အင်းဝမြို့တည်နန်းတည် သတိုးမင်းဖျား၏ ပုံစံတူ ကြေးရုပ်တုကိုမန္တလေးတိုင်းဒေသကြီး တံတားဦး မြို့နယ် ဥတည် ကျေးရွာအုပ်စု အတွင်းရှိ အင်းဝမြို့ဟောင်တွင် ထားရှိသွားမည်ဟု သိရသည်။
ကြေးရုပ်တုကို အင်းဝမြို့ဟောင်း အင်းဝမြို့တွင်း သွားရာလမ်း နှင့် မယ်နုအုတ်ကျောင်းသို့ သွားရာ လမ်း အလယ်တွင် အဝိုင်းပတ်ခုံဖြင့် စိုက်ထူမည်ဖြစ်ကြောင်း၊ အမြင့် ၁၃ ပေခွဲ၊ ကြေးတန်ချိန် တတန်ခွဲ ခန့်ရှိကြောင်း၊ ကြေးရုပ် တုမှာ မတ်တတ်ရပ်ပုံစံဖြစ်ကာ ပထမအင်းဝခေတ် ဝတ်စားဆင်ယင်မှုနှင့် လက်တစ်ဖက်တွင် ဓားကို ကိုင်ဆွဲ၍ ကျန် လက်တဖက်မှာ လှံတံကို ကိုင်မြှောက် ထားသည့်ပုံစံဖြစ်ပြီး ကျပ်သိန်း ၄၀၀ ကျော် ကုန်ကျခဲ့ကြောင်း သိရသည်။
“လောလောဆယ် မစနိုင်သေးဘူး၊ သီတဂူဆရာတော်ကြီးရဲ့မွေးနေ့ရှိနေလို့ တပေါင်းလပြည့်ကျော်ပြီး မှပဲ စဖြစ်ပါမယ်၊ အုတ်ခုံကတော့ အဝိုင်းပတ် ပုံစံပါပဲ၊ တိုင်းဒေသကြီး အစိုးရရဲ့ ခွင့်ပြုချက်တော့ ရထားပါပြီး၊ ရှေးဟောင်းနယ်မြေမှာ ထားမှာ ဖြစ်လို့ ရှေးဟောင်းနယ်မြေရဲ့ပုံရိပ်ကို အထူးဂရုစိုက် လုပ်ဆောင်သွားမှာပါ”ဟု ရှေးဟောင်းပညာရှင် တမ္ပဝတီ ဦးဝင်းမောင် က ပြောသည်။
ကြေးရုပ်တင်မည့် အောက်ခံအုတ်ခုံမှာ အမြင့် ၈ ပေခန့်၊ အဝိုင်းပတ်ရင်ပြင် ပေ ၁၆ပေခန့် ရှိမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းကို တပေါင်းလပြည့်ကျော်မှ စတင်နိုင် မည်ဟု သိရသည်။
“အောက်ခံအုတ်ခုံဒီဇိုင်းကို ဆရာဦးဝင်းမောင်ကနေ ထုတ်ထားတာပါ၊ ဘယ်အချိန်လုပ်ငန်းစရမလဲ ဆိုတာတော့ မသိရသေး ပါဘူး၊ ဆရာတော်ကြီးရဲ့မွေးနေ့ကလည်း ရှိနေသေးတော့ လုပ်ငန်းစရမယ့် အချိန်ကို ဆရာတော်ကြီး မိန့်မှပဲ စနိုင်မှာပါ၊ ကြေးရုပ်ကတော့ အားလုံးပြီး သွားပါပြီ”ဟု အောက်ခံ အုတ်ခုံ ပြုလုပ်မည့် မြန်မာမှုပညာရှင် ကိုအောင်အောင်က ပြော သည်။
အဆိုပါကြေးရုပ်တုထားရှိရန် နေရာနှင့် အောက်ခံအုတ်ခုံကို မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့က ဖေဖော်ဝါရီ ၁၃ရက်နေ့က ခွင့်ပြု ပေးထား ပြီဖြစ် ကြောင်း သိရသည်။
