၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို နိုင်ငံတော်သမ္မတမှ တိုက်ရိုက် ခန့်အပ်ခွင့် ရှိသည် ပုဒ်မ ၂၆၁ ကို ပြင်ဆင်လိုပါက တပ်မတော်အနေဖြင့် သဘောတူနိုင်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့သည် ရန်ကုန်တိုင်းစစ်ဌာနချုပ် ရတနာသီရိ ဂေါက်ကလပ် ခန်းမတွင် ၂၀၁၉ ခုနှစ်၊ဖေဖော်ဝါရီလ ၂၃ ရက်က သတင်းစာ ရှင်းလင်းပွဲလုပ်စဉ် အထက်ပါအတိုင်း ပြောလိုက်ခြင်း ဖြစ် သည်။
တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဝန်ကြီး ချုပ် ခန့်အပ်တာနဲ့ ပတ်သက်ပြီး ပြည်နယ် လွှတ်တော်ကနေ ရွေးကောက်မှု လုပ်နိုင်ရင်ကောင်းတယ် လို့ ပြောခဲ့ပြီးပြီ ဒါကြောင့်မလို့ သဘောတူဖို့ရှိပါတယ်”ဟု ပြောသည်။
ပုဒ်မ ၂၆၁ အရ နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် မိမိ နှစ်သက်သူကို ခန့်အပ်ခွင့်ရှိ သည့် ပြဋ္ဌာန်းချက် ဖြစ်သည်။
ထို့ကြောင့် တိုင်းရင်းသား နိုင်ငံရေး ပါတီအများစုက ယင်းဥပဒေမှာ ဖက်ဒရယ်စနစ်ဖြင့် ဆန့်ကျင်နေ ခြင်းကြောင့် တိုင်း ဒေသကြီး နှင့် ပြည်နယ် အတွင်း အများစု အနိုင်ရသည့် ပါတီမှ လွှတ်တော် ကိုယ်စားလှယ်ကို ခန့်အပ်ခွင့်ရှိသည့် အခြေ အနေအဖြစ် ပြင်ဆင်လိုနေကြသည်။
မွန်ညီညွတ်ရေးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁)နိုင်လယီတမက“ပုဒ်မ၂၆၁အရ ပြည်နယ် ဝန်ကြီး ချုပ် ကို နိင်ငံ တော်သမ္မတက ရွေးချယ်တာဟာ တပြည်ထောင်စနစ် ဖြစ်သွားတယ်။ ဒါကြောင့် ပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာပဲ ရေးဆွဲ ပြဋ္ဌာန်းရမယ်။ ဒီပုဒ်မ ၂၆၁ ပြင်တာကို ကြိုဆိုပေမဲ့ အခြား ဖက်ဒရယ်စနစ်နဲ့ မကိုက်ညီတဲ့ ဒီမိုကရေစီ စံချိန်စံညွန်း နဲ့မကိုက်ညီတဲ့ ပုဒ်မတွေ လည်း အများကြီး ပြင်ဖို့လိုတယ်။ ၂၆၁ တခုတည်း ပြင်တာ နဲ့မပြီးပါဘူး။ပုဒ်မ၂၆၁ က ဖက်ဒရယ် စနစ်အရ ပြောရရင် ပြည်ထောင်စု အခြေခံ ဥပဒေမှာ ထည့်သွင်း ရေးဆွဲဖို့မလိုဘူး။ သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်ကပဲ ရေးဆွဲပြဌားန်းခွင့်ရှိတယ်”ဟု ပြောသည်။
