သတင်း

တန်ဖိုးနည်းအိမ်ရာ မြေတန်ဖိုး သုည ရာခိုင်နှုန်း အထိ လျှော့ချမည်ဟု ဦးဖြိုးမင်းသိန်း ပြော

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်း ဒေသကြီး အတွင်း တန်ဖိုးနည်း အိမ်ရာများ တည်ဆောက်မည် ဆိုလျှင် ပြည်တွင်း ထုတ်လုပ်မှုနှင့် အိမ်ရာ တန်ဖိုးများ ဈေးကျလာစေရန် အတွက် မြေတန်ဖိုးကို သုည ရာခိုင်နှုန်း အထိ လျှော့ချသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။

ယင်းကို ဖေဖော်ဝါရီလ ၂၂ ရက်က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး (UMFCCI) တွင် ပြုလုပ်သည့် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ဒု သမ္မတ ၁ နှင့် စီးပွားရေး လုပ် ငန်းရှင်များ ပုံမှန် တွေ့ဆုံ ဆွေးနွေးပွဲ၂၄ ကြိမ်မြောက် အခမ်းအနား၌ ၎င်းက ပြောကြားခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “သံ အပါအဝင် အိမ်ဆောက် ပစ္စည်းတွေရဲ့ တန်ဖိုး ပမာဏကို ပိုပြီး ဈေးနူန်း သက်သာ အောင်၊ ပြည်တွင်း ထုတ်လုပ်နိုင်မှုကို ဈေးနှုန်း သက်သာအောင် ကျနော်တို့ လုပ်ရပါမယ်။ ဒါမှသာလျှင် အိမ်ရာကဏ္ဍ မှာ အိမ်ရဲ့တန်ဖိုးတွေက ဈေးကျလာမှာ ဖြစ်ပါတယ်။ မြေရဲ့တန်ဖိုးကိုလည်း ကျနော်တို့ တန်ဖိုးနည်း အိမ်ရာတွေ ဆောက်မယ် ဆိုရင် သုညရာခိုင်နှုန်း အထိ ချဖို့ ရှိပါတယ်”ဟု ပြောသည်။

အိမ်ရာ နေထိုင်စရာ မရှိသော သူများ အတွက် အိမ်ဆောက်မည့် တန်ဖိုး ကုန်ကျစရိတ်များကို သက်သာအောင် လုပ် ဆောင်ပေးမှ သာလျှင် ရန်ကုန်မြို့တွင် နေရေး၊ ထိုင်ရေး အခက်အခဲ ရှိနေသော သူများအတွက် အဆင်ပြေမည် ဖြစ် ကြောင်းလည်း ၎င်းက ဆိုသည်။

ဆက်လက်၍ ဝန်ကြီးချုပ်က“ရန်ကုန်မြို့က နှစ်စဉ် နေထိုင်စရာ တသိန်းလောက် လိုအပ်ပါတယ်။ ဘာကြောင့်လဲ ဆို တော့ ဖွံ့ဖြိုး တိုးတက်လာတာနဲ့ အမျှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာနိုင်တာ ဖြစ်တဲ့ အတွက်ကြောင့်မို့ လူ တော်တော်များများ ဝင်ရောက်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် အိမ်ရာ တည်ဆောက် စရိတ် သက်သာဖို့ အတွက် ကျနော်တို့ ပြည်တွင်း လုပ်ငန်းရှင်တွေ ပြည်တွင်း ထုတ်လုပ်မှု ကဏ္ဍကို မြှင့်တင်ဖို့ ဆောင်ရွက်ပေးနိုင်ဖို့ လုပ်ရမှာ ဖြစ်ပါတယ်”ဟု ပြောဆိုသည်။

လက်ရှိ၌ ရန်ကုန်တိုင်း ဒေသကြီး အစိုးရနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဌာန၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနတို့ ပူး ပေါင်း၍ မြောက်ဥက္ကလာ မြို့နယ်ရှိ ရွှေပေါက်ကံ အိမ်ရာ၊ လှိုင်သာယာ မြို့နယ်ရှိ ရွှေလင်ဗန်း အိမ်ရာ၊ ဒဂုံ ဆိပ်ကမ်း မြို့ နယ် အတွင်းရှိ ကနောင် အိမ်ရာနှင့် ယုဇန တန်ဖိုးနည်း အိမ်ရာများ စီမံကိန်းများကို လုပ်ဆောင်လျက် ရှိသည်။