အင်းဝမြို့တည်နည်းတည် သတိုးမင်းဖျားကြေးရုပ်တုကို သီတဂူဆရာတော်ကြီး၏ မိန့်ကြားချက်နှင့် အညီ တမ္ပဝတီဦးဝင်း မောင် ဦးဆောင်ပြီး သီတဂူပြည့်ဝအဖွဲ့မှ ၂၀၁၇ခုနှစ် ဇူလိုင်မှ စတင် တာဝန်ယူ သွန်းလုပ်ခဲ့ရာ ၂၀၁၈ ခုနှစ် ဇွန်လကတည်း က ပြီးစီးခဲ့ကြောင်း သိရသည်။
“အင်းဝရွှေမြို့တော်ကို တည်ထောင်တဲ့ သတိုးမင်းဖျား မင်းတရားကြီး ရုပ်တုကို လုပ်မယ်ဆိုတော့ ဘယ်လိုပုံစံလုပ်မယ်ဆို တာက စပြီး ညှိနှိုင်းမှုဆွေးနွေးမှုတွေ လုပ်ပြီးမှ အခုလိုပုံစံကို လုပ်ခဲ့တာ ပေါ့ နော်၊ အဝတ်အစားပုံစံကို ပုဂံမြို့ဟောင်းနဲ့ စစ်ကိုင်းမြို့မှာရှိတဲ့ နံရံဆေးရေးပန်းချီတွေကနေ လေ့လာ ပြီးတော့မှ အင်းဝခေတ် ဝတ်စားဆင်ယင်မှုပုံစံကို ယူခဲ့တာပါ”ဟု တမ္ပဝတီဦးဝင်းမောင်က ဆက်လက်ပြောသည်။
“ထုတ်ခွန်သ အင်းဝတည်”ဆိုသော ရာဇဝင်အမှတ်အသားအရ အင်းဝမင်းဆက်ကို စတင်တည်ထောင် သူ တကောင်းမင်း ဆက် သတိုးမင်းဖျားသည် မြန်မာသက္ကရာဇ် ၇၂၆ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက်၊ အင်္ဂါနေ့ (အေဒီ-၁၃၆၄)တွင် ပင်းယနှင့် စစ်ကိုင်းတို့ကို ဖျက်သိမ်း၍ အဝ(အင်းဝ) နေပြည်တော်ကို စတင်တည်ဆောက်ခဲ့ပြီး ကျောက်မျက်ရတနာတို့၏ မြို့တော် အဖြစ် တင်စားကာ ရတနာပူရ အင်းဝရွှေမြို့တော်ဟူ၍ ခေါ်ဝေါ်သမုတ်ခဲ့ကြောင်း သိရသည်။
“အင်းဝမြို့တည်နန်းတည် မင်းတပါးရဲ့ရုပ်တုကို ထားရှိတာကို ကြိုဆိုပါတယ်၊ အခြားမြို့ရွာတွေမှာ ဆိုရင်လည်း မြို့တည် နန်းတည်မင်း တွေရဲ့ ရုပ်တုကို ထားနေ ကြတာပဲလေ၊ အခုလို ထားပေးတော့ အထိမ်းအမှတ်တခု အနေနဲ့ ဖြစ်သလို အင်းဝကို လာတဲ့ ဧည့်သည်တွေ အနေနဲ့လည်း ကြည့်ရှုလို့ ရနိုင်တာပေါ့၊ ရှေးဟောင်းနယ်မြေမှာ ထားရှိတာကတော့ သူနဲ့ သက်ဆိုင်တဲ့ နေရာ၊ အမှန်တကယ် ရှိသင့်ရှိထိုင်နေရာမှန်မှာ ထားတယ်လို့ပဲ မြင်ပါတယ်”ဟု အင်းဝမြို့ဟောင်း၊ ဈေးချိုရပ်ကွက်မှ ဒေသခံ ဦးသက်နိုင်က ပြောသည်။
အင်းဝမြို့သည် ဧရာဝတီမြစ်နှင့် မြစ်ငယ်မြစ် (ဒုဋ္ဌဝတီမြစ်)တို့ ဆုံရာအရပ်တွင် တည်ရှိပြီး တံတားဦး မြို့နှင့် ၃မိုင်ခန့်၊ မန္တလေး မြို့နှင့် ၁၁ မိုင်ခန့်ဝေးကာ မြန်မာ့သမိုင်း၌ ထင်ရှားကျော်ကြားခဲ့သည့် မြို့တစ်မြို့ဖြစ်ကာ မင်းဆက် ၃ ဆက်က ၄ ကြိမ်တိုင် ထီးနန်းစိုက်ခဲ့သောမြို့ ဖြစ်သည်။