တပ်မတော်အနေဖြင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) အစိုးရလက်ထက်က ပုဒ်မ ၂၆၁ ပြင်ဆင် ရေး သဘောတူသည်ဟု မထုတ်ဖော်ခဲ့ဘဲ ယခုမှ ပြောလာခြင်းက နိုင်ငံရေးကစားကွက် ဖြစ်လာမည်ကို လည်း သတိထား ရန် လိုအပ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် (SNLD)မှ တွဲဖက်အတွင်းရေး မှူး (၁) စိုင်းလိတ်က ပြော သည်။
“ အခုမှ ထလုပ်တယ် ဆိုတာ နိုင်ငံရေး လိုအပ်ချက် ဒါမှမဟုတ် နိုင်ငံရေးကစားကွက်ပေါ့ ရှင်းရှင်း ပြောရရင် ပြည် ခိုင်ဖြိုး လက်ထက်တုန်းကလည်း ပြည်ခိုင်ဖြိုးက မလုပ်ခဲ့ဘူး။ အခွင့်အရေး ရရဲ့သားနဲ့ မလုပ်ခဲ့ဘူး၊ NLD အလှည့်ကျတော့ လည်း ဒီလိုပဲ ဒါပေမယ့် အခု တိုင်းရင်းသားတွေရဲ့အသံတွေ တော်တော်များများ ကျယ်ပြန့်လာတဲ့ အခါ မလုပ်မဖြစ် အနေအထားဆိုတော့ လုပ်ကြတယ်လို့ မြင် တယ်။ တိုင်းရင်းသားတွေအပေါ်မှာ ရိုးသား ပွင့်လင်းစွာ စာနာစိတ် ရှိစွာ လုပ်တယ် ဆိုရင်တော့ ကြိုဆိုရမှာပေါ့ဗျာ၊ တခြားနည်းလမ်းတခု ပယောဂတခုခု ဆိုလို့ရှိရင် လည်း တိုင်းရင်းသားတွေ အတွက်က စိတ်မကောင်းစရာဖြစ်ရမှာပေါ့ ”ဟု ၎င်းက ပြောသည်။
တိုင်းရင်းသား နိုင်ငံရေး ပါတီအများစုက ပုဒ်မ ၂၆၁ အရ နိုင်ငံတော်သမ္မတမှ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ ကို တိုက်ရိုက်ခန့်အပ်ခွင့် ရှိသည်ကို ပြင်လိုကြသော်လည်း တချို့ တိုင်းရင်းသား ပါတီကြီးကမူ တပ်မတော်နှင့်နီးစပ်သော ပါတီတခုက အနိုင်ရလျှင် အခက်အခဲ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် သတိထားမှုများ လည်း ရှိလာခဲ့ပြန်သည်။
ရှမ်းပြည်နယ်အတွင်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးက “ ကျနော်တို့ ရှမ်းပြည်နယ်မှာ SNLD နဲ့ NLD ပေါင်းရင် တောင် တပ်နဲ့ ပြည်ခိုင်ဖြိုးကို မနိုင်ဘူးလေ၊ ဒါကို အကျေအလည် ဆွေးနွေးရမယ်၊ ရခိုင်လိုဆိုရင် တော့ ဟုတ်တာပေါ့”ဟု ပြောသည်။
အဆိုပါ ပုဒ်မ ၂၆၁ ကို ပြင်မည်ဆိုလျှင် ပြည်နယ်ဝန်ကြီးချုပ်အား ကိုယ့်ပြည်နယ်သားထဲက တယောက်ယောက် ဖြစ်ရမည် ဆိုခြင်းက မလုံလောက်ကြောင်း၊ ဖြစ်သင့်သည်မှာ တိုင်းရင်းသားများ ကို ဥပဒေပြုခွင့်၊ တရားစီရင်ခွင့်၊ အုပ်ချုပ်ခွင့်ပါ ပေးအပ်ရန်လိုအပ်ကြောင်း၊ ဖက်ဒရယ် သွားမည်ဆို လျှင် ဗဟိုနှင့် ပြည်နယ်အစိုးရကြားက လုပ်ပိုင် ခွင့်ကို တိတိကျကျ သတ်မှတ် ပိုင်းခြား ထားရန် လိုအပ်ကြောင်း SNLD ပါတီမှ တွဲဖက်အတွင်းရေးမှူး(၁) စိုင်းလိတ်က အကြုံပြု ပြောဆိုသည်။