အဆိုပါ စီမံကိန်းများ အပြင် နိုင်ငံ့ ဝန်ထမ်းများအတွက် အိမ်ရာများကိုလည်း လုပ်ဆောင်ပေးရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်း အိမ်ခြံမြေ လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်က“မြေတန်ဖိုးကို ဒီလို ချပေးမယ် ဆိုရင်တော့ ဝမ်းသာစရာ ကောင်းပါတယ်။ ကျနော်တို့ တိုင်းပြည်မှာက အိမ်ပိုင်တဲ့သူတွေက ရာခိုင်နှုန်း နည်းတယ်။ အဲဒီတော့ အခု လို လုပ်ပေးမယ် ဆိုရင် ဆောက်ရတဲ့ သူတွေကလည်း တည်ဆောက် စရိတ်ပဲ ရှိမယ်ဆိုတော့ အခြေခံ လူတန်းစား တွေ ပါ အိမ်ပိုင်ဆိုင်မှု ရသွားမှာပေါ့။ မြေဈေးနဲ့ ပတ်သက်ပြီး ကျနော်တို့လည်း တင်ပြခဲ့တာတွေ ရှိပါတယ်”ဟု ဧရာဝတီ သို့ ပြောသည်။

တိုင်းအစိုးရ၏ ထုတ်ပြန်ချက် အရ တန်ဖိုးနည်း အိမ်ရာ လျှောက်ထားသူများ အနေနှင့် ကျပ် ၃ သိန်းမှ ကျပ် ၅သိန်း အထိ လစဉ် ဝင်ငွေ ရှိရမည် ဖြစ်ပြီး ကနဦး ပေးသွင်းငွေမှာ ကုမ္ပဏီ ဝန်ထမ်းများ အတွက် တိုက်ခန်း၏ ၂၅ ရာခိုင်နှုန်း၊ အစိုးရ ဝန်ထမ်းများ အတွက် ၁၅ ရာခိုင်နှုန်း ပေးသွင်းရမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီး ဌာနက သတ်မှတ် ထားသည်။

ဒဂုံ ဆိပ်ကမ်းမြို့နယ်အတွင်းရှိ တန်ဖိုးနည်း အိမ်ရာ အတွင်းနေထိုင်သူ ဒေါ်ခင်နုက“အရင်ကဆို အိမ်ငှားခကို လစဉ် ပေးနေရတာ။ အခုလို အရစ်ကျပေး စနစ်ကြောင့် အိမ်ပိုင်ရတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် တန်ဖိုးနည်း အိမ်ရာ ဆိုပေမယ့်လည်း မူရင်း ရာခိုင်နှုန်းနဲ့ အတိုးနဲ့ ပေါင်းလိုက်ရင်တော့ တန်ဖိုးက များနေသေးတော့ တန်ဖိုးနည်း ဆိုရင် လည်း တန်ဖိုးနည်းအတိုင်း ဈေးကို သက်သာအောင် ချထားပေးရင်တော့ အများပြည်သူ ပိုပြီး လက်လှမ်း မီနိုင်ပါလိမ့် မယ်”ဟု ပြောသည်။

ထို့ပြင် ၎င်းက ဆက်လက်၍ နိုင်ငံတော်က ဆောက်လုပ်ပေးသည့် တန်ဖိုးနည်း အိမ်ရာ ဖြစ်သော်လည်း ရေမြောင်းများ၊ လမ်းမီးများ အစရှိသည်တို့ကို စနစ်တကျ ဖြစ်စေရန် လုပ်ဆောင်ပေးသင့်ကြောင်းလည်း ပြောဆိုသည်။

လက်ရှိ ရောင်းချနေသည့် တန်ဖိုးနည်းအိမ်ရာ၏ မူရင်း တန်ဖိုးမှာ ငွေကျပ် သိန်း ၉၀ ကျော်မှ သိန်း ၁၃၀ ကျော် အထိ အခန်း အကျယ်အဝန်း အလိုက် ဈေးနှုန်း သတ်မှတ်ထားကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနက သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading