ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့ရှိ ပျက်စီးယို့ယွင်းပြီး အန္တရာယ်ရှိသည့် တံတား တစင်းပေါ် သစ်တင်ကား ဖြတ်သန်းရာ တံတားကျိုး၍ ကားတိမ်းမှောက်မှာရာ ၆ဦးသေဆုံးသည့် ဖြစ်စဉ်တခု ယမန်နေ့ နံနက်က ဖြစ်ပွားခဲ့သည်။
ထူးကြီး – ရွှေကျင် – သပြေကုန်း လမ်းရှိ မမြဖောက်ချောင်း သစ်သားတံတားမှာ ပျက်စီးယိုယွင်းနေ သည့် အတွက် ကားနှင့် ဆိုင်ကယ်များ ဖြတ်သန်းခြင်း မပြုဘဲ လမ်းလွဲှမှမောင်းနှင်ရန် တားမြစ်ထား သော်လည်း ယာဉ်မောင်း တင်မောင်ဆွေ မောင်းနှင်သည့် သစ်တင် ၆ ဘီးယာဉ်မှာ နံနက်ခင်း ၁ နာရီ ၃၀ မိနစ်ခန့်အချိန်တွင် ဖြတ်သန်းမောင်းနှင်စဉ် တံတားကျိုး ကျ၍ ကားပေါ် တင်လာသည့်သစ်များ ပိကာ လူ ၆ ဦး ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။
“တံတားက ဖြတ်သန်းဖို့ မသင့်တဲ့ အန္တရာယ်ရှိ သစ်သားတံတားပါ။ အန္တရာယ်ရှိလို့ လမ်းလွဲက မောင်း နှင်ဖို့ သတိပေး ဆိုင်း ဘုတ် ကပ်ထားပါတယ်။ အဲဒါကို လမ်းလွဲှက မမောင်းဘဲ တံတားပေါ်က ဖြတ်မောင်းတဲ့ အချိန် ကျိုးကျတဲ့ အတွက် ကား မှောက်ပြီး ကားပေါ် ပါလာတဲ့ သစ်တွေပိလို့ လူ ၆ ယောက် သေဆုံးပါတယ်”ဟု ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ပြောခွင့်ရ ဒုတိယရဲမှူးကြီး ထွန်းရွှေက ဧရာဝတီကို ပြောသည်။
တံတားကျိုးကျစဉ် အပြင်သို့ ထွက်လာနိုင်သည့် ဒဏ်ရာရရှိသူ ၃ ဦးကို ဟင်္သာတ ပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်ထားပြီး သစ်များပိ၍ သေဆုံးသူ ၆ ဦး၏ ရုပ်အလောင်းများကို မြေတူးစက်ဖြင့် သစ်များ ကိုဖယ်၍ ခက်ခဲစွာထုတ်ယူခဲ့ကြောင်း၊ ကားမှောက်အပြီး ၉ နာရီခန့်ကြာမှ ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။

သေဆုံးသူ ၆ ဦးမှာ ကိုစည်သူအောင် (၂၀ နှစ်)၊ ကိုအောင်ကိုဝင်း (၃၀ နှစ်)၊ ကိုအေးမင်းစိုး(၂၉ နှစ်)၊ ကိုထက်ဝေအောင် (၁၈ နှစ်)၊ ကိုချစ်ဆန်းအောင် (၂၀ နှစ်)နှင့် ဦးဆန်းဦး (၄၈ နှစ်) တို့ဖြစ်ပြီး ၎င်းတို့၏အလောင်းများကို လူမှုကူညီရေး အသင်းကားများဖြင့် ထူးကြီးဆေးရုံသို့ ယမန်နေ့က ပို့ဆောင်၍ စစ်ဆေးခဲ့ကြောင်း သိရသည်။
“တံတားရဲ့ ဟိုဘက်ထိပ်၊ ဒီဘက်ထိပ်မှာ ကားဖြတ်မမောင်းပါနဲ့ အန္တရာယ်ရှိတယ်လို့ ဆိုင်းဘုတ်ထိုး ထားတာကို ဖြတ်မောင်းတာပါ။ ကားက တံတားအလယ် ရောက်တော့ တံတားက မခံနိုင်တော့ဘဲ သံဘောင်တွေ ကွေးပြီးကျိုးကျတော့ ကားကအောက်ကို ပြုတ်ကျတာ။ အဲတော့ သစ်လုံးတွေပေါ် ထိုင် လိုက်လာတဲ့ လူ ၇ ဦးမှာ ၆ ဦးက ပွဲချင်းပြီး သေတယ်။ အဓိကတော့ ယာဉ်မောင်းပေါ့။ သေတဲ့လူထဲ ယာဉ်မောင်းမပါဘူး။ သူက မဆင်မခြင်ပဲ အန္တရာယ်ရှိတံတားပေါ် ဖြတ်မောင်း လို့ အခုလို ဖြစ်ရ တာပါ”ဟု ညောင်ပင်ကြီးကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဌေးအောင်က ပြောသည်။
လူ ၆ ဦးသေဆုံးစေသည်အထိ မဆင်မခြင် ယာဉ်မောင်းနှင်ခဲ့သူ တင်မောင်ဆွေ (အသက် ၃၀ နှစ်) အား အင်္ဂပူမြို့နယ်၊ ထူးကြီးနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄ (က) ဖြင့် ဖမ်းဆီးကာ အမှုဖွင့်စစ်ဆေး မှုများ ပြုလုပ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ရီလ ၁၀ ရက်နေ့ကလည်း ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့တွင် ဝါးအလုံး ၂၅၀၀ တင်လာသော ၆ ဘီးကားမှာ ရေမြောင်း အတွင်းထိုးကျခဲ့ရာ ကားပေါ်ပါလာသူလူ ၇ ဦးမှာ ဝါးလုံးများပိပြီး အခင်းဖြစ်နေရာမှာပင် ပွဲချင်းပြီး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။