများကို စစ်ဆေးပြီး အနီးရှိ မင်းဖူးရွာသို့ လာ ရောက်စဉ် ရွာအဝင် တံတား အနီး မိုင်း၂ လုံးပေါက်ကွဲမှု ဖြစ်စဉ် ဖြစ်ပြီးနောက် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း လည်း ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပြောဆိုကြသည်။
ရသေ့တောင် မင်းဖူးရွာ ဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော် သတင်း ထုတ်ပြန်ရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်လင်းထွန်းက ရွာထိပ်တွင် မိုင်းခွဲ တိုက်ခိုက်ခံရပြီး ရက္ခိုင့် တပ်မတော် (AA) တပ်ဖွဲ့ဝင်များ ကျေးရွာ အတွင်းသို့ ဝင်ပြေးသွားသည့် အ တွက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
ဗိုလ်မှူးချုပ် ဇော်လင်းထွန်းက“ရွာအဝင်ဝ တံတားမှာ တပ်ကို မိုင်းဆွဲ တိုက်ခိုက်တယ်။ AA မိုင်းဆွဲပြီးတော့ ရွာထဲကို ဝင် ပြေး တယ်။ ရွာထဲကနေ ပြန်ပစ်တယ်။
ပြန်ပစ်တော့ တပ်ကလည်း ပစ်တယ်။ ကျနော် သုံးသပ်တာကတော့ အမျိုးသမီး တ ယောက် ဆုံးတာကတော့ AA အဖွဲ့က အနီးဆုံးမှာ ရှိတာဆိုတော့ AA အဖွဲ့က ပစ်လို့ သေတာလို့ပဲ သုံးသပ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ကျေးရွာ အတွင်း အပြန်အလှန် ပစ်ခတ်သည့် ဖြစ်စဉ် အပေါ်ကိုမူ ကျေးရွာသားများက လက်မခံပေ။ ရွာအနီး မိုင်းပေါက် ကွဲသည့် ဖြစ်စဉ်ကြောင့် တပ်မတော်သားများက ရွာထဲဝင်ပြီး ပစ်ခတ်ခဲ့ခြင်းသာ ဖြစ်ပြီး သေဆုံးသွားသည့် မိန်းကလေးမှာ လည်း တပ်မတော်သားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားခြင်း ဖြစ်ကြောင်း မင်းဖူး ရွာသားများက ပြောဆိုကြသည်။
သေဆုံးသူ၏ မိခင် ဖြစ်သူ ဒေါ်ဝေနုဖြူက“စစ်သားတွေ လာတာနဲ့ အိမ်တွေကို ဟိုဘက် ဒီဘက်ဝင် နေရာယူပြီး ပစ်တော့ တာပဲ။ ပစ်တော့ ကျမက ဟိုဘက် အိမ်ကို ဝင်ပြေးပြီး ဝပ်နေပါတယ်။ သမီးလေးက (မရီရီစိုး) ကြောက်ပြီး အိမ်ပေါ် တက် ပြေး ပါတယ်။ အဲဒီအချိန် အိမ်ကို ဝိုင်းပစ်ပါတယ်။ ခဏနေတော့ အောက်ကို သွေးတွေ ကျတာကို ကျမ မြင်ပါတယ်။ ကျမ ဘယ်လို ထင်လဲဆိုတော့ သမီးကြောက်ပြီး သေးကျနေထင်တာ။ ခဏနေ အိမ်ပေါ် တက်ကြည့်လိုက်တော့မှ ခေါင်းမှာ ကျည် ဆန်မှန်ပြီး သေနေတာကို တွေ့လိုက်ရတာပါ”ဟု ဧရာဝတီသို့ ပြောသည်။
သေဆုံးသွားသည့် မရီရီစိုး၏ ရုပ်အလောင်းကို ဖေဖော်ဝါရီလ ၂၂ ရက် မွန်းလွဲပိုင်းတွင် ရွာသုသာန်၌ သဂြိုဟ်ခဲ့ပြီး ပတ်ဝန်းကျင် ကျေးရွာသားများနှင့် လွှတ်တော် အမတ်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
မင်းဖူး ကျေးရွာ ပစ်ခတ်မှု ဖြစ်စဉ်အတွင်း ကျေးရွာသား နှစ်ဦး ဖြစ်သည့် ကိုသန်းဖေနှင့် ကိုဝေစိုးထွန်းတို့ကို တပ်မတော် စစ်ကြောင်းက ဖမ်းဆီးသွားသည့်အတွက် လက်ရှိ အချိန်အထိ ပြန်လည် ရောက်ရှိမလာသေးကြောင်းလည်း သိရသည်။
ဖမ်းဆီးခံ ကိုသန်းဖေ၏ ဇနီး ဒေါ်သန်းခင်က“ကျမ ယောကျ်ားကို ဖမ်းခေါ်သွားကတည်း ပြန်ရောက်မလာသေးဘူး။ ဘာကြောင့် ဖမ်းတယ် ဆိုတာလည်း မသိရဘူး။ ကျမတို့ စုံစမ်းကြည့်တော့ စေတီပြင် စခန်းမှာ ချုပ်ထားတယ် လို့တော့ သိရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော်သားများ ပစ်ခတ်သွားသော ကျည်ဆန်ခွံများ ရွာထဲတွင် ကျန်ခဲ့သလို ရွာ၏ အနောက်ဘက်တွင် လက်နက်ကြီး ကျည်ဆန် ၁ လုံးနှင့် ရွာ၏ မြောက်ဘက်တွင်လည်း လက်နက်ကြီး ကျန်ဆည် ၁ လုံး မပေါက်ကွဲဘဲ ကျန်နေသေးသည့် လက်နက်ကြီး ကျည်ဆန်များကို သက်ဆိုင်ရာက လာရောက်ယူ စေချင်ကြောင်း ကျေးရွာသား များက ပြောဆိုကြသည်။